တိုက်ပွဲများ ထပ်မံမဖြစ်ပွားမှုမရှိစေရန်နှင့် ဘေးကင်းလုံခြုံစွာနေထိုင်နိုင်ရေး အစိုးရသစ်အနေဖြင့် လုပ်ဆောင်ပေးရန် နေရပ်ပြန်မည့် ကချင်စစ်ဘေးရှောင်များပြော

တိုက်ပွဲများ ထပ်မံမဖြစ်ပွားမှုမရှိစေရန်နှင့် ဘေးကင်းလုံခြုံစွာနေထိုင်နိုင်ရေး အစိုးရသစ်အနေဖြင့် လုပ်ဆောင်ပေးရန် နေရပ်ပြန်မည့် ကချင်စစ်ဘေးရှောင်များပြော

တိုက်ပွဲများ ထပ်မံမဖြစ်ပွားမှုမရှိစေရန်နှင့် ဘေးကင်းလုံခြုံစွာနေထိုင်နိုင်ရေး အစိုးရသစ်နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက ငြိမ်းချမ်းရးရရှိအောင် လုပ်ဆောင်ပေးရန် စစ်ရှောင်စခန်းများမှ နေရပ်သို့ ပြန်လည်နေထိုင်မည့် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ ဒဘတ်ယာန်ကျေးရွာမှ ဒေသခံများက တောင်းဆိုလိုက်သည်။

တိုက်ပွဲများကြောင့် အသက် ၁၁ အရွယ်တွင် စစ်ဘေးရှောင်ခဲ့ရသည့် ဒဘတ်ယာန်ကျေးရွာမှ လူငယ် မရော်နန်က “စစ်တွေဘာတွေ အဲလိုမျိုး ကြောက်စရာမလိုအောင်ပေါ့နော်။ လူငယ်တွေကို ဘေးကင်းလုံခြုံအောင် နေထိုင်အောင် အဲလိုမျိုး တောင်းဆိုချင်တယ်” ဟုပြောသည်။

နေရပ်တွင် ဘေးကင်းလုံခြုံစွာ ပြန်လည်နေထိုင်နိုင်ရန်အတွက် ဦးဂမ်မိုင်လကလည်း “ကျွန်တော်တို့ ဒီကို စစ်ရှောင်တွေ ပြန်လာနေရတဲ့အချိန်မှာ နှစ်ဖက်အဖွဲ့အစည်းတွေကို ငြိမ်းချမ်းစေချင်တယ်” ဟု ပြောသည်။

ကျေးရွာသို့ ပြန်လည်နေထိုင်သည့်အချိန်တွင် တိုက်ပွဲပြန်လည်ဖြစ်ပွားလာပါက ထပ်မံထွက်ပြေးတိမ်းရှောင်ရမည်ကို စိုးရိမ်ကြောင်းနှင့် အဖက်ဖက်မှ ခက်ခဲမှုကို ဖြစ်ပေါ်လာနိုင်သည့်အတွက် ငြိမ်းချမ်းရေးရအောင် လုပ်ဆောင်ပေးရန် အစိုးရသစ်နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများကို တောင်းဆိုရခြင်းဖြစ်သည်ဟု ဆိုသည်။

ဒဘတ်ယာန်ဒေသခံများအနေဖြင့် ၎င်းတို့၏ မွေးရပ်မြေ မူလနေရပ်ရင်းသို့ ပြန်လည်နေထိုင်ရမည့်အပေါ် ပျော်ရွှင်နေသော်လည်း ကျေးရွာအတွင်း နေထိုင်ရင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားမည်ကို စိုးရိမ်သည်ဟုဆိုသည်။

တိုက်ပွဲ ပြန်လည်ဖြစ်ပွားမည်ကို စိုးရိမ်သည့်အပြင် ဒေသတွင်းရှိ သက်ဆိုင်ရာအဖွဲ့အစည်းများ၏ အန္တရာယ်များကိုလည်း စိုးရိမ်မှုရှိကြောင်း ဒေသခံ မတောင်နောက ပြောသည်။

မတောင်နောက “လူငယ်တစ်ယောက်အနေနဲ့တောင်းဆိုချင်တာကတော့ ကျွန်မတို့ ဒီရွာမှာ လာနေရင် အဖက်ဖက်ကပေါ့ ဒုက္ခမပေးပဲနဲ့ လာနေရမယ်ဆိုရင်တော့ ကျွန်မတို့က ဝမ်းသာမိမှာပါ” ဟုပြောသည်။

၎င်းက “တိုက်ပွဲတွေ ဖြစ်မှာကိုလည်း စိုတော့စိုးရိမ်တယ်။ ဒါပေမယ့် အခုကတော့ ကိုယ်တို့ရွာမှာ လာနေနေ တယ် ဆိုတော့ စစ်တပ်တွေက ဘာလုပ်လာမလဲ။ ဘယ်လူကြီးတွေက ဘာလုပ်လာမလဲ ဆိုတာကိုတော့ စိတ်ထဲမှာကြောက်ကြမှုတော့ ရှိပါတယ်” ဟုပြောသည်။

လူငယ်အမှုတော်ဆောင် ဆရာလရှီဆမ်အောင်ကလည်း “ကျွန်တော်တို့ လူငယ်တွေလည်း စိုးရိမ်တာတော့ ရှိပါတယ်။ကျွန်တော်တို့က ဒီရွာဆိုတော့ အစိုးရတွေလည်း ရှိတယ်လေ။ အစိုးရတွေ ရှိတဲ့အချိန်ကျတော့ တစ်ချို့လူငယ်တွေက စိုးရိမ်တာပေါ့ ဘယ်အချိန်မှာ လာခေါ် သွားမလဲပေါ့။ ကျနော်တို့ လူငယ်တွေကို ဥက္ကဋ္ဌတွေ အတွင်းရေးမှူး ပြောထားတာတော့မလိုဘူး အဲလိုမျိုး မရှိဘူးပေါ့။ ဒါပေမယ့် နောက်နှစ်ပြန်လာ မယ့်နှစ်ပေါ့ အဲဒီအချိန်မှာတော့ ဘယ်လိုဖြစ်လာမလဲ” ဟုပြောသည်။

ဒဘတ်ယာန်ကျေးရွာသာမက ကချင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများမှ စစ်ဘေးရှောင်များ နေရပ်ရင်းသို့ ပြန်လည်နေထိုင်နိုင်ရန်အတွက် အစိုးရ၊ တပ်မတော်၊ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် ကချင်ဒေသ စစ်ဘေးရှောင်များအား ကူညီစောင့်ရှောက်ရေးကော်မတီ KHCC တို့က ညှိနှိုင်းလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၂ ရက်က ဒေသအသီးသီးသို့ ရောက်ရှိနေသည့် ဒဘတ်ယာန်ကျေးရွာမှ စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေးအတွက် သက်ဆိုင်ရာအာဏာပိုင်များက အိမ်ထောင်စုစာရင်းကောက်ယူခြင်း၊ မြေနေရာစီစစ်ခြင်းများ လုပ်ဆောင်ထားသကဲ့သို့ တပ်မတောကလည်း အဆိုပါကျေးရွာအား မိုင်းရှင်းလင်းရေးလုပ်ငန်းများကို လုပ်ဆောင်ပေးထားသည်ဟု သိရသည်။

ထို့ပြင် ဆောက်လုပ်ရေးလုပ်ငန်းများကို နိုဝင်ဘာ ၂၅ ရက်မှစတင်ကာ လုပ်ဆောင်လျက်ရှိပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ပြီးစီးပါက မတ်လအတွင်း စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်မည်ဟု ကချင်ဒေသ စစ်ဘေးရှောင်ပြည်သူများအား ကူညီစောင့်ရှောက်ရေးကော်မတီ KHCC က ပြောသည်။

ဒဘတ်ယာန်ကျေးရွာသည် ဝိုင်းမော်မြို့နယ်ရှိ မြစ်ကြီးနား-ဗန်းမော် လမ်းမကြီးပေါ်တွင်တည်ရှိသည့် ကျေးရွာဖြစ်ပြီး အဆိုပါဒေသမှ ဒေသခံများမှာ တိုက်ပွဲများကြောင့် ဝိုင်းမော်နှင့် မြစ်ကြီးနားရှိ စစ်ဘေးရှောင်စခန်းများတွင် နေထိုင်နေရသည်မှာ ဆယ်နှစ်နီးပါးခန့်ရှိလာပြီဖြစ်သည်။

ထို့ပြင် နေရပ်ကိုပြန်မည့် စစ်ဘေးရှောင်များအတွက် နေထိုင်စားသောက်ရေးအပြင် ပညာရေး၊ ကျန်းမာရေးတို့ကိုလည်း သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများဖက်မှ ကူညီလုပ်ဆောင်ပေးရန်လိုသည်ဟု စစ်ဘေးရှောင်များက ပြောသည်။

ကချင်ပြည်နယ်တွင် ၂၀၁၁ ခုနှစ်မှစ၍ တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ တစ်ကျော့ပြန် ပြန်လည်ဖြစ်ပွားလာခဲ့သည့် တိုက်ပွဲများကြောင့် မြို့နယ်အသီးသီးမှ ပြည်သူများမှာ နီးစပ်ရာဒေသများသို့ ထွက်ပြေးတိမ်းရှောင်ကာ စစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင်များအဖြစ် နေထိုင်နေရသည်မှာ ယနေ့အချိန်အထိဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...