အစိုးရကျောင်းများတွင် တန်းတူပညာသင်ကြားခွင့်ရရှိရန် ဆောင်ရွက်ပေးစေလိုဟု ကမန်လူငယ်များပြော

အစိုးရကျောင်းများတွင် တန်းတူပညာသင်ကြားခွင့်ရရှိရန် ဆောင်ရွက်ပေးစေလိုဟု ကမန်လူငယ်များပြော
by -
ကောင်းကျော်နိုင်

အစိုးရကျောင်းများတွင် တန်းတူပညာသင်ကြားခွင့်ရရှိရန် ရွေးကောက်ပွဲအနိုင်ရ အစိုးရအနေဖြင့် ဆောင်ရွက်ပေးလိုကြောင်း ကမန်လူငယ်များက ပြောသည်။

အဆိုပါ ကမန်တိုင်းရင်းသားများသည် ယခင်က မြို့ပေါ်ရှိ အစိုးရကျောင်းများတွင် ပညာသင်ယူခွင့်ရရှိခဲ့သော်လည်း ၂၀၁၂ ခုနှစ် ရခိုင်အရေးအခင်းဖြစ်ပြီးနောက်ပိုင်း ၎င်းတို့၏ ကျေးရွာများအတွင်း၌သာ ပညာသင်ယူခွင့်ရရှိတော့ကြောင်း သိရသည်။

“အခုတတ်လာမယ့် အစိုးသစ်အနေနဲ့ ကျွန်မတို့ ကမန်လူမျိုးတွေအတွက် ပညာရေးကဏ္ဍအနေနဲ့ တန်တူခံစားခွင့်ရချင်ပါတယ်။ အစိုးရကျောင်းတွေမှာ တက်ရောက်သင်ကြားခွင့် ရချင်ပါတယ်။ မြို့ပေါ်ကိုတက်ပြီး သင်ယူခွင့်ရချင်တာပေါ့နော်။ လူမျိုးရေးခွဲခြားဆက်ဆံခံရတာမျိုးကို မလိုချင်ဘူး” ဟု ရခိုင်ပြည်နယ် စစ်တွေမြို့နယ် သင်္ဂနက်ကျေးရွာမှ ကမန်အမျိုးသမီးတစ်ဦးဖြစ်သူ မအေးမြစန္ဒာက ပြောသည်။

ယခုအခါ ရခိုင်ပြည်နယ်ရှိ ကမန်လူမျိုးများသည် ပညာရေး၊ ကျန်းမာရေးကဏ္ဍများတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရပြီး ပြည်နယ်အစိုးရအနေဖြင့် ဖြေရှင်းပေးရန်လိုအပ်နေကာ လာမည့်အစိုးရလက်ထက်တွင် ကမန်လူမျိုးများအတွက် ပညာရေးနှင့် လူမှုရေးကဏ္ဍများကို ဦးစားပေးဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း ကမန်လူငယ်များက ပြောသည်။

“ကျွန်မတို့တောင်းဆိုချင်တာကတော့ ပညာရေးနှင့် ကျန်းမာရေးကို အဓိကလုပ်ပေးစေချင်ပါတယ်။ ကျန်းမာရေးဆိုရင်လည်း ဒီမှာက ဆေးရုံလည်းမရှိဘူး။ မြို့ထဲကိုသွားပြီး ဆေးကုမယ်ဆိုရင်လည်း သွားရ၊ လာရ အကန့်အသတ်ရှိတယ်။ ဆိုတော့ တော်တော်လေးကို အခက်အခဲဖြစ်နေပါတယ်။ ဒါကို အခုတက်လာမယ့် အစိုးရသစ်လက်ထက်မှာ အတတ်နိုင်ဆုံး ကူညီပေးစေချင်ပါတယ်” ဟု သာယာကုန်းကျေးရွာမှ ကမန်လူမျိုး မစိုးခင်ဦးကပြောသည်။

လက်ရှိတွင် ကမန်လူမျိုးများနေသည့် ကျေးရွာတချို့တွင် နိုင်ငံတော်အစိုးရမှ မူလတန်းကျောင်းများ ဖွင့်လှစ်ပေးထားပြီး စစ်တွေမြို့နယ်၊ သာယာကုန်းကျေးရွာ၌ အထက်တန်းကျောင်းခွဲတစ်ခုကိုလည်း ဖွင့်လှစ်ပေးထားကြောင်း သိရသည်။

အဆိုပါအထက်တန်းကျောင်းခွဲရှိသည့်သာယာကုန်းကျေးရွာသည် ရခိုင်နှင့် ကမန်တိုင်းရင်းသားများ နေထိုင်သည့် ကျေးရွာဖြစ်ပြီး ယင်းကျေးရွာတွင်နေထိုင်ကြသည့် ကမန်နှင့်ရခိုင်တိုင်းရင်းသားများအကြား ပြဿနာတစ်စုံတစ် ရာမရှိသော်လည်း ကျန်းမာရေးကဏ္ဍဖြင့် မြို့တွင်း၊ မြို့ပြင်သို့ သွားလာခွင့် အများနှင့်တန်းတူမရရှိကြောင်း ကမန်လူငယ်များက ပြောသည်။

ကမန်တိုင်းရင်းသားသည် မြန်မာနိုင်ငံတွင် အစ္စလာမ်ကိုးကွယ်သည့် တစ်ခုတည်းသော လူမျိုးစုဖြစ်ပြီး တရားဝင် အသိအမှတ်ပြုထားသည့် တိုင်းရင်းသား ၁၃၅ မျိုးတွင် ပါဝင်သော်လည်း ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၅ ရက်ကကျရောက်သော ၄၆ နှစ်မြောက် ရခိုင်ပြည်နယ်နေ့သို့ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သဝဏ်လွှာပေးပို့ရာတွင်လည်း ရခိုင်ပြည်နယ်အတွင်းနေထိုင်ကြသည့် ရခိုင်တိုင်းရင်းသား မျိုးနွယ်များကိုဖော်ပြရာ၌ ရခိုင်၊ သက်၊ ဒိုင်းနက်၊ မြို၊ ခမီနှင့် မရမာကြီးဟူသော တိုင်းရင်းသားများကိုသာ ဖော်ပြခဲ့ပြီး ကမန်လူမျိုးကို ဖော်ပြခဲ့ခြင်းမရှိသည်ကို တွေ့ရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...