တအောင်း (ပလောင်) အမျိုးသားပါတီ (TNP) မှ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို ပြိုင်ဘက်ပါတီတစ်ခုဖြစ်သည့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ ကိုယ်စားလှယ်လောင်းက ကန့်ကွက်လွှာတင်သွင်းခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် ၅ နေရာတွင် TNPမှ ဦးအိုက်မွန်းက SNLD၊ USDP နှင့် NLD စသည့် ပါတီကြီးများကို ကျော်ဖြတ်၍ အနိုင်ရရှိခဲ့သော်လည်း ဦးအိုက်မွန်းအနေဖြင့် ရွေးကောက်ပွဲတွင် တရားမဲ့ပြုကျင့်မှုများရှိခဲ့သည်ဟုဆိုကာ ပြိုင်ဘက်ပါတီတစ်ခုဖြစ်သည့် SNLD မှ ကိုယ်စားလှယ်လောင်း ဦးမော်ထွန်းအောင်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်လွှာတင်သွင်းခဲ့ ကြောင်း သိရသည်။
“ကန့်ကွက်လွှာတင်တယ်ဆိုတာက ဥပဒေပါအခွင့် အရေး အတိုင်းပဲ။ အဓိက ကန့်ကွက်တာက ရွေးကောက်ပွဲ တရားမဲ့ ပြုကျင့်မှုပေါ့။ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၅) မှာ ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှု ဖြစ်ခဲ့တယ်လို့ သက်သေတွေ အထောက်အထားတွေ ကျွန်တော်တို့ အခိုင်အမာ ရထားတယ်။ အဲ့ဒီအတွက်ကြောင့် မို့လို့ ကျွန်တော်တို့ တင်ဖို့ဆုံးဖြတ်လိုက်တာပါ” ဟု SNLD မှ ကိုယ်စားလှယ်လောင်း ဦးမော်ထွန်းအောင်ကပြောသည်။
ထိုသို့ တရာမဲ့ပြုကျင့်မှုအပြင် ရွေးကောက်ပွဲကျင်းပသည့် နိုဝင်ဘာ ၈ ရက်နေ့တစ်ရက်တည်းမှာပင် နမ့်ခမ်းမြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်တို့ရှိ မဲရုံတချို့တွင် မဲမသာမှုရှစ်မှုဖြစ်ပွားခဲ့ပြီး ထိုအမှုများသည် ရဲအရေးပိုင် အမှုများဖြစ်သည့်အတွက် သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ၎င်းက ဆက်လက်ပြောသည်။
“ရွေးကောက်ပွဲနေ့မှာ ဖြစ်ပွားခဲ့တဲ့ အမှုကိစ္စတွေနဲ့ပတ်သက်ပြီး ရထားတဲ့ သတင်းအချက်အလက်တွေ ဒေတာ အချက်အလက်တွေကို သုံးသပ်ကြည့်တဲ့အခါမှာ ဥပမာအားဖြင့် ပုံစံ ၁ စာရင်းကို ကျော်လွန်ပြီး မဲပေးထားတာတွေရှိတယ်။ ၁၀၀ ရာခိုင်နှုန်းကျော် မဲပေးထားတာမျိုးတွေရှိတယ်။ မဲပေးထားတဲ့ ရာခိုင်နှုန်းတွေက အရမ်းမြင့်တယ်။ အဲဒီမြင့်နေအပိုင်းမှာ မဲမသမာမှုတွေဖြစ်ခဲ့တဲ့ အထောက်အထားတွေကိုလဲ ရထားပြီးပြီ” ဟု ဦးမော်ထွန်းအောင်ကပြောသည်။
ထိုအခြေအနေများကြောင့် ပြည်သူများအနေဖြင့် မဲပေးခြင်းဆိုင်ရာ အသိပညာ၊ အသိအမြင်များအားနည်းပြီး အထူးသဖြင့် ဝေးလံခေါင်ဖျားသော ဒေသများတွင် ရွေးကောက်ပွဲဥပဒေနှင့်ပတ်သက်၍ သိရှိလိုက်နာမှုအားနည်းသွားကာ မြေပြင်တွင် ဘက်လိုက်မှုများစွာ တွေ့မြင်ခဲ့ရကြောင်း ၎င်းကသုံးသပ်ပြောကြားသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်၅၌ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း တစ်ဦးအပါအဝင် တအောင်း(ပလောင်) အမျိုးသားပါတီ (TNP)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုရေစီအဖွဲ့ချုပ်နှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီတို့မှ ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး တအောင်း (ပလောင်) အမျိုးသားပါတီက မဲအများဆုံးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။