“အခု ရွေးကောက်ပွဲဝင်တဲ့ပါတီအားလုံးမှာ မျှော်မှန်းထားတာထက်ပိုရတာ NLD တစ်ခုပဲရှိတယ်”

“အခု ရွေးကောက်ပွဲဝင်တဲ့ပါတီအားလုံးမှာ မျှော်မှန်းထားတာထက်ပိုရတာ NLD တစ်ခုပဲရှိတယ်”
by -
ယိင်းတိုင်း (သျှမ်းသံတော်ဆင့်)

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ ဒုတိယဥက္ကဌ ၁ ဦးစိုင်းညွန့်လွင်နှင့်အင်တာဗျူး

တိုင်းရင်းသားပါတီများထဲတွင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် အားကောင်းသောပါတီတစ်ခုဖြစ်ပြီး ယခုနှစ်ရွေးကောက်ပွဲတွင် တနိုင်ငံလုံး၌ မဲဆန္ဒနယ် ၁၁၁၇ နေရာရှိသည့်အနက် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD က နေရာပေါင်း ၄၂ နေရာဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ပြည်ခိုင်ဖြိုးပါတီတို့နောက် နေရာတတိယအများဆုံး အနိုင်ရရှိထားသည့်ပါတီတစ်ခုဖြစ်သည်။

အဆိုပါ ပါတီသည် ပြည်သူ့လွှတ်တော်တွင် ၁၃ ဦး၊ အမျိုးသားလွှတ်တော်တွင် နှစ်ဦး၊ ပြည်နယ်လွှတ်တော်တွင် ၂၇ ဦး အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် SNLD အနေဖြင့် ရွေးကောက်ပွဲကာလအတွေ့အကြုံများ၊ အနာဂတ်ပြည်ထောင်စုအတွက် ရည်မှန်ချက်များ၊ အကြံပြုချက်များနှင့် ဆောင်ရွက်မည့်အခြေအနေများနှင့်ပတ်သက်၍ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ ဒုတိယဥက္ကဌ ၁ ဦးစိုင်းညွန့်လွင်အား ယခုလို မေးမြန်းဖြစ်ခဲ့ပါသည်။

မေး - ပထမဆုံးအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲအပေါ် လွှတ်လပ်ပြီး တရားမျှတမှုရှိတယ်လို့မြင်လား။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး သုံးသပ်ပေးပါဦး။

ဖြေ -  ဘယ်လိုပြောရမလဲ ထင်တယ်လို့လဲပြောလို့မရဘူး။ ထင်ခဲ့တယ်ပေါ့။ အရင်တုန်းကတော့ အခုတော့ တဖြည်းဖြည်းနဲ့ မထင်ဘူး။ တစ်ချို့ ချို့ယွင်းချက်တွေတော့ရှိတယ်။ ဒါပေမဲ့ မဟာဗျူဟာချပြီးတော့ ညစ်ပတ်တာမျိုးတော့ မဟုတ်ဘူးလို့ထင်တယ်။ ၂၀၁၀ ရွေးကောက်ပွဲတုန်းက အဲ့ဒီလိုမျိုးတွေ ရှိခဲ့ဖူးတယ်။ ၂၀၁၅ မှာ မရှိခဲ့ဘူး။ အခု ၂၀၂၀ မှာလည်း မရှိဘူးလို့ထင်တယ်။ တစ်ချို့အားနည်းချက်တွေ ၊ ချို့ယွင်း ချက်တွေ ရှိကောင်းရှိမယ်။ လူပုဂ္ဂိုလ်အရကတော့ ညစ်ပတ်တာတွေ၊ ဥပဒေချိုးဖောက်တာတွေ ရှိကောင်းရှိမယ်။ ဒါပေမဲ့ အားလုံးစီမံချက်ချပြီးလုပ်တယ်လို့တော့ ပြောလို့မရပါဘူး။

မေး - ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ SNLD ပါတီရဲ့ အနိုင်ရခဲ့တဲ့အပိုင်းနဲ့ပတ်သက်ပြီး ကျေးနပ်အားရမှု ဘယ်အတိုင်းအတာအထိရှိလဲ။

ဖြေ - မရှိပါဘူး ကျွန်တော်တို့ ၆၀ လောက်နိုင်မယ်မှန်းထားတယ်။ ဒါပေမဲ့ အခုက နဂိုထက်ကို သုံးဦးလောက်လျော့သွားတယ်။ ဒါပေမဲ့ တစ်ခြားပါတီတွေနဲ့ ယှဉ်လိုက်ရင် အများကြီးသက်သာတယ်။ အခုရွေးကောက်ပွဲဝင်တဲ့ ပါတီအားလုံးမှာ မျှော်မှန်းထားတာထက်ပိုရတာ NLD တစ်ခုပဲရှိတယ်။ ကျန်တာတွေ အားလုံးကလျော့ သွားတာတွေ့ရတယ်။ တစ်ချို့ပါတီတွေဆိုရင် တစ်ယောက်မှမနိုင်တဲ့ အနေအထားမျိုးတွေလည်းရှိတယ်။ ကျွန်တော်တို့ SNLD ကတော့ နဂိုအတိုင်းပဲလို့ ပြောလို့ရတယ်။ သုံးယောက်လောက်ပဲလျော့သွားတာဆိုတော့ ဆုံးရှုံးမှုသိပ်မကြီးဘူး။ နဂို မျှော်မှန်းထားတဲ့အတိုင်း မဖြစ်တဲ့အတွက် အားရကျေနပ်တယ်လို့တော့ ပြောလို့မရဘူး။ အားလုံးနဲ့ခြုံကြည့်ရင်တော့ ကျွန်တော်တို့ကနဂိုအတိုင်းပဲ ရှိနေတယ်ဆိုတော့ သိပ်တော့ အဆိုးကြီးလို့တော့ ပြောလို့မရဘူးပေါ့။

မေး - ရှမ်းပြည်နယ်မှာ တိုင်ရင်းသားပါတီငယ်တွေ နေရာမရတာဘာကြောင့်လဲ။ သုံးသပ်ပေးစေချင်ပါတယ်။

ဖြေ - မယူလို့မရတာပေါ့။ 

မေး - ရှမ်းပြည်နယ်မှာ အန်ကယ်တို့ပါတီအပြင် NLD ကလည်း နေရာအတော်တော်များနိုင်ခဲ့တယ်။ ဒီလိုအနိုင်ရရှိမှုက NLD အနေနဲ့ တိုင်းရင်းသားပါတီတွေအပေါ် အသာစီးရယူပြီး အနိုင်ရခဲ့တယ်တာလား။ ဘယ်လိုထင်ပါသလဲ။

ဖြေ - ဒါလူထုရဲ့ဆုံးဖြတ်ချက်ပဲလေ လူထုကပေးရင်ရမှာပေါ့။ မတရားလုပ်လို့တော့မရဘူး။ မတရားလုပ်ခဲ့တာ တစ်ချို့နေရာတွေ ရှိကောင်းရှိလိမ့်မယ်။ ရှိရင်လဲ ဒါတရားစွဲမှာပဲ။

မေး - နောက်တစ်ခုက SNLD ပါတီအနေနဲ့ လာမယ့်လွှတ်တော်သက်တမ်းအတွင်းမှာ ဘာတွေကို ဦးစားပေးဆောင်ရွက်သွားမလဲ။ လွှတ်တော် ပြင်ပမှာရော ဘယ်အရာတွေကို ဦးစားပေးလုပ်ဆောင်သွားဖို့ရှိလဲ။

မေး - လောလောဆယ်တော့ ကျွန်တော်တို့ပါမှာ ကျင့်သုံးမယ့်မူဝါဒတွေ ရှိတယ်။ အဲ့ဒီမူဝါဒအတိုင်းပဲ သွားဖို့ရှိမယ်။ လွှတ်တော်ပြင်ပမှာ UNA ဆိုတဲ့ မဟာမိတ်အဖွဲ့ အစည်းတစ်ခုရှိပါတယ်။ သဘောထားခြင်းတူတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေရှိပါတယ်။ ကျွန်တော်တို့တွဲပြီး လုပ်ဆောင်သွားဖို့ရှိပါတယ်။ နောက်ပြီးတော့ ကျွန်တော်ဒီမှာပြောချင်တာ တိုင်းရင်းသားပါတီ မှန်သမျှအားလုံးဟာ မဟာမိတ်မူဝါဒရှိဖို့လိုပါတယ်။ ကိုယ့်တစ် ယောက်တည်း တစ်ပါတီထဲရပ်တည်လို့မရဘူး။ ရပ်တည်လို့လဲ ဘာမှ အကျိုးမရှိပါဘူး။ တိုင်းရင်းသားပါတီ မှန်သမျှသည် မဟာမိတ်မူဝါဒ ကောင်းကောင်းရှိဖို့လိုပါတယ်။

မေး - SNLD ပါတီအနေနဲ့ မိမိတို့ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေကို ထိန်းကျောင်းထားတာရှိလား။ ရှိတယ်ဆိုရင် ဘယ်လိုထိန်းကျောင်းထားသလဲ။

ဖြေ -  ကျွန်တော်တို့ပါတီမှာ လွှတ်တော်အထောက်အကူပြုအဖွဲ့ရှိတယ်။ လွှတ်တော် ကြည့်ကြပ်တဲ့အဖွဲ့တွေပေါ့။ ကော်မတီလဲဖွဲ့ထားပြီးပါပြီ။ ချမှတ်ထားတဲ့ မူဝါဒတွေနဲ့အညီကျင့်သုံးဖို့ပေါ့။ မေးခွန်းတွေမေးဖို့ အဆိုတွေတင်ဖို့ အခက်အခဲတွေရှိတာကို ပြောဖို့။ လိုအပ်လို့ရှိရင် ဥပဒေ ကြမ်းတွေတင်ဖို့ အဲ့ဒါတွေလုပ်သွားမှာပါ။

မေး - SNLD အနေနဲ့ ဖယ်ဒရယ်ပြည်ထောင်စုဖော်ဆောင်ရေးအတွက် ဘာတွေလုပ်ဆောင်ဖို့ရှိလဲ။

ဖြေ - ကျွန်တော်တို့ကတော့ အစိုးရအဖွဲ့ထဲပါရသည်ဖြစ်စေ၊ မပါရသည်ဖြစ်စေ ကျွန်တော်တို့လူတွေကတော့ ကြိမ်းသေပေါက် ပြည်ထောင်စုလွှတ်တော်မှာရှိမယ်။ ရှမ်းပြည်နယ်လွှတ်တော်မှာရှိမယ်။ ကချင်ပြည်နယ်လွှတ်တော်မှာလည်းရှိမယ်။ ဒါ လွှတ်တော်တွင်းမှာ ဖယ်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ဖို့ လုပ်နိုင်တဲ့အနေအထားပေါ့။ ပြင်ပမှာလည်း ကျွန်တော်တို့ပြည်မက ပါတီကြီးတွေနဲ့ မဟာမိတ်ဖွဲ့ထားတာရှိပါတယ်။ နောက်တိုင်းရင်းသားပါတီတွေနဲ့လည်း မဟာမိတ်ဖွဲ့ထားတာရှိပါတယ်။ သူတို့နဲ့ချိတ်ညှိပြီးတော့ လွှတ်တော်ပြင်ပ လွှတ်တော်တွင်း ဆက်လုပ်သွားမှာ ဖြစ်ပါတယ်။

မေး - အကယ်၍ လက်ရှိအာဏာရပါတီကနေပြီး SNLD ပါတီကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ထဲမှာ ပါဝင်ဖို့ကမ်းလှမ်းခဲ့မယ်ဆိုရင် သဘောတူညီမှုရယူဖို့အဆင်သင့်ဖြစ်ပြီလား။

ဖြေ - ကျွန်တော်တို့ ပထမဦးဆုံးကတော့ ပါတီချင်းတမ်းတူညီမျှ ရှိရမယ်ဆိုတဲ့ မူရှိတယ် ။ ပါတီချင်း ပခုံးချင်းယှဉ်ပြီးတော့ ဆွေးနွေးပွဲတွေ ကျွန်တော်တို့လုပ်ဖို့ လိုပါတယ်။ အခုလာမယ့်ငါးနှစ်အတွက်ကို အစိုးရကိစ္စတွေ ပါတီရဲ့ဆောင်ရွက်ရမယ့် မူဝါဒတွေ အားလုံးက ကျွန်တော်တို့ SNLD ပါတီမူဝါဒနဲ့ NLD ပါတီရဲ့မူဝါတွေ ညှိနှိုင်းနိုင်မယ်၊ သဘောတူနိုင်မယ်ဟေ့ဆိုရင် ကျွန်တော်တို့ ဒုတိယအဆင့်အနေနဲ့ အစိုးရအဖွဲ့ထဲ ပါသင့်/မပါသင့် ကျွန်တော်တို့ စဉ်းစားရမှာဖြစ်ပါတယ်။ ပထမဦးဆုံးတော့ ပါတီမူဝါဒချင်းတူဖို့လိုပါတယ်။

မေး - ပါတီနဲ့ပတ်သက်ပြီး ဘာများဖြည့်စွက်ပြောချင်ပါသလဲ။

ဖြေ - ပါတီအနေနဲ့ပြောရတာ နည်းနည်းစောနေသေးတယ်။ ဘာဖြစ်လာဦးမလဲ ခုအစိုးရအသစ်ဖွဲ့စည်းရေးနဲ့ပတ်သက်လို့ စိုင်းပြင်းနေတဲ့အချိန်ဖြစ်တဲ့အတွက် ဘာဆက်ဖြစ်လာဦးမလဲ ဘာဆက်လုပ်မလဲဆိုတာ ကံသေကံမပြောလို့မရသေးပါဘူး။

Most read this week

June 28, 2021
မင်းတပ် မြို့မိ/မြိုဖတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်   စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့်...
June 23, 2021
မင်းတပ်မြို့နယ်မှ စစ်ဘေးရှောင်ကူညီရေးတာဝန်ခံ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးနှင့် အင်တာဗျူး...
June 16, 2021
ကရင်နီတပ်မတော် (K-Army) အမှတ် (၁) နည်းဗျူဟာမှူး ဗိုလ်မှူးကြီးအယ်မွီးနှင့် အင်တာဗျူး  ...
June 11, 2021
ကာတွန်းဝေယံ (တောင်ကြီး) နှင့် အင်တာဗျူး   ကာတွန်းသည် အခြေအနေတရပ်၏အနေအထားကို သက်၀င်အောင်...