စစ်ဘေးရှောင်အမျိုးသမီးများလုံခြုံရေး လွှတ်တော်အတွင်းမှလုပ်ဆောင်ပေးရန် တွန်းအားပေးသွားမည်ဟု ရခိုင်အမျိုးသမီးအခွင့်အရေးလှုပ်ရှားသည့်အဖွဲ့များဆို

စစ်ဘေးရှောင်အမျိုးသမီးများလုံခြုံရေး လွှတ်တော်အတွင်းမှလုပ်ဆောင်ပေးရန် တွန်းအားပေးသွားမည်ဟု ရခိုင်အမျိုးသမီးအခွင့်အရေးလှုပ်ရှားသည့်အဖွဲ့များဆို
by -
မင်းထွန်း (DMG)

တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့၏ တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသည့် အမျိုးသမီးများ၏ ဘဝလုံခြုံရေးအတွက်လွှတ်တော်အတွင်းမှ လုပ်ဆောင်ပေးရန် တွန်းအားပေးသွားမည်ဖြစ်ကြောင်း ရခိုင်အမျိုးသမီးအရပ်ဖက်အဖွဲ့အစည်းများက ပြောသည်။

အဆိုပါ အမျိုးသမီးများအရေးနှင့်ပတ်သက်၍ အထူးသဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိထားသည့် ရခိုင်အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များအား လွှတ်တော်အတွင်းမှ လုပ်ဆောင်ပေးရန် တိုက်တွန်းသွားမည်ဖြစ်ကြောင်း ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက ပြောသည်။

“စစ်ဘေးရှောင်တွေမှာ အမျိုးသမီးတွေက များနေတယ်ဆိုတော့ သူတို့တွေအတွက် ဘာတွေလုပ်ထားပြီလဲ။ ဘာတွေလုပ်ပေးသွားဖို့ ရည်မှန်းထားလဲဆိုတာတွေကို အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေကို တွန်းတွန်းတိုက်တိုက်ပြောသွားမယ်။လိုအပ်ချက်တွေကိုလည်း သူတို့ကိုပြောသွားမယ်” ဟု ၎င်းကပြောသည်။

လက်ရှိ ရွေးကောက်ပွဲရလဒ်အရ ရခိုင်ပြည်အတွင်းတွင် အနိုင်ရရှိသည့် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များမှာ ပြည်နယ်လွှတ်တော်တွင် နှစ်ဦး၊ ပြည်သူ့လွှတ်တော်တွင်တစ်ဦး၊ အမျိုးသားလွှတ်တော်တွင် တစ်ဦး၊စုစုပေါင်းလေးဦးရှိကြောင်း သိရသည်။

“အမျိုးသမီးတွေရဲ့ အခွင့်အရေး၊ လက်ရှိစစ်ရေး ပဋိပက္ခကြောင့် ဆုံးရှုံးနစ်နာနေတာတွေကို အဓိက ဦးစားပေးလုပ်ဆောင်ရမယ်လို့ ယူဆတယ်။ နောက်ယိုင်လဲပျက်စီးနေတဲ့ အမျိုးသမီးတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ၊ လိင်အကြမ်းဖက်ဆက်ဆံခံရတာတွေကို တိုက်ဖျက်သွားမယ်။အမျိုးသမီးအရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ အကောင်းဆုံးဖြစ်အောင်လုပ်သွားမယ်လို့ ဆုံးဖြတ်ထားတယ်” ဟု ရွေးကောက်ပွဲရလဒ်အရ တောင်ကုတ်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ အနိုင်ရရှိထားသည့် ဒေါ်ခင်မျိုးယဉ်က ပြောသည်။

ထို့ပြင် အမျိုးသမီးများ၏ လုံခြုံရေး၊ အမျိုးသမီးများ လိင်အကြမ်းဖက်ဆက်ဆံခံရမှုများစသည့် အမျိုးသမီးများ၏ အခွင့်အရေးကို ကာကွယ်နိုင်မည့် ဥပဒေတစ်ခုပြဋ္ဌာန်းနိုင်ရန် လွှတ်တော်အတွင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

လက်ရှိတွင် အမျိုးသမီးအခွင့်အရေးအပါအဝင် ဘေးကင်းလုံခြုံရေးစသည့် အချက်များနှင့်ပတ်သက်၍ အမျိုးသမီး အခွင့်အရေး လှုပ်ရှားနေသည့် ရခိုင်အမျိုးသမီးအရပ်ဖက်အဖွဲ့အစည်းများနှင့် အနိုင်ရရှိ ထားသည့် အ မျိုးသမီး လွှတ်တော်ကိုယ်စားလှယ်များတို့သည် ဖုန်း၊အွန်လိုင်းတို့မှတစ်ဆင့် ပူးပေါင်းဆွေးနွေးခြင်းများလုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။

“ဒီအမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပုံမှန်ဆက်စပ်ဆက်သွယ်မှုတွေလုပ်ပြီးတော့ အထူးသဖြင့် အမျိုးသမီးနဲ့သက်ဆိုင်တဲ့ အမျိုးသမီးရဲ့ လုံခြုံရေး၊အမျိုးသမီးငြိမ်းချမ်းရေး၊အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ထိထိရောက်ရောက်ဆောင်ရွက်သွားနိုင်ဖို့အတွက်ကို ဆက်စပ်ဆက်သွယ်ပြီးတော့ ပူးပေါင်း ဆောင်ရွက်သွားဖို့ကိစ္စတွေကိုလည်း စဉ်းစားနေတာရှိတယ် ” ဟု ရခိုင့်ရှေ့ဆောင်အမျိုးသမီးအဖွဲ့ ဥက္ကဋ္ဌ စောစံငြိမ်းသူက ပြောသည်။

ထို့ပြင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးတွင် ရှိသင့်ရှိထိုက်သည့် အရည်အချင်းများ ပြည့်လာရေးအတွက် လိုအပ်လာလျှင် ပံ့ပိုးကူညီနိုင်ရန် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း စောစံငြိမ်းသူက ပြောသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများကြောင့် စစ်ဘေးဒုက္ခသည်ဦးရေ တစ်သိန်းကိုးသောင်းကျော်ရှိကြောင်း ဒီဇင်ဘာလ ၃ ရက်နေ့တွင် ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) မှ ထုတ်ပြန်ထားပြီး ယင်းအထဲတွင် အမျိုးသမီးစစ်ဘေးဒုက္ခသည် အများဆုံးရှိနေခြင်းဖြစ်သည်။

ယခုအခါအမျိုးသမီးစစ်ဘေးရှောင်များအနေဖြင့် ကျန်းမာရေး၊ နေထိုင်ရေးစသည့် လုံခြုံရေးကိစ္စများကို စိုးရိမ်နေရပြီး အမျိုးသမီးနှင့်ပတ်သတ်သည့် အသုံးအဆေင်ပစ္စည်းများလိုအပ်နေကြောင်း ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင်ခိုလှုံနေသည့် စစ်ဘေးရှောင် ဒေါ်လှလှချေက ပြောသည်။

“အမျိုးသားတွေနဲ့တန်းတူ စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်ရတယ်ဆိုတော့ လုံခြုံမှုမရှိသလိုခံစားရတယ်။ အခုဆိုရင်လည်း ဆောင်းရာသီရောက်နေပြီဆိုတော့ အနွေးအထည်တွေလိုအပ်တယ်။ နောက် အမျိုးသမီးအသုံးအဆောင်ပစ္စည်းတွေလိုအပ်နေတယ်” ဟု ၎င်းကပြောသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...