မဲရလဒ်အရရှုံးနိမ့်ခဲ့သော်လည်း ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မှု အောင်မြင်ခဲ့ကြောင်း ရှမ်းနီပါတီမှ အမျိုးသမီးကိုယ်စားလှယ်လောင်း ဒေါ်နန်းထားထားမေက ပြောသည်။
ဒေါ်နန်းထားထားမေသည် ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၇) တွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ယင်းမဲဆန္ဒနယ်တွင် ပါတီခုနစ်ခုမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးမင်းဆွေနိုင်က ခိုင်လုံမဲအများဆုံးဖြင့် အနိုင်ရရှိခဲ့ခြင်းကြောင်း သိရသည်။
“အောင်မြင်သင့်သလောက်အောင်မြင်တယ်လို့ပဲ ကျွန်မပြောချင်တယ်။ ဘာလို့လဲဆိုရင် မဲရလဒ်ကိုပေါ့နော်။ ခုရွေးကောက်ပွဲမှာ ယှဉ်ပြိုင်လိုက်တဲ့အခါမှာ မဲရလဒ်ကိုကြည့်လိုက်တော့ကျွန်မအတူတူ၀င် ပြိုင်ကြတဲ့ အ မျိုးသားတွေပါတဲ့ဆီမှာ၀င်ပြိုင်တာလေ။ မဲရလဒ်ကမကွာဘူး။ တန်းတူ ပဲတွေ့တယ်ပေါ့နော်။ ဒီနယ်မြေမှာ ကျမနဲ့အတူတူပြိုင်တဲ့ ကျွန်မတို့ရဲ့ ပါတီကအကိုကြီးတွေနဲ့ဆိုရင် မဲရလဒ်ကအတူတူပဲ ကွာသွားတာအရမ်းမများ ဘူး။ အဲမှာဘာကြောင့်မို့ကွာသွားသလဲလို့ပြန်ကြည့်တဲ့အခါမှာ ပယ်မဲမှာကွာသွားတယ်။ ခိုင်လုံမဲ ကိုကြည့် တဲ့အခါမှာ ကတော့ အတူတူပဲဖြစ်တယ်။ ပြီးရင် အောင်မြင်တယ်လို့ ဘာကြောင့်ပြောသလဲဆိုရင် တခြား ဒေသတစ်ခုမှာဆိုရင် ဒီကျွန်မတို့ အမျိုးသားနှစ်ယောက်ပါတယ်။ အမျိုးသမီးတစ်ယောက်ပါတယ်ပေါ့နော်။ အခုကျွန်မတို့ ပြည်သူလွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးပြည်နယ်လွတ်တော် သုံးခုကိုကြည့် လိုက်ရင် အဲဒီမဲရုံတစ်ခုမှာဆိုရင် သူတို့နှစ်ယောက် ကိုပိုပြီးကျွန်မက မဲတစ်ရာကျော် ပိုတဲ့နေရာလေးတွေ တွေ့ရတယ်။ အဲတာကို ကြည့်ခြင်းအားဖြင့် ဒီအမျိုးသားနဲ့ တန်းတူလုပ်နိုင်တယ်” ဟု ၄င်းကပြောသည်။
အဆိုပါ မဲဆန္ဒနယ်မြေ၏မဲရလဒ်ကို ကြည့်မည်ဆိုပါက အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးမင်းဆွေနိုင်သည် ခိုင်လုံမဲ ၃၇၀၀၁ မဲ၊ ရာခိုင်နှုန်းအားဖြင့် ၆၄ ဒသမ ၆၄ ရာခိုင်နှုန်း၊ ဒုတိမဲအများဆုံးရရှိခဲ့သည့် ပြည်ခိုင်ဖြိုးပါတီမှ ဦးစိန်ဝင်းထွန်းသည် ခိုင်လုံမဲ ၈၄၅၀ မဲ၊ ရာခိုင်နှုန်းအားဖြင့် ၁၄ ဒသမ ၇၆ ရာခိုင်နှုန်းနှင့် တတိယ မဲအများဆုံးရရှိခဲ့သည့် တိုင်းလိုင် (ရှမ်းနီ) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဒေါ်ထားထားမေသည် ခိုင်လုံမဲ ၆၂၄၇ မဲ၊ ရာခိုင်နှုန်းအားဖြင့် ၁၀ ဒသမ ၉၁ ရာခိုင်နှုန်း အသီးသီးရရှိခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်များအရ သိရသည်။
ရွေးကော်က်ပွဲတွင် အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ယောက်အနေဖြင့် ရင်ဆိုင်ရသော စိန်ခေါ်မှုများစွာရှိခဲ့ပြီး နိုင်ငံရေးတွင် အမျိုးသမီးများအား ယုံကြည်မှုလျော့နည်းသည်ကိုကြုံတွေ့ခဲ့ရကြောင်း ၄င်းက ဆက်လက်ပြောသည်။
“အမျိုးသမီးအနေနဲ့အခက်အခဲကတော့ ရှိတယ်။ ဘာလို့ရှိသလဲဆိုရင် ကျွန်မတို့ နဂို အရပ်ဖတ်အဖွဲ့အစည်းမှာဆိုရင် အမျိုးသမီးနဲ့အမျိုးသားကို လူတွေလက်ခံတဲ့ ပုံကလုံး၀မခွဲခြားဘူးပေါ့နော်။ နိုင်ငံရေးလောကမှာ အမျိုးသမီးတွေကို တွေ့လိုက်တာနဲ့ အမြင်လေးကတစ်မျိုးဖြစ် သွားတယ်။ အမျိုးသားနဲ့ အမျိုးသမီးအတူတူအ ရည်အချင်းတူရင်တောင်မှပဲ မြန်မာနိုင်ငံရဲ့ယုံကြည်ချက်က အမျိုးသမီးတွေကမလုပ်နိုင်ဘူး။ အမျိုးသားတွေကပို လုပ်နိုင်တယ်ဆိုတဲ့ အမြင်လေးတွေပေါ့။ ပြီးရင် အမျိုးသမီးတေါနိုင်ငံရေးမှာပါ၀င်ဖို့ဆိုရင် ဒါကြီးမာတဲ့စိန်ခေါ်မှု တစ်ရပ်ဖြစ်တယ်။ ဒီအရပ်ဘက်လူ့အဖွဲ့အစည်းမှာ ကျွန်မတို့ရဲ့လူမှုအသိုင်းအဝိုင်းတွေမှာ အဓိကလှုပ်ရှား တာ တက်တက်ကြွကြွ လှုပ်ရှားတာ အမျိုးသမီးတွေများတယ်။ ဒါပေမယ့် နိုင်ငံရေးမှာဆိုရင် အမျိုးသမီးတွေကို တွေ့ရတာနည်းတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီပတ်၀န်းကျင်အသိုင်းအဝိုင်းက နိုင်ငံရေးဆိုတာ အမျိုးသမီးတွေနဲ့ ပတ်သက်မှုမရှိဘူးဆိုတဲ့အမြင်ကလည်းရှိတယ်။ ပြီးရင် အမျိုးသမီးတွေနိုင်ငံရေးလုပ်တဲ့အခါမှာ မိသားစုကနေကလည်း ကူညီပံ့ပိုးမှရမယ်။ ကိုယ်ဟာကို ဘယ်လောက်ပဲ စိတ်၀င်စားပြီးမှ တက်ကြွနေပါစေ။ ဒီမိသားစုအသိုင်းအ ဝိုင်းက မပံ့ပိုးဘူးဆိုရင် သူကရှေ့မရောက်နိုင်ဘူး။ အဲတာစိန်ခေါ်မှုပေါ့နော်။ ပြီးလရင် ငွေရေးကြေးရေးလည်းပါတယ်။ ဘယ်လောက်ပဲ စိတ်၀င်စားပြီးလုပ်နေတယ်ဆိုအုံးတော့ကျွန်မတို့ရဲ့ တိုင်းရင်းသားပါတီဖြစ်တဲ့အတွက် ကိုယ်ပိုက်ဆံနဲ့ ကိုယ်လုပ်ရတဲ့အခါမှာ ငွေရေးကြေးရေးကလဲ အဓိကစိန်ခေါ်မှုတစ်ခုပေါ့နော်” ဟုဒေါ်နန်းထားထားမေက ပြောသည်။
ယခုနှစ်ရွေးကောက်ပွဲတွင် ရှမ်းနီပါတီသည် ကချင်၊ ရှမ်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် နေရာ ၄၁ နေရာ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသမီး ၁၃.၆ ရာခိုင်နှုန်းနှင့် လူငယ် ၃၁.၅၈ ရာခိုင်နှုန်းပါ၀င်ခဲ့ကာ တစ်ဦးမှ အနိုင်ရရှိခဲ့ခြင်းမရှိကြောင်းနှင့် လာမည့်ရွေးကောက်ပွဲတွင် အမျိုးသမီးများနှင့် လူငယ်များကို ပိုမိုပါ၀င်လာစေမည့်နည်းလမ်းများ ချမှတ်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း သိရသည်။