ထန်တလန်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဌ ဦးပူးစီဇာကျုံး ရာထူးမှနှုတ်ထွက်ကြောင်း စာတင်ထားသော်လည်း ပါတီဗဟိုက အကြောင်းပြန်ခြင်းမရှိသေးကြောင်း ချင်းပြည်နယ်လွှတ်တော်ဥက္ကဌနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီချင်းပြည်နယ်ဥက္ကဌ ပူးဇိုဘွဲ့ကပြောသည်။
“ဦးပူးစီဇာကျုံးက သူ့ဟာသူ နှုတ်ထွက်စာတင်တာဖြစ်တယ်။ ပါတီဗဟိုကနေတော့ ဘာမှအကြောင်းပြန်တာမျိုးတော့ မရှိသေးဘူး” ဟု ၎င်းကပြောသည်။
အဆိုပါမြို့နယ်ဥက္ကဌသည် ပါတီအောင်နိုင်ရေးအတွက် အလှူငွေထည့်ဝင်ကြသည့် ကုမ္ပဏီများအား ပညာရေးဦးစီးဌာန၏တင်ဒါရရှိစေရန် ထောက်ခံပေးသည့်သဘောပါသော အစီရင်ခံစာလူမှုကွန်ရက်တွင်ပျံ့နှံခဲ့ခြင်းကြောင့် ယင်းကိစ္စအား ပြည်နယ်ပါတီရုံး၏ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှစစ်ဆေးကာ ပါတီဗဟိုသို့ တင်ပြထားဆဲကာလတွင် ယခုကဲ့သို့ ဥက္ကဌရာထူးမှနှုတ်ထွက်ကြောင်း စာတင်ခဲ့ခြင်းဖြစ်သည်။
တင်ဒါကိစ္စထောက်ခံပေးမှုနှင့် ပတ်သက်၍ထန်တလန်မြို့နယ် NLDပါတီမှ အတွင်းရေးမှူး ဖွန်လျန်ဟရဲက “အမှန်တော့လူမှုရေးဝန်ကြီးကို သဘောရိုးနဲ့ ကျွန်တော်တို့က အဲဒီကုမ္ပဏီတွေ တင်ဒါစည်းမျဉ်စည်းကမ်းအတိုင်း တင်ဒါအောင်ခဲ့ရင် ကျွန်တော်တို့က အဲဒီကုမ္ပဏီတွေကို စဉ်းစားပေးဖို့၊ သူတို့က ပါတီဝန်းရံသူတွေဖြစ်တယ်ဆိုပြီး စာကိုပေးထားတာဖြစ်တယ်။ ကုမ္ပဏီကပေးခိုင်းတာတော့မဟုတ်ဘူး။ ကျန်တော် တို့သဘောရိုးနဲ့ပေး တာဖြစ် တယ်။ ကျွန်တော်တို့က အဲဒီစာမှာ ကုမ္ပဏီကို လုပ်ငန်းပေးပါဆိုပြီး ရေးတာမဟုတ်ဘူး။ အဲဒီစာကို တစ်ခြားဝန်ကြီးကိုလည်းမပေးဘူး။ လူမှုရေးဝန်ကြီးကိုပဲပေးတယ်။ လူမှုရေးဝန်ကြီးက ကျွန်တော်တို့ပါတီမဟုတ်တာလည်းသိတယ်။ ထန်တလန်မြို့နယ်မှာ ကျောင်းကအများကြီးဆိုတော့ စဉ်းစားပေးမလားဆိုပြီးတော့ တင်ပြခြင်းဖြစ်ပါတယ်” ဟုပြောသည်။
ထန်တလန်မြို့နယ် NLD ဥက္ကဌ ဦးပူးစီဇာကျုံးသည် ယခုနှစ်ရွေးကောက်ပွဲတွင် ချင်းပြည်နယ် ထန်တလန်မြို့နယ်၏ ပြည်သူ့လွှတ်တော်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိထားသူဖြစ်သည်။
Published
Wednesday, December 16, 2020
ထန်တလန်မြို့နယ် NLD ပါတီဥက္ကဌ နှုတ်ထွက်စာတင်ထားမှု ပါတီဗဟိုက အကြောင်းပြန်ခြင်းမရှိ