ရွေးကောက်ပွဲကုန်ကျစရိတ်တင်သွင်းသည့် ကိုယ်စားလှယ်လောင်းများစာရင်း ယခုလနောက်ဆုံးအပတ်မှ ထုတ်ပြန်နိုင်မည်ဟု ရှမ်းပြည်နယ်ရွေးကော်ပြော

ရွေးကောက်ပွဲကုန်ကျစရိတ်တင်သွင်းသည့် ကိုယ်စားလှယ်လောင်းများစာရင်း ယခုလနောက်ဆုံးအပတ်မှ ထုတ်ပြန်နိုင်မည်ဟု ရှမ်းပြည်နယ်ရွေးကော်ပြော
by -
ယိင်းတိုင်း (သျှမ်းသံတော်ဆင့်)

ရွေးကောက်ပွဲကုန်ကျစရိတ်တင်သွင်းသည့် ကိုယ်စားလှယ်လောင်းများစာရင်း ယခုလနောက်ဆုံးအပတ်မှ ထုတ်ပြန်နိုင်မည်ဖြစ်ကြောင်း ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးဇော်မြင့်က ပြောသည်။

လက်ရှိအချိန်ထိ ရှမ်းပြည်နယ်တွင် ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းထားသော ကိုယ်စာလှယ်လောင်း မည်မျှရှိနေသည်လဲဟု ဆက်သွယ်မေးမြန်းမှုအပေါ် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူးက သတ်မှတ်ရက်မ ပြည့်သေးသည့်အတွက် ဖြေကြားရန် ငြင်းဆိုခဲ့ခြင်းဖြစ်သည်။

“လာမတင်သေးတဲ့ ကိုယ်စားလှယ်တွေ ရှိတယ်။ တရားဝင်ပြောလို့ မရသေးဘူး။ သတ်မှတ်ရက် မတိုင်ခင်ပြော လိုက်ရင် မတင်ရသေးတဲ့ ကိုယ်စားလှယ်တွေက ကျွန်တော်တို့ကိုပြောလာမှာပေါ့။သတ်မှတ်ရက်တောင် မပြည့် သေးတာ။ ဒီဇင်ဘာ ၂၀ ရက်လောက်မှ ထုတ်ပြန်နိုင်မယ်” ဟု ဦးဇော်မြင့်ကပြောသည် ။

ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းတင်ပြမှုနှင့်ပတ်သက်၍ ရှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်သော ကိုယ်စားလှယ်လောင်း ၁၃၂ ဦးစလုံး တင်သွင်းပြီးဖြစ်ကြောင်း တောင်ကြီးမြို့ နယ် SNLD အတွင်းရေးမှူး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း နန်းယမင်းက ပြောသည်။

“ကျွန်မတို့ပါတီကတော့ သိရသလောက် အကုန်လုံးနီးပါး တင်သွင်းပြီးပြီ။ ကော်မရှင်က အနိုင်ရတဲ့ကိုယ်စားလှယ်တွေကို ပဲအဓိကထားစီစစ်တာတွေ့ရတယ်။ ကိုယ်စားလှယ်တစ်ဦးကို သိန်းတစ်ရာသုံးခွင့်ရှိပေမဲ့ ကျွန်မအနေနဲ့ကတော့ သိန်း ၇၀ ကျော် လောက်ပဲသုံးခဲ့ပါတယ်” နန်းယမင်းကပြောသည်။

ကိုယ်စားလှယ်အသုံးစာရိတ် တင်သွင်းရာတွင် စာရင်းစာရွက်မိတ္တူ ၊ စာအုပ်များ အလွန်များပြားသဖြင့် စာရွက်စာရင်းများကို Softcopy များဖြင့် တင်သွင်းလျှင် အချိန်ကုန်ပိုမိုသက်သာနိုင်ကြောင်း ၎င်းက အကြံပြုပြောကြားခဲ့သည်။

ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းများအနေဖြင့် ရွေးကောက်ခံရသည့် ကိုယ်စား လှယ်ကြေညာသည့်နေ့မှစ၍ ရက်ပေါင်း ၃၀ အတွင်း တင်တွင်းရမည်ဖြစ်ပြီး တင်သွင်းရန်ပျက်ကွက်ပါက ဥပဒေပုဒ်မ ၈၈ (ဂ) အရ အရည်အချင်းပျက်ယွင်းသူအဖြစ် သတ်မှတ်ခြင်းခံရမည်ဖြစ်ကာ ထိုသို့သက်မှတ်ခံရပါက လာမည့်လွှတ်တော်သက်တမ်းအတွင်း ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိမည်မဟုတ်ဘဲ နောက်တစ်ကြိမ်ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲမှသာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည် ဖြစ်သည်။

ရှမ်းပြည်နယ် မြို့နယ် ၄၉ ခုတွင် ရွေးကောက်ပွဲကျင်းပခဲ့ပြီး ယင်းရွေးကောက်ပွဲအား တစ်သီးပုဂ္ဂလကိုယ်စား လှယ်လောင်း ၂၂ ဦးအပါအဝင် နိုင်ငံရေးပါတီ ၃၁ခုမှ  ကိုယ်စားလှယ်လောင်း ၁၀၁၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်းနှင့် မဲဆန္ဒရှင်ဦးရေ ၃၆၃၄၀၀၀ ကျော်ရှိကာ မဲရုံပေါင်း ၃၅၉၁ ရုံဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...