အစိုးရသစ်အနေဖြင့် မြေယာပြဿနာများကို ပထမဦးစားပေးဖြေရှင်းရမည့်ကဏ္ဍတွင် ထည့်သွင်းထားရန်လိုကြောင်း နယ်သာလန်အစိုးရ၏ ၂၀၂၀ ပြည့်နှစ်၊ လူ့အခွင့်အရေးဆိုင်ရာကျူးလစ်ဆု (2020 Human Rights Tulip Award) ချီးမြှင့်ခံသူ ကယားပြည် ကမ္ဘာ့အခွင့်အရေးလှုပ်ရှားဆောင်ရွက်မှုကွန်ရက် (Kayah Earthrights Action Network - KEAN) မှ စောအယ်စေးက ပြောသည်။
လက်ရှိအစိုးရ ငါးနှစ်သက်တမ်းတွင် မြေယာကဏ္ဍနှင့်ပတ်သက်၍ သိသားထင်ရှားပြီး အနှစ်သာရရှိသည့် ပြုပြင်ပြောင်းလဲမှုမျိုးမတွေ့သော်လည်း ၂၀၂၀ ပြည့်နှစ်၊ နှစ်လည်ပိုင်းတွင် အမျိုးသားမြေယာ ဥပဒေကိုပြင်ဆင်ရန် ကြိုးစားလာသည်ကိုတွေ့ရကြောင်းနှင့် သို့သော်လက်ရှိ မြေယာများကို ဗဟိုချုပ်ကိုင်သည့် ပုံစံမျိုးဖြစ်နေကာ ဖက်ဒရယ်မြေယာဥပဒေမျိုးဖြစ်ရန် အလှမ်းဝေးသည့် အခြေအနေဖြစ်နေကြောင်း စောအယ်စေးက ပြောသည်။
“ဌာနေတိုင်းရင်းသားတွေရဲ့ မြေယာအခွင့်အရေးကို ဗဟိုကနေပဲ အားလုံးလိုက်စီမံခန့်ခွဲတဲ့စနစ်က ဒါဖက်ဒရယ်သွားနေတဲ့ လမ်းကြောင်းနဲ့ ဆန့်ကျင်ဘက်လို့ ပထမ အချက်အနေနဲ့ သုံးသတ်တယ်။ နောက် ကျွန်တော်တို့ မြေယာအခွင့်အရေး တောင်းဆိုတယ်ဆိုတာက အခွင့်အရေးအသစ်ကို တောင်းဆိုနေတာမဟုတ်ဘူး။ ကျွန်တော်တို့ဆီမှာ ရှိပြီးသားအခွင့်အရေးဘဲ ကျနော်တို့ရဲ့ အခြေခံလူ့အခွင့်အရေးတရပ်ဖြစ်တယ်” ဟု စောအယ်စေးက ပြောသည်။
ထို့ကြောင့် ဌာနေတိုင်းရင်းသားများ၏ မြေယာ အခွင့်အရေး လှုပ်ရှားပြေဆိုမှုများကို နားထောင်အသိအမှတ်ပြုရန် လိုပြီး အစိုးရအနေဖြင့် ပေးသလောက်ပဲယူဆိုသည့် ဖြစ်စဉ်မျိုး နောင်လာမည် သက်တမ်းတွင် ဆက်လုပ်မည်ဆို ပါက မြေယာကဏ္ဍပြုပြင်ပြောင်းလဲရေးသည် အပြုသဘောဆောင်သည့် ပြုပြင်ပြောင်းလဲရေး ဖြစ်လာမည်မ ဟုတ်ဟု ဌာနေတိုင်းရင်းသားများ၏ မြေယာအခွင့်အရေးလှုပ်ရှားသူများက ပြောသည်။
လက်ရှိ တိုင်းရင်းသားဒေသများတွင် အစိုးရထုတ်ပေးသည့် မြေပိုင်ဆိုင်ခွင့်အသိအမှတ်ပြု လက်မှတ်များ မရှိသော် လည်း ဌာနေတိုင်းရင်းသားများက မိရိုးဖလာမြေပိုင်ဆိုင်သည်ဟု မှတ်ယူထားခြင်းများရှိနေပြီး ယင်းမြေများကို အစိုးရက မြေလွတ်၊ မြေလပ်၊ မြေရိုင်း သတ်မှတ်သည့်အတွက် ဌာနေတိုင်းရင်းသားများ မိရိုးဖလာ မြေယာပိုင်ဆိုင်ခွင့်ဆုံးရှုံးမည့် အခြေအနေများ ဖြစ်ပေါ်နေကြောင်းသိရသည်။
ထို့ကြောင့် မြေယာအရေးလှုပ်ရှားသူများက မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဥပဒေအပါအဝင် မြေယာဥပဒေများကို ပြင်ဆင်ကာ ဌာနေတိုင်းရင်းသား များ၏ မိရိုးဖလာမြေယာပိုင်ဆိုင်ခွင့်ကို အသိအမှတ်ပြုရန် တိုက်တွန်း နှိုးဆော်မှုများ လွန်ခဲ့သည့်နှစ်များက ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။
“နောက်လာမဲ့အစိုးရသက်တမ်းမှာ နိုင်ငံရဲ့ဖြေရှင်းရမဲ့ ပြဿနာတွေထဲမှာ ကျွန်တော်တို့ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး လုပ်တဲ့အထဲမှာ မြေယာကဏ္ဍကိုလည်း ပထမဦးစားပေးထဲမှာ ထည့်သွင်း စဉ်းစားဖို့ လိုအပ်မယ်။ ဒီလိုမှ မဟုတ်ရင်ကျွန်တော်တို့နိုင်ငံရဲ့ ဖက်ဒရယ်အရေးဟာ ဆက်ပြီးတော့ အလှမ်းဝေး နေဦးမယ်ဆိုတာ ပြောလိုတယ်” ဟု စောအယ်စေးက ပြောသည်။
စောအယ်စေး ချီးမြှင့်ခံရသည့် ၂၀၂၀ ပြည့်နှစ် လူ့အခွင့်အရေးဆိုင်ရာကျူးလစ်ဆု (2020 Human Rights Tulip Award)ဆုသည် နယ်သာလန်အစိုးရ၏ ကမ္ဘာတစ်ဝန်းရှိ လူ့အခွင့်အရေးကိစ္စများကို ငြိမ်းချမ်းသော နည်းဖြင့် ဆောင်ရွက်နေသည့် အဖွဲ့အစည်းသော်လည်းကောင်း၊ လူပုဂ္ဂိုလ် သော်လည်းကောင်း ၂၀၀၈ ခုနှစ်မှ စ၍ နှစ်စဉ် ရွေးချယ် ပေးအပ်သည့်ဆု ဖြစ်ကြောင်းသိရသည်။
ကယားပြည် ကမ္ဘာ့အခွင့်အရေးလှုပ်ရှားဆောင်ရွက်မှုကွန်ရက် (Kayah Earthrights Action Network - KEAN) ကို ၂၀၁၂ ခုနှစ်တွင် စတင်ဖွဲ့စည်း ခဲ့ပြီး အဖွဲ့အနေဖြင့် မြေယာအခွင့်အရေး ကဏ္ဍ၊ သဘာဝအရင်းအမြစ်ကဏ္ဍ၊ သတ္တုဆိုင်ရာ အခွင့်အရေးကဏ္ဍနှင့် အကြီးစားရင်းနှီးမြှပ်နှံမှုကဏ္ဍများကို စောင့်ကြည့် အသိပညာပေးရေးတို့ကို လုပ်ဆောင်နေသည့်အဖွဲ့ ဖြစ်သည်။