လွတ်လပ်သောသုတေသီ (Independent Researcher) ဒေါက်တာခါလမ်တူးခေါင်နှင့် အင်တာဗျူး
လာမည့် ငါးနှစ်တာသက်တမ်းတွင် တိုင်းရင်းသားပါတီများနှင့် အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့သွားမည်ဟု ယခုနှစ်အထွေထွေရွေးကောက်ပွဲကြီး၌ သောင်ပြိုကမ်းပြို အနိုင်ရရှိထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က တရားဝင်ထုတ်ဖော်ပြောဆိုထားသည်။
NLD ပါတီကဖွဲ့မည့်အမျိုးသား ညီညွတ်ရေးအစိုးရက အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် အမျိုးသား ရင်ကြာစေ့ရေးကို အထောက်အကူပြုနိုင်မည်လား။ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက် ရေးကို အထောက်အကူပြု နိုင်မည်လား။ NLD အနေဖြင့် ဘာကြောင့် အစိုးရဖွဲ့မည့် ပုံစံကိုပြောင်းလဲလုပ် ဆောင်လာရတာလဲ စသဖြင့် အကြောင်းအရာများအား ကချင်ပြည်နယ် မြစ်ကြီးနားရှိ လွတ်လပ်သောသုတေသီ (Independent Researcher) ဒေါက်တာခါလမ်တူးခေါင်အား တွေ့ဆုံမေးမြန်းထားသည်များထဲမှ အချို့ကို ထုတ်နုတ်တင်ပြလိုက်ရပါသည်။
မေး - လက်ရှိ NLD ပါတီက ညီညွတ်ရေးအစိုးရ ဖော်ဆောင်မယ်လို့ ပြောလာတာတွေရှိတယ်။ အဲဒီအပေါ်မှာ သုတေသနလုပ်တဲ့သူတစ်ယောက်အနေနဲ့ ဘယ်လိုမြင်ပါသလဲ။
ဒေါက်တာ ခါလမ်တူးခေါင် - မြန်မာပြည်ရဲ့ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးတို့၊ နောက်ပြီးတော့ ညီ ညွတ်ရေးတို့ပေါ့နော်။ ဒီအသုံးအနှုန်းရဲ့ အဓိပ္ပာယ်၊ အဲဒီအသုံးအနှုန်းရဲ့ အဓိပ္ပာယ် တော်တော်များများ လူတွေ နားလည်ထားကြတာက ဘာလဲဆိုတော့ တစ်သွေးတစ်သံ တစ်မိန့်ပုံစံမျိုး ပေါ့နော်။ အငြင်းအခုန် မရှိတဲ့ လူတစ်ယောက်ပြောလိုက်တဲ့ဟာကို တစ်ဖွဲ့ဖွဲ့က ပြောတဲ့ဟာကို အကုန်လုံး ဝိုင်းထောက်ခံကြတဲ့ဟာမျိုးကို ညီညွတ်ရေးဆိုပြီးတော့ အဓိပ္ပာယ်ဖွင့်ကြတာပေါ့။ အဲသလိုသာသွားမယ်ဆိုရင်တော့ ဒါကတော့ အဓိပ္ပာယ် သိပ်မရှိဘူး။ သမန်ရိုးက ညီညွတ်ရေး ဆိုတဲ့ မြန်မာနိုင်ငံရဲ့ Concept အရပေါ့နော်၊ တကယ့်တ ကယ် ညီညွတ်ရေးဆိုတာက ဘာလဲဆိုတော့ ဖက်ဒရယ်ရဲ့ အနှစ်သာရတွေက unity and diversity ပေါ့။ မတူကွဲ ပြားမှုမှာ သူက ဘုံတန်ဖိုးများ နောက်ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် common interest ၊ အားလုံး ခင်ဗျားအတွက်လည်း အကျိုးရှိမယ်။ကျွန်တော့်အတွက်လည်း အကျိုးရှိမယ်။ အကျိုးတူပူး ပေါင်းဆောင်ရွက် မှုမှာ အခြေခံပြီးတော့မှ အတူတူ ဝိုင်းလုပ်ကြတဲ့သဘောမျိုးကို ဒါမှတကယ့်တကယ် စစ်မှန်တဲ့ ညီညွတ်ရေးလို့ ခေါ်တာ။ အဲဒါကြောင့် ကျွန်တော်က NLD ပြောနေတဲ့ ဒီအမျိုး သားညီညွတ်ရေး၊ အခု လူတွေပြောနေတဲ့ အမျိုးသား ညီညွှတ်ရေးပေါ့။ ဒီလုပ်ငန်းမှာ သူတို့ ဘယ်လို ပုံစံကို ဖော်ဆောင်ချင် သလဲဆို တာကိုတော့ စောင့်ကြည့်ရမယ့် အနေအထားပါ။
မေး - ညီညွှတ်ရေးအစိုးရဖွဲ့မယ်ဆိုရင် NLD အနေနဲ့ ဘယ်လိုပုံစံမျိုးနဲ့ ဖွဲ့စည်းသွားသင့်သလဲ။
ဒေါက်တာ ခါလမ်တူးခေါင် - သူတို့လုပ် လာနိုင်တဲ့ အနေအထားတစ်ခုကိုတော့ ကျွန်တော်စဉ်းစားဖူးတာပေါ့ နော်။ ဖွဲ့မယ်ဆိုရင် ဥပမာဗျာ- ကချင်ပြည် နယ်မှာ KSPP ထဲက တစ်ယောက်ကို ဝန်ကြီးချုပ်ခန့်မလားဆို တဲ့ဟာမျိုးတွေ သူများပြောကြဆိုကြတာ ရှိတာပေါ့ဗျာ။ ဒါမှမဟုတ်ရင် အရင်တုန်းက ရှမ်းပြီးရင် ချင်း၊ ချင်းပြီးရင် ကချင်အလှည့်ရောက်မယ်လို့ တကယ်လို့ KSPP ထဲက တစ်ယောက်ကို ဒု-သမ္မတ ခန့်မလား။ ဆိုတဲ့ဟာမျိုးတွေပေါ့နော်။ တချို့ မှန်းပြီးပြောကြတာ ရှိတာပေါ့။ ဒါပေမယ့် ဒါက လက်တွေ့ဖြစ်နိုင်မလား မဖြစ်နိုင်ဘူးလားဆိုတာ ဒါစောင့်ကြည့်ရမှာပဲလေ။ သူတို့အနေနဲ့ဒီလောက်အထိ လိုက်လျောနိုင်မလားဆိုတာ။ အဲဒါ လောက်လုပ်ပေးနိုင်တယ်ဆိုတော့ အတိုင်းအတာ တစ်ခုအ ထိကတော့ ကျေနပ်တဲ့သူလည်း ရှိကောင်းရှိ မှာပေါ့။ သာမန်ပြည်သူတွေကတော့ ဘာပဲဖြစ်ဖြစ် ကိုယ့်ကချင်တွေ ကိုယ့်ကချင်ပါတီထဲကလူတွေကို ဝန်ကြီးချုပ် ပေးတယ်။ဒါမှမဟုတ် ဒု-သမ္မတပေးတယ်ဆိုရင်၊ ချင်းတွေ တစ်ချို့ပြောသလို မျိုးပေါ့ ဒု-သမ္မတ ကို ချင်းခန့်ထားတာကျတော့ NLD က ချင်းတွေရဲ့ ကျေးဇူးရှင်ပဲ ဆိုတဲ့ဟာမျိုးတွေ အထိတောင်မှ ပြောလာ တဲ့ အတိုင်းအတာ ပြည်သူတွေမှာတော့ အဲလိုတွေရှိတာပေါ့နော်။ ကချင်လည်း အဲလိုမျိုးလောက်အထိ ပြောလာနိုင်မယ့် အနေအထား တစ်ချို့ရှိကောင်းရှိမယ်လေ။ ဒါပေမယ့် နိုင်ငံရေး ပိုင်းကို ကောင်းကောင်း မွန်မွန် ဂဃဏန လေ့လာတဲ့သူတွေကတော့ ဒါသိပ်မထူးဘူးဆိုတဲ့ အမြင်မျိုးတော့ရှိမှာပေါ့။
မေး - NLD အနေနဲ့ တိုင်းရင်းသားပါတီတွေနဲ့ ညီညွတ်ရေး အစိုးရဖွဲ့မယ်ဆိုပြီး ပြောဆိုမှုတွေက ဘာကြောင့် ဖြစ်လာတယ်လို့ ထင်ပါသလဲ။ သုံးသပ်ပေးပါဦးခင်ဗျာ။
ဒေါက်တာ ခါလမ်တူးခေါင် - ဒါက အစပိုင်းမှာ တိုက်ခိုက်မှုမျိုးပေါ့နော်။ တိုင်းရင်းသား ပါတီတွေက အား ကောင်းလာတဲ့ အနေအထားတွေမှာ ဥပမာ ဒီတိုင်းရင်းသား ပါတီအားကောင်းတယ်ဆိုတာက ဘာလဲဆို တော့ အရင်တုန်းက ၂၀၁၀ ပေါ့နော်။ ၂၀၁၀ တုန်းက တိုင်းရင်းသားပါတီတွေက အရမ်းစိတ်ကို မဝင်စားတာ ပေါ့နော်။ ပါတီဖွဲ့တဲ့လူ ရှိတော့ရှိတယ်။ ဒါပေမယ့်လို့ ဥပမာ ကချင်မှာဆိုရင်တော့ ကချင်တွေက မဲထည့်ဖို့ တောင်မှ အင်တိုက်အားတိုက်ဘာမှ မရှိဘူး။ ၂၀၁၅ မှာ နည်းနည်းလှုပ်ရှားလာတယ်။ တိုင်းရင်းသား ပါတီ တွေ ဒါပေမယ့် ဒီလောက်ကြီးတော့ မဟုတ်သေးဘူး။ ပြောရမယ်ဆိုရင်တော့ ၂၀၁၅ မှာ များသောအားဖြင့် တော့ NLD ကိုပဲ အားပေးကြတာပေါ့နော်။ အခု ၂၀၂၀ မှာက တိုင်းရင်းသား ပါတီတွေက စုပေါင်းပြီးတော့မှ နည်းနည်းပိုအားကောင်းလာတယ်။ နောက်ပြီးတော့ ပြည်သူတွေထဲမှာလည်း ငြင်းခုန်ကြတာတွေ ရှိလာ တာပေါ့နော်။ ပြည်သူတွေက များသောအားဖြင့် တိုင်းရင်းသား ပါတီကို မဲထည့်ရမယ်ဆိုတဲ့ ဟာမျိုးက ပိုပြီးတော့မှ ကြီးထွားလာတယ်။ ဒီတော့ အခုဒီအချိန်မှာက NLD က နိုင်တယ်ဆိုသည့်တိုင်အောင် မြန်မာ နိုင်ငံရဲ့ မဲစနစ်ကိုက သူက တစ်ယောက်ပဲပိုရရ၊ နှစ်ယောက်ပဲ ပိုရရ၊ နိုင်တဲ့လူက အကုန်ယူတမ်းစနစ်နဲ့ အကုန်ယူ ဆိုပေမယ့်လို့ သူက နိုင်တယ်ဆိုပေမယ့် သူ့ကိုထောက်ခံတဲ့ ပြည်သူက အကုန်လုံးမဟုတ်ဘူးလေ။ အကုန်လုံး မဟုတ်တဲ့ အခါကျတော့ တစ်ဝက်လောက်ကတော့ ရှိမယ်။ ဥပမာ ဝိုင်းမော်ပေါ့နော်။ ဝိုင်း မော်မှာဆိုရင် NLD ရထားတဲ့မဲ သူကနိုင်တော့နိုင်တယ်။ ဒါပေမယ့် NLD ရထားတဲ့ မဆန္ဒရှင်က ကျန်တဲ့ပါ တီတွေ အားလုံးပေါင်းလိုက်လို့ရှိရင် အဲလောက်မရှိဘူးပေါ့နော်။ ပြောမယ်ဆိုရင် ဥပမာ KSPP နောက်ပြီး တော့ ကချင်သစ်ပါတီရှိမယ်။ အဲဒီမှာ လီဆူပါတီလည်းရှိမယ်။ ကျွန်တော်တို့ ကချင်ထဲမှာတော့ ပါတီ နှစ်ခု သုံးခုပေါ့နော်။ သူတို့အကုန်လုံးပေါင်းလိုက်လို့ရှိရင် NLD ထက်ပိုများတယ်။ ကချင်ပါတီ ပြောရမယ်ဆိုရင် တော့ ထောက်ခံတာ ဝိုင်းမော်တစ်မြို့နယ်လုံးမှာ NLD ကိုထောက်ခံတာ မဟုတ်ဘူးဆိုတဲ့ အဲမှာရှိတယ်။ နိုင်တော့ နိုင်ပါတယ်။ ဒါပေမယ့် ပြည်သူအများပိုင်းတော့ မဟုတ်ဘူး။ ဒီတော့ အဲမှာ စဉ်းစားလာရတာ ပေါ့နော်။ NLD အနေနဲ့ ဘာလဲဆိုရင် သူက ပြည်သူတွေ အားလုံးပါလာအောင် လုပ်ဖို့တွေပါလိမ့်မယ်။ နိုင်တဲ့ ဒေတာအရ ပြောရမယ်ဆိုရင်တော့ တစ်နိုင်ငံလုံးက NLD ကို ထောက်ခံသလိုမျိုးထင်ကောင်းထင်နေမယ်။ ဒါပေမယ့် တကယ့်တကယ် အရေးအတွက် ဒေတာအရကတော့ မဟုတ်ဘူးပေါ့နော်။ တစ်ချို့မဲ မထည့် တဲ့ဟာတွေလည်း အများကြီးရှိတယ်။ ကချင်ပါတီမှာလည်း သူကနှစ် ပါတီ ငြင်းခုန်နေကြတာကိုး ဘယ်မှလည်း မထည့် တော့ဘူးဆိုတဲ့ဟာမျိုးတွေပေါ့။ စိတ်ကုန်လို့ ဘယ်မှာမှ မထည့်တော့ဘူးဆို တဲ့ဟာမျိုးတွေလည်း အများကြီး ရှိတယ်။ အဲလိုမျိုး အနေအထားမှာ သူတို့က ဒီညီညွတ်ရေး ပါတီဆိုပြီးမှ လုပ်လာတာက အဓိကကတော့ နိုင်ငံရဲ့ ရှေ့ဆက်လုပ်ငန်းစဉ်တွေမှာ အနှောက်အယှက် မဖြစ်အောင်ပေါ့နော်။ သူတို့အနေနဲ့ နည်းနည်း ပြန်ပြီးတော့ ပြည်သူအားလုံး သူတို့ရဲ့ နိုင်ငံရေး ရေစီးချောင်းထဲကို ပါဝင်လာ အောင် သူတို့ ဆော်သြတယ်လို့ ကျွန်တော်အဲလိုပဲ မြင်တယ်။
မေး - NLD အနေနဲ့က ညီညွတ်ရေးအစိုးရလုပ်မယ်လို့ ထုတ်ဖော်ပြောဆိုလာတဲ့ နောက်ပိုင်းမှာ ပါတီတွေ ကရော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကရော ကြိုဆိုကြတာတွေ့ရတယ်။ အဲလိုမျိုးအနေအထားမှာ အခုသွားနေတဲ့ အမျိုးသားရင်ကြားစေ့ရင်းတို့ ပြန်လည်သင့်မြတ်ရေးတို့ကို ဒီညီညွှတ်ရေးအစိုးရက အထောက်အကူဖြစ်စေသလား။ ဘယ်လိုမြင်သလဲ။
ဒေါက်တာ ခါလမ်တူးခေါင် - အမျိုးသားရင်ကြားစေ့ရေးကတော့ ဘယ်လိုပုံစံလုပ်လုပ်ပေါ့။ ဒါက အကောင်း မြင်ရမှာပဲလေ။ ဘယ်သူမဆို ကျွန်တော်လည်း အကောင်းမြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ပေါင်းစည်းမယ့် လူတွေနဲ့ engage လုပ်မယ်၊ အမြင်မတူသည့်တိုင်အောင် ပေါ့နော်။ ပေါင်းစည်းဖို့ ကြိုးစားခြင်းက ကောင်းတဲ့ အချက်ပဲလေ။ ကောင်းတဲ့ အချက်ဆိုတော့ တကယ့်တကယ် ဒါက လက်တွေ့ကျကျ ပေါင်းစည်းမလား။ နောက်ပြီးတော့ သူတို့ရဲ့ ထုတ်ပြန်ချက်မှာလည်း ဒီမိုကရေစီဖက်ဒရယ်ကို မမှိန်မသုတ်ဆက်ပြီး လုပ်သွားမယ်။ တိုင်းရင်းသား ပါတီတွေလည်း ဒီနိုင်ငံရေး လမ်းစဉ်ပေါ်မှာ ပါဝင်လာလိမ့်မယ်လို့ မျှော်လင့်တယ်ဆိုတဲ့ဟာမျိုးတွေ သူရဲ့ ထုတ်ပြန်ချက်ကို ကြည့်လို့ရှိရင်တော့ ဘာပဲဖြစ် ဖြစ် NLD ကတော့ ဒါ သူ့ရဲ့ လုပ်ငန်းစဉ်ထဲမှာ ဘယ်လိုပဲဖြစ်ဖြစ် opposition နည်းအောင် ဆိုတဲ့သဘော မျိုးပေါ့နော်။ ကျွန်တော် အဲလိုမြင်တယ်။ နောက်ပြီးတော့ ဘယ်သူဘာပဲ ပြောပြော ကျွန်တော်တို့ ဖြစ်ချင်တဲ့ နိုင်ငံရေးလမ်း ကြောင်း ဖက်ကို ကျွန်တော်တို့ ဆွဲခေါ်သွားမယ်ဆိုတဲ့ သဘောမျိုးပေါ့။ အဲဒါ တစ်ဖက်မှာတော့ ကောင်းသလိုလို ထင်ရ ပေမယ့် အဲဒါ နည်းနည်းအန္တရာယ်တော့ များတယ်။ လူများစုရဲ့ သဘောထားကို အားလုံးဝိုင်းထောက်ခံ ပေး ခိုင်းတဲ့ သဘောမျိုးဖြစ်တာပေါ့နော်။
မေး - ဒီညီညွတ်ရေးအစိုးရကနေ တိုင်းရင်းသားတွေလိုချင်တဲ့ ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို ရောက်ရှိနိုင်လား။ ဘယ်လိုမြင်သလဲ။
ဒေါက်တာ ခါလမ်တူးခေါင် - ဒီမိုကရေစီ သူတို့ ဒီမိုကရေစီဖက်ဒရယ်လို့ ပြောတဲ့ ဒီဟာက ကျွန်တော်တို့ စဉ်း စားထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီနဲ့တော့ နည်းနည်းကွဲလွဲမယ်ထင်တယ်။ ကွဲလွဲမယ်ဆိုတော့ ဥပမာ သူတို့တ ကယ့် တကယ် ဒီမိုကရေစီဖက်ဒရယ် ဆိုပြီး သွားမယ်ဆိုရင်တော့ကျွန်တော်တို့အတွက် နည်းနည်း စိုးရိမ်စရာ ရှိတာပေါ့နော်။ အဲခါကျတော့ ဖက်ဒရယ်ဘက်သွားဖို့ဆိုတာ နည်းနည်း အလှမ်းဝေးသွားသလိုမျိုးတော့ ခံစား ရတာပေါ့။ အဲတော့ ရောက်နိုင်သလား။ မရောက်နိုင်ဘူးလား ဆိုတာက ဒီညီညွတ်ရေးပါတီနဲ့တော့ မဆိုင်ဘူး။ ညီညွတ်ရေးပါတီဖွဲ့ဖွဲ့၊ မဖွဲ့ဖွဲ့ တကယ်လို့များ လုပ်မယ် NLD က လုပ်ဖို့ တကယ့် တကယ် ဖက်ဒရယ်ကို အ စစ်အမှန်လုပ်ဖို့ ဆန္ဒရှိ တယ်ဆိုရင်တော့ သူတို့ လုပ်ရင်ရတာပဲ။ ပြောမယ်ဆိုရင်တော့ အခုကတည်းကနေ ဖက်ဒရယ်နဲ့ ပတ်သက်တဲ့ ဘတ်ဂျတ် တွေပေါ့နော်။ ဖက်ဒရယ်နဲ့ ပတ်သက်တဲ့ သင်တန်းတွေ နောက်ပြီးတော့ ကျောင်းသင်ခန်းစာတွေပေါ့နော်။ နိုင်ငံရေး သိပ္ပံနဲ့ ပတ်သက်တဲ့ ကျောင်းသင်ခန်းစာတွေ အခုကတည်းက သူက လုပ်သွားရတော့မယ်။ ပညာရေးမှာ ပညာရေးတွေမှာ မပေးပဲနဲ့ ဒီဖက်ဒရယ် ပညာရေးကို မြန်မာနိုင်ငံသားအားလုံး တပြိုင်တည်း ရဖို့ဆိုတာ လွယ်တာတော့ မလွယ်ဘူးပေါ့နော်။ ဒီတော့ လူများစုဖြစ် တဲ့ ဗမာ လူ့အသိုင်းအဝိုင်းထဲမှာ ဒီဖက်ဒရယ် အကြောင်းကို နားမလည်ပဲနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံကို ဖက်ဒရယ်ဘက်သွားမယ် ဆိုတာတော့ တော်တော်ခက်တယ်။ အခု အထူးသဖြင့် သူတို့က ဒီမိုကရေစီ ဖက်ဒရယ်လို့ ပြောလိုက်တဲ့အခါကျတော့ ဒီဒီမိုကရေစီဆိုရင် လူများစုက ဦးဆောင်ပြီး လုပ်သွားမယ်ဆိုတဲ့ သဘောမျိုးတွေရှိတယ်။ အဲခါကျတော့ ဒီလူများစုက ဖက်ဒရယ် အကြောင်းနားမလည်ပဲနဲ့ ဒီ ဒီမိုကရေစီဖက် ဒရယ်ကို ဘယ်လိုလုပ်မလဲ။ အဲဒါ အရမ်းစိုးရိမ်ဖို့ကောင်းတာပေါ့နော်။ နောက်ပိုင်းကျတော့ ကျွန်တော်တို့က အမျိုးသားလက္ခာဏာတွေကို လိုချင်လို့ ဖက်ဒရယ်တောင်းပါတယ်ဆိုပြီးမှပဲ အမျိုးသားရေး လက္ခာဏာတွေ အကုန်လုံး ပျောက်တဲ့ စနစ်မျိုး ထွက်လာမှာကိုလည်း ကျွန်တော်တို့ ကြောက်ရတယ် စိုးရိမ်ရတယ်။
မေး - နောက်ဆုံအနေနဲ့ ဘာများဖြည့်စွတ်ပြောချင်ပါသလဲ။
ဒေါက်တာ ခါလမ်တူးခေါင် - မြန်မာပြည်မှာက ခုအချိန်အထိ မြန်မာပြည်သားတွေ အကုန်လုံးဆင်းရဲနေ တာက နိုင်ငံရေး စနစ်မကောင်း လို့ပဲ။ ပြောမယ်ဆိုရင် ဒီတော့ နိုင်ငံရေးစနစ်ကို အရင်ပြောင်းလဲရမယ်။ နိုင်ငံရေး စနစ်ဆိုတဲ့ နေရာမှာ တစ် ကမ္ဘာလုံးမှာ ဖက်ဒရယ်နိုင်ငံဆိုတာက တစ်ကမ္ဘာလုံးမှာ ရှိတဲ့နိုင်ငံ တစ် ရာနဲ့ ကိုးဆယ်ငါးနိုင်ငံမှာ ဖက်ဒရယ်နိုင်ငံက သုံးဆယ်ပဲရှိတယ်။ ဒါပေမယ့် အဲဒီဖက်ဒရယ် သုံးဆယ်နိုင်ငံက ကမ္ဘာ့ လူဦးရေရဲ့ လေးဆယ် ရာခိုင်နှုန်း သူက အုပ်ချုပ်နေတယ်။ တစ်ဝက်နီးပါးပေါ့နော်။ နောက်ပြီးတော့ အဲဒီ နိုင်ငံ သုံးဆယ်က ကမ္ဘာမှာ အချမ်းသာဆုံးနိုင်ငံ၊ ပြောရမယ်ဆိုရင်တော့ ကမ္ဘာမှာ အငြိမ်းချမ်းဆုံး နိုင်ငံတွေဖြစ်တယ်။ လူ့အခွင့်အရေး အပြည့်ဝဆုံးနိုင်ငံတွေဖြစ်နေတယ်။ အဲတော့ မကောင်းတာ ဘာမှ မရှိပါဘူး။ ဖက်ဒရယ်က ကမ္ဘာမှာ ဆင်းရဲနေတဲ့ နိုင်ငံတွေ ပြဿနာ ဖြစ်နေတဲ့ နိုင်ငံတွေ ပြောမယ်ဆိုရင်တော့ ဟို အမြဲတမ်းဖြေရှင်းလို့မရတဲ့ ပြဿနာတွေ ဝိုင်းနေတဲ့ နိုင်ငံတွေ အကုန်လုံးက ဘာလဲဆိုတော့ ဗဟိုချုပ်ကိုင် မှုစနစ်ရှိတဲ့နိုင်ငံတွေ၊ အာဏာရှင်ရှိတဲ့ နိုင်ငံတွေ၊ ဒါကသုတေသနစာတမ်းတွေလည်း အများကြီးရှိပါတယ်။ ဒီတော့ ဒီလောက်ကောင်းတဲ့ စနစ်ကို နိုင်ငံခေါင်းဆောင်တွေက ဘာဖြစ်လို့ အင်တင်တင် ဖြစ်နေရတာလဲ။ အဲဒါကျွန်တော်နားမလည်နိုင်ဘူး။ မြန်မြန်လုပ်လိုက်ရင် မပြီးနိုင်ဘူးလား။ ပြောမယ်ဆိုရင်တော့ အကုန်လုံးက ဖက်ဒရယ်လို့ ပြောတယ်။ ဖက်ဒရယ်ဆိုတာက ခွဲထွက်ရေးမှ မဟုတ်တာ ပေါင်းစည်းရေးပဲလေ။ အကုန်လုံး အတူတကွ ဝိုင်းလုပ်ရမယ့် စနစ်တစ်ခုပေါ့နော်။ အဲတော့ ဒီလောက် ကောင်းတဲ့ စနစ်ကို ကျွန်တော်တို့ ရှောင် ဖယ်ဖယ် လုပ်နေရင်တော့ ကျွန်တော်တို့ မြန်မာနိုင်ငံကတော့ ဆက်ပြီးတော့ ဒီအတိုင်းပဲဖြစ်နေမှာ။ ကမ္ဘာမှာ မပြောနဲ့ ဒေသတွင်းမှာတောင်မှ အာစီယံမှာတောင်မှ အောက်ဆုံးရောက်နေပြီ။ ဒီတော့ ဒါကိုစဉ်းစားဖို့တော့ သင့်တာပေါ့နေ်။