မွန်ပြည်နယ်ခရိုင်နှစ်ခုတွင် ရွေးကောက်ပွဲကုန်ကျစရိတ်တင်သွင်းရန် လွှတ်တော်ကိုယ်စားလှယ်လောင်း ၆၀ ခန့် ကျန်ရှိနေသေးကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံမှ သိရသည်။
မွန်ပြည်နယ်အတွင်း မော်လမြိုင်နဲ့ သထုံခရိုင်နှစ်ခုတွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၃၇ ခုနှစ်ဦးရှိပြီး ၎င်းတို့အနေဖြင့် ရွေးကောက်တင်မြှောက်ခံရသူ ကိုယ်စားလှယ်၏အမည်ကို ကြေညာသည့်နေ့မှစ၍ ရက်ပေါင်း ၃၀ အတွင်း ရွေးကောက်ပွဲကုန်ကျစရိတ်ကို တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။
ယခုအခါ အဆိုပါခရိုင်နှစ်ခုတွင် ရွေးကောက်ပွဲကုန်ကျစရိတ် လာရောက်တင်သွင်းသူဦးရေ ၁၈၀ ကျော်ရှိနေပြီဖြစ်ပြီး ဦးရေ ၆၀ ခန့်သာ တင်သွင်းရန်လိုတော့သည်ဟု ဆိုသည်။
သထုံခရိုင်တွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၀၈ ဦးရှိပြီး ဒီဇင်ဘာ ၇ ရက်အထိ ကိုယ်စားလှယ်လောင်း ၇၀ ကျော် တင်သွင်းထားကြောင်းနှင့် မော်လမြိုင်ခရိုင်တွင် ရွေးကောက်ပွဲဝင်ပြိုင်ခဲ့သည် လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၂၉ ဦးရပြီး ဒီဇင်ဘာ ၈ ရက်အထိ ကိုယ်စားလှယ်လောင်း ၁၁၀ ဦးတင်သွင်းထားကြောင်း သိရသည်။
“ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ လွှတ်တော်ကိုယ်စားလှယ်လောင်း အားလုံးဟာ ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်း ပုံစံ ၂၀ နဲ့ တင်သွင်းကြဖို့ တာဝန်ရှိပါတယ်။ ဒီစာရင်းကိုတော့ လွှတ်တော်ကိုယ်စားလှယ်လောင်း၊ ဒါမှမဟုတ် သူတို့ရဲ့ ရွေးကောက်ပွဲကိုယ်စားလှယ်တွေကနေ တင်သွင်းရမှာပါ။ အဲဒီအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း သတ်မှတ်ရက်အတွင်း အချိန်မီတင်သွင်းကြဖို့ အသိပေးနှိုးဆော်နေပါတယ်။ ဥပဒေ၊ နည်းဥပဒေအရ ရွေးကောက်ခံရတဲ့ ကိုယ်စားလှယ်အမည်ကြေညာပြီး ရက် ၃၀ အတွင်း တင်သွင်းရမှာဖြစ်ပါတယ်။ မွန်ပြည်နယ်က အနိုင်ရကိုယ်စားလှယ်တွေကို နိုဝင်ဘာ ၁၀ ရက်နေ့မှာ ကြေညာခဲ့တာပါ။ ဒါကြောင့် ရက် ၃၀ က ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ပြည့်မှာ ဖြစ်ပါတယ်” ဟု သထုံခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်နိုင်ဦးက ပြောသည်။
ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ကိုယ်စားလှယ်လောင်းများအနေဖြင့် ရွေးကောက်ပွဲကုန်ကျစရိတ် မတင်သွင်းပါက သက်ဆိုင်ရာရွေးကောက်ပွဲနည်းဥပဒေ ၈၄ အရ အရည်အချင်းပျက်ယွင်းသူအဖြစ် ကြေညာခံရမည်ဖြစ်ပြီး ယင်းသို့ကြေညာခံရသူသည် ဥပဒေပုဒ်မ ၈၈ (ဂ) အရ ကြေညာတဲ့နေ့မှစ၍ လက်ရှိ လွှတ်တော်သက်တမ်းအတွင်းကျင်းပတဲ့ ရွေးကောက်ပွဲများတွင် ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့်ရမည်မဟုတ်ကြောင်း သိရသည်။
ထို့ကြောင့် ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ယနေ့အထိ ရွေးကောက်ပွဲကုန်ကျစရိတ်မတင်သွင်းသေးသည့် ကိုယ်စားလှယ်လောင်းများကို ဖုန်းဖြင့် ဆက်သွယ်၍ အမြန်ဆုံးတင်သွင်းရန် ဆော်သြလျက်ရှိသည်ဟု ဆိုသည်။
“ရွေးကောက်ပွဲနည်းဥပဒေ ၇၄ အရ ရွေးကောက်ပွဲကုန်ကျစရိတ်အဖြစ် ငွေကျပ် သိန်း ၁ဝဝ ထက် ပိုသုံးစွဲခွင့်မရှိပါဘူး။ စရိတ်စာရင်းကို မြို့နယ်တရားသူကြီး အဆင့်ထက်မနိမ့်သော တရားသူကြီးတစ်ဦးဦးရှေ့မှောက်မှာပြုလုပ်တဲ့ ကျမ်းကျိန်လွှာကို ပူးတွဲတင်သွင်းရမှာဖြစ်ပါတယ်။တင်သွင်းတာမှာလည်း အခက်အခဲကြီးကြီးမားမား မရှိခဲ့ပါဘူး” ဟု သထုံခရိုင်ကော်မရှင်ရုံးသို့ ရွေးကောက်ပွဲကုန်ကျစရိတ် လာရောက်တင်သွင်းသူ၊ ကျိုက်ထိုမြို့နယ်မှ ကိုယ်စားလှယ်လောင်း ဒေါ်ဝါဝါထူး (မွန်ညီညွတ်ရေးပါတီ) က ပြောသည်။
ကျိုက်ထိုမြို့နယ် မဲဆန္ဒနယ်များတွင် ၎င်းနှင့်အတူ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်းများထဲတွင် ရွေးကောက်ပွဲစရိတ်တင်ရန်ကျန်နေသူများရှိနေပြီး အချိန်မီတင်နိုင်ရေး လုပ်ဆောင်လျက်ရှိကြောင်း ဒေါ်ဝါဝါထူးက ဆက်လက်ပြောသည်။
ရွေးကောက်ပွဲတွင် မွန်ပြည်နယ်၌ ကိုယ်စားလှယ်လောင်း ၁၃၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ၁၇ ဦး၊ မွန်ညီညွတ်ရေးပါတီ (MUP) က ခြောက်ဦးစုစုပေါင်း ၂၃ ဦး ရွေးကောက်တင်မြှောက်ခံခဲ့ရကြောင်း သိရသည်။