NCA သဘောတူညီချက်များ ချိုးဖောက်နေသည့်အပေါ် လက်ရှိအစိုးရနှင့် ရွေးကောက်ပွဲအနိုင်ရအစိုးရသစ်တို့ ကိုင်တွယ်ပေးရန် KNLA တိုက်တွန်း

NCA သဘောတူညီချက်များ ချိုးဖောက်နေသည့်အပေါ် လက်ရှိအစိုးရနှင့် ရွေးကောက်ပွဲအနိုင်ရအစိုးရသစ်တို့ ကိုင်တွယ်ပေးရန် KNLA တိုက်တွန်း
by -
စောထွန်းလင်း (KIC)

NCA သဘောတူညီချက်များကို မြန်မာ့တပ်မတော်က ချိုးဖောက်နေသည့်အပေါ် လက်ရှိ အစိုးရနှင့်ပြန်လည်ဖွဲ့ စည်းမည့်ရွေးကောက်ပွဲအနိုင်ရအစိုးရသစ်တို့ ကိုင်တွယ်ဖြေရှင်းပေးရန် ကရင်လက်နက်ကိုင်အဖွဲ့ (KNLA) ပြောရေးဆိုခွင့်ရှိသူ စောတာမလာသောက ဒီဇင်ဘာ ၂ ရက်က တိုက်တွန်းခဲ့သည်။

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဦးဆောင်တာ အစိုးရဖြစ်တယ်။ ဒါကြောင့် အပစ်အခတ်ရပ်စဲရေး၊ ခိုင်မာရေးမှာ သူနဲ့မသက်ဆိုင်ဘူးလို့ မှတ်ယူလို့မရဘူး။ ပြီးခဲ့တဲ့ ကာလတွေမှာဆို အစိုးရအနေနဲ့ နိုင်ငံရေးနဲ့ပဲသက်ဆိုင်တယ်လို့ဘဲ ခံယူထားတယ်။ အပစ်အခတ်ရပ်စဲရေးကို တပ်နဲ့ပဲသက်ဆိုင်တယ်လို့ သဘောထားတဲ့အခါကြတော့ အပစ်အခတ်ရပ်စဲရေးမှာ လစ်ဟာမှုတွေရှိခဲ့တယ်။ ဒါကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ် တခုလုံးကိုအစိုးရအနေနဲ့ ကိုင်တွယ်ဖို့ပြောချင်တယ်” ဟု ၎င်းကပြောသည်။

မြန်မာ့တပ်မတော်အနေဖြင့် NCA သဘောတူညီချက်များကို ချိုးဖောက်မှုများရှိနေကြောင်း ကရင်လက်နက်ကိုင်အဖွဲ့ (KNLA) ဒီဇင်ဘာ ၁ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြခဲ့ပြီးထိုထုတ်ပြန်ချက်ထဲ၌ လက်ရှိအစိုးရနှင့် အစိုးရသစ် အနေဖြင့် NCA အခန်း (၃)၊ အခန်း (၆) အကောင်အထည် မဖော်နိုင်သေးသည့်အပြင် အခန်း (၄) ကိုလည်း ထိရောက်သည့်ယန္တရားအဖြစ် မဖော်ဆောင်နိုင်ခဲ့ကြောင်း၊ အခန်း (၃) အပိုဒ် (၃) တွင် စာချုပ်ချုပ်ဆိုပြီး ၁၄ ရက်အတွင်း နှစ်ဖက်တပ်များတွေ့ဆုံညှိနှိုင်းကာ အပစ်ရပ်ကိစ္စများကို တိကျသော အချိန်ဇယား သတ်မှတ်အကောင်အထည်ဖော်ခြင်းများ ပြုလုပ်သွားရန် သဘောတူခဲ့သော်လည်း ယခုချိန်ထိ ဆွေးနွေးနိုင်ခြင်းမရှိသေးကြောင်း ဖော်ပြထားသည်။

ယင်းအခြေအနေအပေါ် မြန်မာ့တပ်မတော်မှ အခွင့်ကောင်းယူကာ NCA သဘောတူညီချက်များကို ချိုးဖောက် လျက်ရှိကြောင်း၊ NCA တွင် ပြည်သူ လူထုနှင့် ဆက်စပ်သောနေရာများတွင် စခန်းချခြင်းမပြုလုပ်ရန်၊ အင်အားတိုးချဲ့ခြင်း ဖြည့်တင်းခြင်း နှင့် တပ်စခန်းသစ်များ တည်ဆောက်ခြင်း မပြုလုပ်ရန်ပါရှိကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေးနှင့် နယ်မြေတည် ငြိမ်ရေးကို ရှေ့ရှုပြီး မြန်မာ့တပ်မတော်အနေဖြင့် ကျေးရွာအတွင်း ယခင်စခန်းချတပ်စွဲထားသည့် တပ်စခန်းများနှင့် ထပ်မံတိုးချဲ့ထားသည့် စခန်းများအား ၂၀၂၀ နှစ်ကုန်ပိုင်းတွင် အပြီးပိုင် ရုပ်သိမ်းပေးရန် ပြောဆိုထားသည်။

အဆိုပါ ကိစ္စရပ်များအပေါ် လေးစားလိုက်နာမှုမရှိဘဲ ဆက်လက်ချိုးဖောက်ကျူးလွန်မည်ဆိုပါက နောက်ဆက်တွဲ ဖြစ် ပေါ်လာနိုင်သည့် ပြသာနာအရပ်ရပ်သည် အစိုးရနှင့် တပ်မတော်တို့၏ ငြိမ်းချမ်းရေးတည်ဆောက်ရေးဆိုင်ရာ ပျက်ကွက်မှုသာဖြစ်ပြီး ကေအဲန်ယူအနေဖြင့် အမျိုးသားနှင့် နယ်မြေလုံခြုံရေးကို ဆက်လုပ်ဆောင်သွားမည်ဟု ဖော်ပြထားသည်။

“အချို့နေရာတွေမှာ တပ်စခန်းချဲ့ထွင်ပြီး အင်းအားတိုးချဲ့ထားတာလေးတွေရှိတယ်။ ဥပမာ-တပ်မဟာ ၅နဲ့ တပ် မဟာ ၇ ထိစပ်တဲ့နေရာဖြစ်တဲ့ သူးမွဲထာ့ မာနယ်ပလောဒေသဖက်မှာ တာဝန်ယူနေတဲ့၊ စစ်ကွက်ကဲရေးဌာနချုပ် (စကခ ၈) လက်အောက်ခံတပ်ဆိုရင် အင်အားနှစ်ဆ တိုးချဲ့ထားတာရှိတယ်” စောတာမလာသောက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂ ရက်တွင် ကေအဲန်ယူ တပ်မဟာ ၅ နယ်မြေတွင် နှစ်ဖက်တပ်များ အောက်ခြေအဆင့် ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့်အပြင် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၁၆ ရက်တွင်လည်း လဂွန်းပျို (ခိုသွီထာ့) ၌ တပ်စွဲထားသည့် စကခ (၈) လက်အောက်ခံ ခလရ (၄၀၉) မှ တပ်သားနှစ်ဦး ပိုးလိုးထရွာသူ နော်မုနော်ကိုပစ်သတ်ကာ ဆွဲကြိုး၊ နားကပ်ယူဆောင်သွားသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သဖြင့် ဒေသခံများ တပ်စခန်းများရုပ်သိမ်းရေး ဆန္ဒထုတ်ဖော်ပွဲများ ပြုလုပ်ခဲ့ရသည်။

လက်ရှိ တပ်မတော်အနေဖြင့် နိုင်ငံအတွင်း အကြမ်းဖက်အဖွဲ့အစည်းများ ရှိသည့်နေရာများမှအပ ကျန်နေရာများ အားလုံး စစ်ရေးလှုပ်ရှားမှုကို ဒီဇင်ဘာလအတွင်း ရပ်တန့်ထားမည်ဟု တပ်မတော်သတင်းမှန် ပြန်ကြားရေး အဖွဲ့က ယခုလဆန်းပိုင်းတွင် ထုတ်ပြန်ထားသည်။  

KNLA အနေဖြင့် ယခုနှစ်ရွေးကောက်ပွဲ ရလဒ်နှင့်အတူ မကြာမီဖွဲ့စည်းမည့်အစိုးရသစ်၏ စစ်မှန်သော ပြည်ထောင်စုပေါ်ထွန်းရေးနှင့် ပြည်တွင်ငြိမ်းချမ်းရေးကဏ္ဍများတွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ဦးဆောင်မှုဖြင့် ကျရာကဏ္ဍ၌ပါဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...