ရွေးကောက်ပွဲတွင်ရှုံးနိမ့်ခဲ့သည့် ကယန်းအမျိုးသားပါတီ ပြင်ဆင်မှုများပြုလုပ်၍ ထပ်မံကြိုးစားမည်

ရွေးကောက်ပွဲတွင်ရှုံးနိမ့်ခဲ့သည့် ကယန်းအမျိုးသားပါတီ ပြင်ဆင်မှုများပြုလုပ်၍ ထပ်မံကြိုးစားမည်
by -
နော်ဒွေးအယ်ခူ (KT)

နိုဝင်ဘာ ၈ ရက်ကကျင်းပခဲ့သည့် ၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မဲဆန္ဒနယ်အားလုံးနီးပါး ရှုံးနိမ့်ခဲ့သည့် ကယန်းအမျိုးသားပါတီအနေဖြင့် ပြင်ဆင်မှုများပြုလုပ်၍ ထပ်မံကြိုးစားမည်ဖြစ်ကြောင်း ပါတီဥက္ကဌ ခွန်းဘီထူးကပြောသည်။

“ပြင်ဆင်မှုတွေဆက်ရှိလိမ့်မယ်။ ဒါကိုအားကောင်းအောင်ဆက်လုပ်ဖို့လိုလိမ့်မယ်ပေါ့။ ကျွန်တော်သုံးသပ်တာက အဓိက လူထုတွေရဲ့နိုင်ငံရေးအပေါ်မှာရချင်တဲ့စိတ်က လူထုပေးတဲ့မဲအပေါ်ကွဲတယ်လို့ယူဆတယ်။ ကျွန်တာ်တို့ လူထုတွေကို ပိုပြီးရှင်းလင်းတဲ့နိုင်ငံရေးချပြမှုတွေ ပါတီဖက်မှာအရမ်းအားနည်းလို့လား။ ကျွန်တော်တို့ကိုရှိပြီး အားပေးတာထက် ပါတီမူဝါဒကိုအားပေးတယ်၊ ပါတီရဲ့ရပ်တည်ချက်ကို အမှန်တကယ်အားပေးတဲ့အနေအထား ဖြစ်အောင် ဖန်တီးဖို့လိုအပ်တယ်။ တိုင်းရင်းသားတွေရဲ့နိုင်ငံရေးက ဒီထက်ပိုပြီးတော့ စုစည်းဖို့လိုအပ်တယ်” ဟု ခွန်းဘီထူးက ပြောသည်။

ကယားလူထုအနေဖြင့် နိုင်ငံရေးကိုအကဲဖြတ်သည့်နေရာတွင် ထင်ရှားသူဖက်သို့ လိုက်ပါခြင်း၊ ပါတီအနေဖြင့် နိုင်ငံရေးပေါ်လစီများကို တိုင်းရင်းသားများအားထိထိရောက်ရောက်မပြောပြနိုင်ခြင်း၊ ကိုဗစ်ကာလဖြစ်ခြင်း၊ အနိုင်ရသည့်ပါတီများမှ ငွေအင်အားသုံးပြီးအလှူဒါနပြုလုပ်သည့်အတွက် အားကိုးရသည့်အခြေအနေဖြစ်ခြင်း စသည့်အကြောင်းအရင်းများကြောင့် ရှုံးနိမ့်ရခြင်းဖြစ်ကြောင်း ခွန်းဘီထူးက သုံးသပ်သည်။

ကယန်းအမျိုးသားပါတီသည် ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်၏ပြည်နယ်လွှတ်တော်တွင် နှစ်နေရာ၊ အမျိုးသားလွှတ်တော်တွင် တစ်နေရာ၊ ပြည်သူ့လွှတ်တော်တွင် တစ်နေရာနှင့် ကယန်းလူမျိုးတိုင်းရင်းသားရေးရာ တွင် တစ်နေရာ၊ ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်၏ ပြည်နယ်လွှတ်တော်တွင် တစ်နေရာ၊ ကယားပြည်နယ် ဒီမော့ဆိုမြို့နယ်၏ ပြည်နယ်လွှတ်တော်တွင် တစ်နေရာနှင့် အမျိုးသားလွှတ်တော်တွင်တစ်နေရာ၊ မယ်စဲ့မြို့နယ်၏ ပြည်သူ့လွှတ်တော်တွင် တစ်နေရာနှင့် ပြည်နယ်လွှတ်တော်တွင် တစ်နေရာ မဲဆန္ဒနယ် စုစုပေါင်း ၁၀ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ယင်းသို့ ဝင်ပြိုင်ရာတွင် ရှမ်းပြည်နယ်မှ ကယန်းရေးရာဝန်ကြီးတစ်နေရာသာ အနိုင်ရရှိခဲ့ပြီး ကျန်သည့်နေရာအားလုံးတွင် ရှုံးနိမ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“၂၀၂၅အတွက် ကျွန်တော်တို့က လူထုကိုအစေခံဖို့ပါပဲ။ ဒါပေမယ့် လူထုကို အလုပ်အကျွေးပြုတဲ့နေရာမှာ ပိုကောင်းတဲ့မူဝါဒနဲ့ ပိုကောင်းတဲ့ ပလက်ဖောင်းသွားနိုင်ဖို့က လူထုတွေကို မဲတောင်းဆိုခြင်းဖြစ်တယ်ပေါ့နော်။ ဒီအတွက်ကို ကျွန်တော်တို့က ပြင်ဆင်သွားမှာဖြစ်တယ်။ ပြန်ခြုံရရင် နံပါတ်တစ်ကတော့ မူဝါဒကိုဆက်အားကောင်းအောင် ပါတီအဖွဲ့အစည်းကောင်းအောင်လုပ်ရမယ်။ နံပါတ်နှစ်ကတော့ တိကျတဲ့နိုင်ငံရေးစည်းရုံးမှုတွေ၊ မူဝါဒတွေချပြနိုင်ဖို့ အင်မတန်လိုအပ်တယ်။ နံပါတ်သုံးက ကျွန်တော်တို့ပါတီရဲ့ ညွှန့်ပေါင်းမဟာမိတ်လိုမျိုးပေါ့၊ တိုင်းရင်းသားပေါင်းစုံနဲ့ တစ်နိုင်ငံလုံးအဆင့်မှာကျွန်တော်တို့ရဲ့ မဟာမိတ်ကြီးက ဝင်ပြိုင်ပြီးမှ အစိုးရဖွဲ့နိုင်လောက်ထိအင်အားကို ကျွန်တော်တို့ပြနိုင်ဖို့တော့ လုပ်သွားရမယ်” ဟု ခွန်းဘီထူးက ပြောသည်။

ကယန်းအမျိုးသားပါတီအနေဖြင့်၂၀၁၀ခုနှစ်ရွေးကောက်ပွဲတွင်  ရှမ်းပြည်နယ်တောင်ပိုင်းဖယ်ခုံမြို့ မဲဆန္ဒနယ် နှစ်နေရာတွင် အနိုင်ရရှိခဲ့ပြီး ၂၀၁၅ခုနှစ်ရွေးကောက်ပွဲတွင် ဖယ်ခုံမြို့နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း မဲဆန္ဒနယ်အားလုံးရှုံးနိမ့်ခဲ့ပြီး ၂၀၁၇ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းမရှိပေ။

ကယန်းအမျိုးသားပါတီကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ၂၀၁၀ ခုနှစ် ဧပြီ ၂၆ ရက်၌ လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ၂၀၁၀ခုနှစ် မေ ၄ ရက်တွင် တည်ထောင်ခွင့်ရခဲ့ကာ ၂၀၁၀ ခုနှစ် မေလ ၂၀ ရက်နေ့တွင် မှတ်ပုံတင်ခဲ့ရရှိခဲ့ကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...