ပြည်ထောင်စုအရေး NLD ၏ဖိတ်ခေါ်ချက် မွန်ညီညွတ်ရေးပါတီကြိုဆို

ပြည်ထောင်စုအရေး NLD ၏ဖိတ်ခေါ်ချက် မွန်ညီညွတ်ရေးပါတီကြိုဆို
နိုဝင်ဘာ ၂၂ တွင် ကျင်းပသည့် မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်များအစည်းအဝေး
နိုဝင်ဘာ ၂၂ တွင် ကျင်းပသည့် မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်များအစည်းအဝေး

ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုအရေးတက်ကြွစွာ ပူးပေါင်းပါဝင်ရန် တိုင်းရင်းသားပါတီ ၄၈ ပါတီထံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - NLD က ပေးပို့သည့်စာကို မွန်ညီညွတ်ရေးပါတီ - MUP အနေဖြင့် လက်ခံကြိုဆိုအသိအမှတ်ပြုကြောင်း သိရသည်။

 

"နောင်အနာဂတ်မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စ" ဟူ၍ ခေါင်းစဉ်တပ်ထားသည့် နိုဝင်ဘာ ၁၂ ရက်စွဲပါ စာကို ယင်းနေ့က ကနဦး ထုတ်ပြန်ပြီးနောက် အသီးသီး ပေးပို့ခဲ့ရာ မွန်ညီညွတ်ရေး ပါတီထံ  နိုဝင်ဘာ ၁၇ တွင် ရောက်ရှိခဲ့သဖြင့် နိုဝင်ဘာ ၂၂ တွင် ကျင်းပသည့် မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်များအစည်းအဝေးတွင် တင်ပြပြီး လက်ခံကြိုဆိုကြောင်း ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်ဟုဆိုသည်။

 

"အဲဒီစာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဆွေးနွေးဖြစ်ကြတယ်။ စာကို ဖတ်လိုက်တဲ့အခါမှာ တစ် အချက်က ကမ်းလှမ်းတဲ့ သဘောမဟုတ်ဘူး။ ဖိတ်ခေါ်တဲ့ သဘောလည်း မဟုတ်ဘူး။ နှိုးဆော်တဲ့ သဘောဖြစ်တဲ့အတွက် ဒီအပေါ်မှာ ကျွန်တော်တို့က အကြောင်းပြန်ဖို့ မလိုအပ်ဘူး။ သို့သော် ဒီစာကိုတော့ ကျွန်တော်တို့ ကြိုဆို အသိအမှတ်ပြုတယ်။ အဲဒီလောက်ပဲ ဆုံးဖြတ်ပါတယ်" ဟု မွန်ညီညွတ်ရေးပါတီ တွဲဖက်အထွေထွေအတွင်းရေး မှူး ၁ နိုင်လယိတမက ပြောကြားခဲ့သည်။ 

 

ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရွေးကောက်ပွဲ၌ ပြည်နယ်အသီးသီးတွင် တိုင်းရင်းသားပါတီများ တက်ကြွစွာ ပါဝင်ခဲ့ကြသည်ကို သတိမူမိကြောင်းနှင့် ပြည်နယ်အချို့တွင် တိုင်းရင်းသားပါတီအချို့ ကျေနပ်ဖွယ်ရလဒ်ရခဲ့ သည်ဟု NLD က ပေးပို့သည့်စာတွင် ဖော်ပြထားသည်။

 

ထို့ကြောင့် နောင်တွင် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုပေါ်ထွန်းရေး မမှိတ်မသုန် ဆက်လက်ကြိုးပမ်းမည်ဖြစ်ပြီး တိုင်းရင်းသားပါတီတို့နှင့် ရည်မှန်းချက် တူညီသည်ဖြစ်ရာ တိုင်းရင်းသားလူမျိုးစုများ၏ ဆန္ဒကိုအလေးထာဆောင်ရွက်မည်ဖြစ်သဖြင့် ပါဝင်ကြရန် အဆိုပါစာတွင် နှိုးဆော်ထားသည်။

 

ယင်းသို့ ပါတီများ ပူးပေါင်းဆောင်ရွက်မည့်အပေါ် မော်လမြိုင်ဒေသခံ မဲဆန္ဒရှင် မချောစုကြည်က "ခုလို ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်လိုက်တာ အလွန်သင့်မြတ်တဲ့ ကမ်းလှမ်းဖိတ်ခေါ်မှုပါပဲ။ ဒေသတွင်း တိုင်းရင်းသားပါတီဆိုတာလည်း တစ်ဖက်တစ်လမ်းက ပြည်နယ်အကျိုးပြုသူများပါ။ အခုလို စုစုစည်းစည်းနဲ့ အကောင်အထည်ဖော်ကြမယ်ဆိုရင် ကျွန်မတို့ လိုချင်တဲ့ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုတွေ များများ တွေ့ရမှာဖြစ်သလို တိုင်းရင်းသားတွေရဲ့ လူနေမှုအဆင့်တန်း၊ ယဉ်ကျေးမှုတွေ များများ အကျိုးပြုဖော်ဆောင်နိုင်ပါလိမ့်မယ်" ဟု မှတ်ချက်ပြုသည်။

 

မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်နေရာ ၄၅ နေရာရှိသည့်အနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ၃၄ နေရာ၊ မွန်ညီညွတ်ရေးပါတီက ၁၁ နေရာ အသီးသီး အနိုင်ရရှိထားပြီး တိုင်းရင်းသားလူမျိုးရေးရာမဲဆန္ဒနယ်အပါအဝင် မွန်ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များ၌ ပါတီအသီးသီးမှ ကိုယ်စားလှယ်လောင်း ၁၃၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြရာ NLD မှ  ၁၇  ဦးနှင့် မွန်ညီညွတ်ရေးပါတီမှ ခြောက်ဦး အနိုင်ရရှိခဲ့သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...