တရားမျှတသည့် ရွေးကောက်ပွဲမဟုတ်ဟုဆိုကာ ရှမ်းပြည်နယ်ရွေးကော်ရုံးရှေ့တွင် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ ဆန္ဒထုတ်ဖော်

တရားမျှတသည့် ရွေးကောက်ပွဲမဟုတ်ဟုဆိုကာ ရှမ်းပြည်နယ်ရွေးကော်ရုံးရှေ့တွင် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ ဆန္ဒထုတ်ဖော်
by -
ယိင်းတိုင်း (သျှမ်းသံတော်ဆင့်)

“ဒီကိုရောက်လာရတာက သူများခေါ်လို့လိုက်လာတာပါ.. တောင်ကြီးကိုသွားမယ် အဲ့လိုပဲပြောပြီးခေါ်လာတာပေါ့။ ဘာလုပ်ခိုင်းမယ်မှန်းအကြောင်းအရင်းကိုတော့မသိဘူး”

ဆန္ဒပြပွဲတွင်ပါဝင်ခဲ့သည့် ပအိုဝ်းတိုင်းရင်းသား

တရားမျှတသည့် ရွေးကောက်ပွဲမဟုတ်ဟုဆိုကာ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ် DNP ပါတီက တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်ရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆန္ဒထုတ်ဖော်မှုကို ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံးရှေ့၌ နိုဝင်ဘာ ၁၇ ရက်ကပြုလုပ်ခဲ့ခြင်းဖြစ်ပြီး DNP ပါတီဝင်များနှင့်အတူ ဒေသခံတိုင်းရင်းသားတစ်ချို့ပါဝင်ခဲ့ကြောင်း သိရသည်။

“အခုရွေးကောက်ပွဲမှာ ရှမ်းပြည်နယ်မှာ UEC ရဲ့ မှားယွင်းမှုတွေရှိပါတယ်။ ကျွန်တော်ကိုယ်တိုင်က ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယဉ်ပြိုင်တဲ့အတွက် မဲရုံအတွင်း ၀င်စစ်တဲ့အခါမှာ ဧည့်စာရင်းစစ်သလို ပုံစံမျိုးစစ်တယ်။ တောင်ကြီးမြို့နယ် အေးသာယာ အမှတ် (၁၀) ရပ်ကွက် ကြိုတင်မဲပေးတဲ့ကိစ္စမှာလည်း သက်ကြီးရွယ်အိုတွေပေးရမယ့်နေရာမှာ အသက် ၃၀ တွေ ၂၀ တွေ လာပြီးတော့ ထည့်သွားကြတာတွေ အများကြီး တွေ့ခဲ့ရတယ်။ သူတို့လက်သန်းမှာ မှင်မစွန်းသွားတဲ့အတွက် နောက်တစ်နေ့ ပြန်ထည့်သွားတာမျိုး” ဟု DNP ပါတီက ရှမ်းပြည်နယ်အတွင်းရေးမှူး ဦးဝင်းဗိုလ်က ပြောသည်။

ယခုနှစ်ရွေးကောက်ပွဲတွင် ယခုလို ပြသနာများဖြစ်ပေါ်ခဲ့သော်လည်း ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများတွင် UEC ၏ လုပ်ဆောင်ချက်များမျှတခဲ့သောကြောင့် မည်သည့်ပြဿနမှမရှိခဲ့ကြောင်း ၎င်းကဆက်လက်ပြောသည်။

ယင်းသို့ ဆန္ဒထုတ်ဖော်ရာတွင် DNP ပါတီဝင်များနှင့်အတူ ရပ်စောက်မြို့နယ်၊ ဆပ်သေ၊ ချိုးဆီကျေးရွာဖက်မှ ပအိုဝ်းတိုင်းရင်းသား ၁၈ ဦးခန့်ပါဝင်ခဲ့ကြောင်း သိရသည်။  

“ဒီကိုရောက်လာရတဲ့ အကြောင်းတရားက သူများခေါ်လို့လိုက်လာတာပါ။ ပြီးတော့ ဒီလိုတွေဖြစ်ကုန်တယ် ဒီလောက်ပဲသိပါတယ်။ ဒီနေ့ တောင်ကြီးကိုသွားမယ် အဲ့လိုပဲ ပြောပြီးခေါ်လာတာပေါ့။ ဘာလုပ်ခိုင်းမယ်မှန်း အကြောင်းအရင်းကိုတော့မသိဘူး။ သူများဆန္ဒပြတာတွေ့တော့လဲ စိတ်ထဲကောင်းသလိုလို မကောင်းသလိုလို ဘာအကြောင်းအရာမှန်းတော့မသိဘူး” ဟု ဆတ်သေ၊ ချိုးဆီကျေးရွာမှ ပအိုဝ်းတိုင်းရင်းသား ဦးထွန်းတက်က ပြောသည်။

ယင်းဆန္ဒထုတ်ဖော်ပွဲတွင် လူအင်အား ၂၉ ဦးပါဝင်ခဲ့ပြီး ၎င်းတို့သည် အေးသာယာမြို့မှ တောင်ကြီးမြို့ပေါ်သို့ နေ့လည် ၁၂ နာရီခွဲဝန်းကျင်ခန့်က ရောက်ရှိလာခြင်းဖြစ်ကာ ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်ရုံးရှေ့တွင် မှန်ကန်မျှတမှုမရှိတဲ့ ရွေးကောက်ပွဲကော်မရှင် အလိုမရှိ၊ မဲလိမ်မဲခိုးအစိုးရအလိုမရှိစသည့် ဗီနိုင်းဆိုင်းဘုတ်များကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...