ကချင်မြေမှာ ဒေသခံပါတီတွေအောင်လံလွှင့်ဖို့ ဘာကြောင့်ခက်နေလဲ

ကချင်မြေမှာ ဒေသခံပါတီတွေအောင်လံလွှင့်ဖို့ ဘာကြောင့်ခက်နေလဲ

၂၀၂၀ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်၌ ဒေသခံတိုင်းရင်းသားပါတီများ ပိုမိုအားကောင်းလာသည်ဟုဆိုသော်လည်း မဲဆန္ဒနယ်အများစုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကသာ အနိုင်ရရှိခဲ့သည်။

 

ကချင်ပြည်နယ်တွင် ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) နှင့် ကချင်အမျိုးသားကွန်ရက်ပါတီ (KNC) တို့သည် ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်အထိ လူထုထောက်ခံဝန်းရံမှု အများအပြားရရှိခဲ့သော်လည်း ရွေးကောက်ပွဲတွင် NLD၊ USDP တို့နောက် တတိယနေရာတွင်သာ ရှိခဲ့ခြင်းဖြစ်သည်။



 

၂၀၁၅ ခုနှစ်တွင် ကချင်ပြည်နယ်တွင် ဒေသခံပါတီများပေါများခဲ့သည့်အတွက် ပြည်မပါတီများ၏ လွှမ်းမိုးမှုခံခဲ့ရသည်ဟုယူဆကာ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်)၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ၊ ကချင်ဒီမိုကရက်တစ်ပါတီနှင့် ပြည်ထောင်စုတိုင်းရင်းသားများ ဖက်ဒရယ်ဒီမိုကရေစီပါတီများသည် ဒေသခံများအလိုကျ ကချင်ပြည်နယ်ပြည်သူ့ပါတီအဖြစ် ၂၀၁၉ ခုနှစ်တွင် ပေါင်းစည်းခဲ့ခြင်းဖြစ်သည်။

 

ယင်းသို့ပေါင်းစည်းနိုင်ခဲ့သဖြင့် ကချင်ပြည်နယ်ပြည်သူ့ပါတီကို ကချင်ပြည်နယ်၌ NLD အား ယှဉ်ပြိုင်နိုင်သည့် တစ်ခုတည်းသော ပါတီအဖြစ် အများကယူဆခဲ့ကြပြီး ရွေးကောက်ပွဲမတိုင်ခင်ထိ ဒေသခံပြိုင်ဘက် KNC ထက် ပိုမိုရေပန်းစားခဲ့သည်။

 

ကချင်ပြည်နယ်တွင် မဲဆန္ဒနယ် ၇၀ ရှိသည့်အနက်  KSPP အနေဖြင့် ပြည်နယ်လွှတ်တော် နေရာတွင် ၃၅ ဦး၊ ပြည်သူ့လွှတ်တော်နေရာတွင် ၁၈ ဦး၊ အမျိုးသားလွှတ်တော် နေရာတွင် ၁၂ ဦး၊ ဗမာရေးရာဝန်ကြီးနေရာတွင် တစ်ဦး၊ ရှမ်းရေးရာဝန်ကြီးနေရာတွင်တစ်ဦး၊ စုစုပေါင်း ၆၇ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

 

သို့သော်လည်း အဆိုပါပြည်နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၅၁ နေရာအထိ အနိုင်ရရှိခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီက ၁၀ နေရာ၊ ကချင်ပြည်နယ်ပြည်သူ့ပါတီက လေးနေရာ၊ ဒီမိုကရေစီပါတီသစ် (ကချင်) က နှစ်နေရာ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက တစ်နေရာ၊ ဒူးလေးပါတီ တစ်နေရာနှင့် တစ်သီးပုဂ္ဂလက တစ်နေရာ အသီးသီးအနိုင်ရရှိခဲ့သည်။

 

၂၀၁၅ ခုနှစ်က ကချင်ပြည်နယ်၌ မြို့နယ် ၁၁ မြို့နယ်မှ ကျေးရွာအုပ်စု ၂၁၁ အုပ်စုတွင်ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သော်လည်း ယခုနှစ်ရွေးကောက်ပွဲတွင် မြို့နယ် ၁၁ မြို့နယ်မှ ကျေးရွာအုပ်စု ၁၉၂ အုပ်စုတွင်သာ မကျင်းပနိုင်သဖြင့် ရွေးကောက်ပွဲမကျင်းပဖြစ်သည့်နယ်မြေ ယခင်ထက်နည်းပါးခဲ့ပြီး ကချင်ပါတီများအတွက် အခွင့်အလမ်း ပိုမိုများလာခဲ့သော်လည်း ဒေသခံပါတီများအနေဖြင့် အသုံးချနိုင်ခဲ့ခြင်းမရှိပေ။



 

ထို့ပြင် KSPP အနေဖြင့် ရွေးကောက်ပွဲမတိုင်မီက ဆွမ်ပရာဘွမ်၊ မချမ်းဘော့၊ ပူတာအို၊ ခေါင်လန်ဖူး၊ မြစ်ကြီးနား၊ မိုးမောက်၊ မံစီမြို့နယ်များရှိ မဲဆန္ဒနယ်များတွင် အနိုင်ရရန်မျှော်မှန်းခဲ့ခြင်းဖြစ်ပြီး အမှန်တကယ်တွင် ၎င်းဒေသများ၌ နေရာအနည်းငယ်သာအနိုင်ရရှိခဲ့သည်။

 

အထူးသဖြင့် ဆွမ်ပရာဘွမ်မြို့နယ်သည် ကချင်တိုင်းရင်းသား အများစုနေထိုင်သဖြင့် KSPP အနေဖြင့် ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရရန် မျှော်မှန်းခဲ့ခြင်းဖြစ်ပြီး လက်တွေ့တွင် ပြည်သူ့လွှတ်တော်နှင့် ပြည် နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် ၁တွင် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး (USDP) က အနိုင်ရရှိခဲ့ကာ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် ၂ တွင်သာ KSPP က အနိုင်ရရှိခဲ့သည်။

 

ယင်းမြို့နယ်တွင် ပြည်မမှ ရွှေ့ပြောင်းအလုပ်သမားအများအပြား ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် မဲရှုံးရခြင်းဖြစ်ကြောင်း KSPP ပါတီမှ ဆွမ်ပရာဘွမ်မြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဦးဂွမ်ဂေါင်အောင်ခမ်းက သုံးသပ်သည်။

 

“ကျွန်တော်တို့ KSPP အနေနဲ့ ဆွမ်ပရာဘွမ့်မှာ မဲအများဆုံးအနိုင်ရရှိဖို့မျှော်မှန်းခဲ့ကြတယ်။ ဒါပေမယ့် မျှော်မှန်းသလောက်မရရှိခဲ့ဘူး ပေါ့။ မဲအနည်းငယ်ပဲရရှိခဲ့တယ်။ ဒါပေမယ့် ဒေသခံပြည်သူတွေက မဲပေးတဲ့အခါမှာ တာဝန်ကျေပါတယ်။ အခု အနိုင်မရရတဲ့ အဓိက အချက်တော့ တိုင်းရင်းသားဒေသတွေမှာ ပြည်မကလူတွေ ဝင်ရောက်နေထိုင်တာရယ်၊ တပ်ရဲ့ကြိုတင်မဲကြောင့်လို့ ပြောချင်ပါတယ်” ဟု ၎င်းကပြောသည်။

 

ရွေးကောက်ပွဲမတိုင်မီ ဩဂုတ်လအတွင်းက ဆွမ်ပရာဘွမ့်မြို့နယ်အတွင်းသို့  တပ်တော်သား ၄၀၀ ကျော်ခန့် ရောက်ရှိလာပြီး အင်အားတိုးချဲ့ခဲ့သောကြောင့် တပ်မဲများဖြင့် USDP အနိုင်ရခဲ့ကြောင်း ဆွမ်ပရာဘွမ်ဒေသခံတစ်ဦးဖြစ်သည့် ဦးဆမ်နော်က ပြောသည်။

 

“ကျွန်တော်တို့ ဆွမ်ပရာဘွမ်ဒေသမှာ ဒေသခံတွေက အားလုံး ၉၀ ရာခိုင်နှုန်းက ကချင်ပေါင်းစည်းရေးပါတီ KSPP ကို မဲထည့်ခဲ့ကြတာ ဖြစ်တယ်။ သို့ပေမယ့် ဒီမှာက ဘာဖြစ်သလဲဆိုတော့ စစ်တပ်က စစ်အင်အားတိုးခဲ့လို့ တပ်မဲနဲ့အနိုင်ရရှိခဲ့တာဖြစ်တယ်။ တကယ်လို့ မဲရလဒ်တွေကို ကြည့်ပြီး တပ်မဲကိုဖြုတ်လိုက်မယ်ဆိုရင် ဘယ်ပါတီကို မဲထည့်တယ်ဆိုတာကို သိသာနေတာပဲ။ ပြောချင်တာက ရွေးကောက်ပွဲတရားမျှတမှုရှိမရှိဆိုတာ သိသာနေတာဘဲ” ဟု ဦးဆမ်နော်ကပြောသည်။

 

ဆွမ်ပရာဘွမ်ဒေသတွင်ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် တပ်မဲကိုအလွန်စိုးရိမ်ကြောင်း သတင်းမီဒီယာများ တွေ့ဆုံတိုင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဂွမ်ဂေါင်အောင်ခမ်းက ပြောကြားလေ့ရှိပြီး ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်နှင့် ဖွံ့ဖြိုးရေးပါတီက KSPP ကို ၉၄ မဲအသာဖြင့် အနိုင်ရရှိခဲ့ရာ စိုးရိမ်နေသည့်အတိုင်း တပ်မဲဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ယုံကြည်လျက်ရှိသည်။

 

ထို့ပြင် ကိုဗစ်ဗိုင်းရပ်ဖြစ်ပွားခဲ့သည့် မိုးညှင်းနှင့်ဖားကန့်မြို့နယ်များ၌ မဲဆွယ်ခွင့်ဆုံးရှုံးခဲ့ခြင်းကလည်း ကချင်ဒေသခံပါတီများကိုဘောင်ကျဉ်းစေခဲ့ပြီး အထူးသဖြင့် အသစ်ပြန်လည် ဖွဲ့စည်းထားသည်မှာ တစ်နှစ်ကျော် ကျော်သာရှိသေးသည့် KSPP ပါတီအား အထိနာစေခဲ့သည်။

 

ထိုနည်းတူ ကချင်နိုင်ငံရေးပါတီတစ်ခုဖြစ်သည့် ကချင်အမျိုးသားကွန်ကရက်ပါတီ(KNC)အနေနှင့်လည်း ရွေး ကောက်ပွဲတွင် ၃၀ရာခိုင်နှုန်းအနိုင်ရရှိရန် မျှော်မှန်းခဲ့သော်လည်း တစ်နေရာမှ အနိုင်မရရှိခဲ့ပေ။

 

KNC ပါတီအနေဖြင့် ၎င်းတို့ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မဲဆန္ဒနယ်များတွင် အနိုင်မရရှိခဲ့ခြင်းသည် ရက်၉၀နှင့်အ ထက် နေထိုင်သည့် ရွှေ့ပြောင်း အလုပ်သမားများကို ပုံစံ ၃ (က) ဖြင့် မဲပေးခွင့်ပြုခဲ့ခြင်းကြောင့်ဖြစ်သည်ဟု ၎င်းပါတီမှ ဆွမ်ပရာဘွမ် မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်တွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် ဦးအင်ဂျိုင်းနော်ဂျာက ပြောသည်။

 

“ကျွန်တော်ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့မဲဆန္ဒနယ်အနေနဲ့ ပြောရမယ်ဆိုရင်က နည်းဥပဒေ ၁၀တို့၊ ရက် ၉၀ နေထိုင်ရုံနဲ့ ပုံစံ ၃(က) ဖြည့်စွက်ပြီး မဲထည့်ခွင့်ပေးထားတဲ့ကိစ္စဘဲ။ အဲ့ဒီပုံစံ ၃(က) ကိုဖြည့်ပြီး မဲလာထည့်တဲ့သူတွေက များနေတယ်။ သူက မူရင်းဒေသခံ မဲဆန္ဒရှင်တွေထက် ပိုပြီးများနေတာတွေ့ရတာပေါ့” ဟု ဦးအင်ဂျိုင်းနော်ဂျာက ဝေဖန် သည်။

 

အဆိုပါ နည်းဥပဒေပြဌာန်းချက်ကို KNC အနေဖြင့် အကြိမ်ကြိမ်ကန့်ကွက်ခဲ့သော်လည်း အောင်မြင်ခြင်းမရှိသဖြင့် ယခုအခါ နည်းဥပဒေ ၃(က) ၏ အကျိုးဆက်များကို တိုင်းရင်းသားပါတီများက ခံစားနေရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

 

“ဒီနည်းဥပဒေကို ပြင်ဆင်ဖို့လည်း ကျွန်တော်တို့ KNC ပါတီအနေနဲ့ အကြိမ်ကြိမ်ကြိုးစားခဲ့တာ သတင်းမီဒီတွေက အသိဆုံးဖြစ်တယ်။ အဲ့ဒီကန့်ကွက်ခဲ့တဲ့အချိန်မှာ အားလုံးဝိုင်းဝန်းပြီး ကန့်ကွက်ခဲ့မယ်ဆိုရင် ပြည်နယ်လူမျိုးစုတွေရဲ့ မဲဆုံးရှုံးမှု လျော့နည်းသွားမယ် လို့ထင်တယ်”ဟု ဦးအင်ဂျိုင်းနော်ဂျာကသည်။

 

ရွေးကောက်ပွဲတွင် KNC အနေဖြင့် ကချင်ပြည်နယ်ရှိ ပူတာခရိုင်၊ မိုးညှင်းခရိုင်၊ ဗန်းမော်ခရိုင်၊ မြစ်ကြီးနားခရိုင် လေးခုစလုံးနှင့်  ရှမ်းပြည်နယ်တွင် နမ္မတူမြို့နယ် ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်လွှတ် တော်မဲဆန္ဒနယ်များတွင် တစ်ဦးစီ၊ တိုင်းရင်းသားရေးရာဝန်ကြီးနေရာတွင်တစ်ဦး စုစုပေါင်း ၂၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး အနိုင်မရရှိခဲ့သော်လည်း ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲထက် ပြည်သူလူထုရဲ့ အားပေးဝန်းရံမှုနှင့် မဲရလဒ်မှုပိုမို အားကောင်းလာသည်ဟု ဆိုသည်။

  

ထို့ပြင် ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားပါတီများဖြစ်ကြသည့် ရှမ်းနီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) နှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရက်စီပါတီ (SNLD) တို့အနေဖြင့်လည်း  ၎င်းတို့အားကောင်းသည့် ဒေသများ၌ပင် အနိုင်မရရှိခဲ့ပေ။

ယင်းသို့ အနိုင်မရှိမှုသည် ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထုက ယုံကြည်မှုအားကောင်းသောကြောင့်ဖြစ်ကြောင်း ရှမ်းနီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ကချင်ပြည်နယ်တာဝန်ခံ ဦးစိုင်းဌေးအောင်က ပြောသည်။

 

“ကျွန်တော်တို့ တိုင်းရင်းသားပါတီတွေရဲ့ ရွေးကောက်ပွဲမှာရှုံးရတဲ့ အဓိကအကြောင်းအရင်းက ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ယုံကြည်မှု အားကောင်းလို့ဖြစ်တယ်။ သူ့ကို ပြည်သူလူထုတွေက ဘာမဆိုလုပ်နိုင်မယ်လို့ ယုံကြည်ကြတာပေါ့။ တိုင်းရင်းသားပါတီတွေက အစိုးရအဖွဲ့နိုင်ဘူး။ ၂၀၀၈ ဖွဲ့စည်းပုံကို မပြင်ဆင်နိုင်ဘူးလို့ပဲ မြင်နေကြတာပေါ့” ဟု ၎င်းကပြောသည်။

 

ထို့ပြင် တိုင်းရင်းသားပါတီများအနေဖြင့် ပြည်သူလူထုအားကိုးလောက်သည့် အခြေအနေအထိမရှိသေးဘဲ အားနည်းချက်များစွာရှိနေ၍ဖြစ်ကြောင်း ဦးစိုင်းဌေးအောင်က ဆက်လက်ပြောသည်။

 

“ပြီးတော့ တိုင်းရင်ပါတီတွေအနေနဲ့ ပြည်သူလူထုအားကိုးလောက်တဲ့အထိမရှိဘူး။ အားနည်းချက်တွေအများ ကြီးရှိနေသေးတယ်လို့ဘဲ မြင်မိပါတယ်” ဟု ၎င်းကပြောသည်။

 

TNDP သည် ၂၀၁၅ ရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်များ၌ နှစ်နေရာ အနိုင်ရရှိခဲ့သော်လည်း ယခုနှစ် ၂၀၂၀ ရွေးကောက်ပွဲတွင်မူ တစ်နေရာမှ အနိုင်မရရှိခဲ့ပေ။

 

SNLD အနေဖြင့်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင် ဌာနေတိုင်းရင်းသားများအခွင့်အရေး ပိုမိုရရှိလာရန်ရည်ရွယ်၍ ကချင်ပြည်နယ်၏ မဲဆန္ဒနယ် ၁၂ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနည်းဆုံး ခုနစ်နေရာခန့်မျှော်မှန်းထား သော်လည်း တစ်နေရာမှအနိုင်မရရှိခဲ့ကြောင်း သိရသည်။

 

ကချင်ပြည်နယ်တွင် မျှော်မှန်းထားသည့်ရလဒ် မရရှိခဲ့သည့်အပေါ် မိုးမောက်မဲဆန္ဒနယ် အမှတ် ၄ ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် SNLD မှ ဦးစိုင်းကျော်သီဟက “ဒီနှစ်ရွေးကောက်ပွဲကတော့ မဲဆန္ဒရှင်တွေ့ မဲပေးတဲ့နှုန်းက အရင် ၂၀၁၅ ထက်တော့ ပိုပြီး အားရစရာကောင်းပါတယ်။ ဒါပေမယ့် လက်ရှိအနိုင်ရတဲ့ပါတီကိုတော့ မကျော်နိုင်တဲ့ အနေအထားမှာရှိနေပါတယ်။ အခုလို တိုင်းရင်းသားပါတီတွေအနေနဲ့ အနိုင်မရရှိတာကလည်း လိုအပ်ချက်တွေရှိ နေသေးတယ်လို့ပဲမြင်မိတယ်။ နောက်ပြီး ပြည်မပါတီတွေရဲ့ လွှမ်းမိုးမှုအရမ်းများတယ်လို့မြင်တယ်။ အဓိအချက်အနေနဲ့ ပြောရရင်တော့ ရွေးကောက်ပွဲကျင်းပတဲ့ကော်မရှင်ရဲ့ တရားမျှတမှုမရှိတာလည်းပါတယ်လို့ထင်တယ်” ဟု ပြောသည်။

 

ကချင်ပါတီများ ရွေးကောက်ပွဲရှုံးနိမ့်ခဲ့ရခြင်းနှင့်ပတ်သက်၍ ကချင်လူမှု ဖွံ့ဖြိုးအရေးအဖွဲ့ (KDNG) မှ ဦးစာဂျီးက ဒေသခံများက လူနည်းစုဖြစ်နေသည့်အပြင် ပြည်သူထုသည် ပါတီစွဲများရှိနေပြီး ရွေးကောက်ပွဲဆိုင်ရာ အသိပညာများ နည်းပါသောကြောင့်ဖြစ်ကြောင်း သုံးသပ်ပြောကြားသည်။

 

“ဒေသခံပါတီတွေ ဘာကြောင့် ရွေးကောက်ပွဲမှာအနိုင်မရရှိတာလဲဆိုတော့ နှစ်ပိုင်းရှိပါတယ်။ ဒေသမှာရှိကြတဲ့ တိုင်းရင်းသားတွေက လူနည်းစုတွေဖြစ်ကြတယ်။ မဲဆန္ဒရှင်တွေက ပါတီစွဲထားကြတယ်။ ကိုယ့်လူမျိုးကို မဲထည့်လိုက်ရင် ဘာတွေပြောင်းလဲမလဲဆိုတဲ့ အသိအမြင်တွေနည်းကြတယ်။ သူတို့က တိုင်းရင်းသားပါတီတွေက အစိုးရမဖွဲ့နိုင်ဘူး။ အာဏာရှင်ကို မဖြုတ်ချနိုင်ဘူးလို့ဘဲ မြင်ကြတာပေါ့။ တစ်ချို့ပါတီတွေက တိုက်ခိုက်ခံရလို့ မဲရလဒ်တွေဆုံးရှုံးသွားတာတွေရှိတယ်။ နိုင်ငံသားအခွင့်အရေးကို နားမလည်သေးဘဲ မဲမထည့်တဲ့သူ တချို့လည်းရှိကြတယ်။ ပိုဆိုးတာက ကချင်မှာဆိုရင် ပါတီတွေအများကြီးရှိတယ်။ အဲ့ဒီပါတီတွေက ရှိသမျှ ပါတီ တွေထဲမှာ မဲပြန်ထည့်ရတယ်။ မဲကွဲသွားတော့ တိုင်းရင်းသားပါတီတွေက နိုင်ဖို့အလားမရှိတော့ဘူး။ အဲ့ကြောင့် ကချင်ပါတီတွေက စည်းလုံးမှုတော်တော်လည်း လိုအပ်နေသေးတယ်ဆိုတာက မြင်နေရတယ်” ဟု ၎င်းကပြောသည်။

 

ဆိုရလျှင် ကချင်ဒေသခံပါတီများအနေဖြင့် ဒေသခံများအားရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးခြင်းများ၊ များပြားနေသေးသည့် လူနည်းစုပါတီများကို ပေါင်းစည်းခြင်းများ၊ ပြည်သူများနှင့် ပိုမိုထိတွေ့ဆက်ဆံမှုများ၊ ကိုဗစ်ကဲ့သို့သော မမျှော်မှန်းနိုင်သော အခက်အခဲအတားအဆီးများအတွက်လည်း မဟာဗျူဟာရေးဆွဲထားခြင်းများကို ယခုကတည်းက ကြိုတင်ဆောင်ရွက်ရန်လိုအပ်နေပြီး ယင်းလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရန် ကြန့်ကြာနေဦးမည်ဆိုပါက ကချင်မြေတွင် ကချင်ပါတီများ အောင်လံလွှင့်ရန် ဝေးကွာနေဦးမည်သာဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

July 3, 2021
“ဒီမှာဘဲနေပြီး ဒီမှာပဲသေမယ် ရွာပြန်မနေတော့ဘူး။ ကျမလုံး၀ ပြန်မနေချင်တော့ဘူး။ အရမ်းကြောက်တယ်။ သူ...
June 19, 2021
စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက်မှာ ရှမ်းပြည်နယ်အတွင်း CDM လှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့...
January 26, 2021
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့အတွက် အရေးအကြီးဆုံးအချက်က တိုင်းရင်းသား...
January 21, 2021
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုတွေကို ဖေဖော်ဝါရီ ၁...