ရွေးကောက်ပွဲအမြန်ဆုံးကျင်းပနိုင်ရေး NLD အစိုးရအား ပူးပေါင်းပါဝင်ပေးရန် ရခိုင်အရပ်ဘက်အဖွဲ့အစည်းများတိုက်တွန်း

ရွေးကောက်ပွဲအမြန်ဆုံးကျင်းပနိုင်ရေး NLD အစိုးရအား ပူးပေါင်းပါဝင်ပေးရန် ရခိုင်အရပ်ဘက်အဖွဲ့အစည်းများတိုက်တွန်း
by -
မင်းထွန်း (DMG)

ရွေးကောက်ပွဲမကျင်းပနိုင်သေးသည့်ဒေသများတွင် ရွေးကောက်ပွဲ အမြန်ဆုံးကျင်းပနိုင်ရေးအတွက် လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရန် ရခိုင်အရပ်ဘက် အဖွဲ့များကွန်ရက် (ACN) က တိုက်တွန်းလိုက်သည်။

အဆိုပါ ကွန်ရက်(ACN) က နိုဝင်ဘာ၁၃ ရက်တွင်ထုတ်ပြန်သည့် ရွေးကောက်ပွဲမပြုလုပ်နိုင်သေးသည့် ဒေသများ တွင် ရွေးကောက်ပွဲအမြန်ဆုံးကျင်းပနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အား တိုက်တွန်းရာတွင် ယင်း ကဲ့သို့ ပူးတွဲတိုက်တွန်းထားခြင်းဖြစ်သည်။

“အခုက AA ရော၊ ရွေးကောက်ပွဲပြန်ပြီး ကျင်းပမှာကို တိုက်တွန်းတယ်။ တပ်မတော်ကလည်း ကြိုဆိုတယ်။ နောက် နိုင်ငံရေးနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေကလည်း တိုက်တွန်းနေကြတယ်။ ကျွန်မတို့ အရပ်ဘက်အဖွဲ့စည်းကလည်း တိုက်တွန်းတယ်။ ဆိုတော့ ဒီဘက်မှာတာဝန်ရှိတဲ့သူက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) နဲ့ လက်ရှိ အာဏာရနေတဲ့ အစိုးရအဖွဲ့အစည်းဖြစ်တယ်။ ဒီလိုတောင်းဆိုတဲ့အသံတွေကို နားထောင်ပြီး ရွေးကောက်ပွဲလုပ်ပေးဖို့ တိုက်တွန်းရတာဖြစ်တယ်” ဟု ACN မှ ဒါရိုက်တာမအေးမြတ်ကျော်က ပြောသည်။

ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) နှင့် တပ်မတော်တို့၏ ရွေးကောက်ပွဲကို စောလျင်စွာပြုလုပ်နိုင်ရန် အပြုသဘောဆောင်ပြီး ထုတ်ပြန်ချက်များသည် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုမြန်မာနိုင်ငံတည်ဆောက်ရန် အပစ်မရပ်သေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တပ်မတော်တို့အကြား ပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များကို ဆက်လက်ဆောင်ရွက်နိုင်ရေးနှင့် ၎င်းမှတဆင့်အားလုံးပါဝင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဖော်ဆောင်ရာတွင် အရေးကြီးသည့် ခြေလှမ်းတစ်ရပ်ဖြစ်သည်ဟု ယုံကြည်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ရွေးကောက်ပွဲ မကျင်းပရသေးသောမြို့နယ်များတွင် ကြားဖြတ်ရွေးကောက်ပွဲကို ယခုနှစ် ဒီဇင်ဘာ ၃၁ ရက် မတိုင်မီအတောအတွင်း ကျင်းပနိုင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရနှင့် တပ်မတော်တို့ကို မှ တိုက်တွန်းကြောင်းထုတ်ပြန်ချက်ကို AA က နိုဝင်ဘာ ၁၂ ရက်နေ့စွဲဖြင့်ထုတ်ပြန်ခဲ့ရာ ယင်းနေ့တွင် ပင်တပ်မတော် ကလည်း AA ၏ ထုတ်ပြန်ချက်အား ကြိုဆိုကြောင်းနှင့် ရွေးကောက်ပွဲပြုလုပ်ရန် ကျန်ရှိနေသည့်နေရာမျာ၌ ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်နိုင်ရေး အတက်နိုင်ဆုံး ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ရွေးကောက်ပွဲကျင်းပပေးခြင်းကို မူအားဖြင့်သဘောတူသော်လည်း တိုက်ပွဲမဖြစ်သည့် ဒေသများတွင် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေးကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) မှ ဆုံးဖြတ်ရမည်ဖြစ်ကြောင်း လက်ရှိအာဏာရ (NLD) ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။

“ကျွန်တော်တို့က ရွေးကောက်ပွဲမှာ မဲပေးခွင့်မရတဲ့သူတွေ မဲပေးခွင့်ရအောင် ဆောင်ရွက်တယ်ဆိုတဲ့ မူလအခြေခံ အကြောင်းကို လက်ခံတယ်။ဒါပေမယ့် အခုအထွေထွေရွေးကောက်ပွဲကြီး ပြီးသွားပါပြီ။ အထွေထွေရွေးကောက် ပွဲနှစ်ခုကြားမှာ ကျင်းပတဲ့ ရွေးကောက်ပွဲဟာ ကြားဖြတ်ရွေးကောက်ပွဲဖြစ်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲကို အနည်းဆုံးတစ်နှစ်ကြာပြီးမှ ကျင်းပရမယ်ဆိုတာ ဆိုပါတယ်။ မူလကခြောက်လ၊ နောက်တစ်နှစ်တိုးထားပါတယ်။ ဆိုတော့ ဥပဒေမူရှိနေတော့ ကျွန်တော်တို့ ဒီဥပဒေကို ကျော်လွန်ပြီး လုပ်လို့မရပါဘူး ” ဟု သူကပြောသည်။

နိုဝင်ဘာလ ၉ ရက်နေ့ကလည်း မြန်မာနိုင်ငံ၏ ၂၀၂၀ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး အဖွဲ့ဝင်နိုင်ငံပေါင်း ၂၇ နိုင်ငံပါဝင်သည့် ဥရောပသမဂ္ဂ၏ သဘောထားထုတ်ပြန်ချက်တွင် ၂၀၂၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် မပါဝင်ခဲ့သော မဲဆန္ဒနယ်မြေများ၌ ကြားဖြတ်ရွေးကောက်ပွဲကို တတ်နိုင်သမျှအမြန်ဆုံးကျင်းပရန် ဥရောပသမဂ္ဂက တိုက်တွန်းထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) မှ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲမကျင်းပနိုင်ဟု ဆိုကာ ရခိုင်ပြည်နယ်အတွင်းမှ ဘူးသီးတောင်၊ မောင်တော၊ရသေ့တောင်၊ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ် ကိုးခုတို့တွင် မြို့လုံးကျွတ် ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိခဲ့ပေ။

 ယင်းအပြင် စစ်တွေ မြို့နယ်မှ ကျေးရွာအုပ်စု လေးအုပ်စု၊ ကျောက်ဖြူမြို့နယ်မှ ရပ်ကွက်လေးရပ်ကွက်နှင့် ကျေးရွာအုပ်စု ၄၉အုပ်စု၊ အမ်းမြို့နယ်မှ ရပ်ကွက်သုံးရပ်ကွက်နှင့် ကျေးရွာအုပ်စု ၂၅ အုပ်စု၊ တောင်ကုတ်မြို့နယ်မှ ရပ်ကွက် ၁၀ ရပ်ကွက် ကျေးရွာအုပ်စု ၅၂ အုပ်စုတို့တွင် ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့ပေ။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...