အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်၌ ပယ်မဲ နှစ်သောင်းကျော်ရှိ

အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်၌ ပယ်မဲ နှစ်သောင်းကျော်ရှိ

နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်၌ပယ်မဲ နှစ်သောင်းကျော်ရှိခဲ့ကြောင်း ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးလင်းကျော်ကပြောသည်။

 

“ပယ်မဲက ၂၀၁၅ နဲ့ယှဉ်ရင်တော့နည်းတာတွေ့ရတယ်။ ဒါပေမယ့် အခုလိုပမာဏကိုလည်းမကြိုက်ဘူး၊ ပယ်မဲဆိုတာက နည်းနိုင်သမျှနည်းရမယ်။ များသောအားဖြင့်တော့ အသက် ၆၀ ကျော်တွေကို ကြိုတင်မဲ ပေးခိုင်းတာဖြစ်တဲ့အတွက် အဲဒီမှာ များတယ်လို့ထင်တယ်။ တစ်ချို့ကျတော့ နှစ်နေရာမှာ တံဆိပ်ထုတာတို့၊ ဖျက်သိမ်းသွားတဲ့ UDP ပါတီနေရာမှာ တံဆိပ်ထုတာတို့ရှိတယ်။ ပြီးတော့ ဒီနှစ်က ကိုဗစ်ဖြစ်နေတော့ ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးတာ ထင်သလောက်မလုပ်နိုင်ခဲ့တာလဲပါတယ်” ဟု ၎င်းကပြောသည်။

 

ချင်းပြည်နယ်တွင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ပယ်မဲအဖြစ် ပြည်သူ့လွှတ်တော်တွင် ၇၈၄၁ မဲ ပြည်နယ်လွှတ်တော်တွင် ၆၂၀၀ မဲ နှင့် အမျိုးသားလွှတ်တော်တွင် ၆၅၇၈ မဲ စုစုပေါင်း ၂၀၆၁၉ မဲရှိကြောင်း ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်၏ စာရင်းအရသိရသည်။

 

ယခုနှစ်ရွေးကောက်ပွဲတွင် ချင်းပြည်နယ်အတွင်း မဲဆန္ဒရှင် ၂၈၆၃၀၈ ဦးရှိခဲ့ပြီး မဲလာပေးသည့် မဲအရေအတွက်မှာ ပြည်သူ့လွှတ်တော်တွင် ၂၂၂၉၀၅ မဲ၊ ပြည်နယ်လွှတ်တော်တွင် ၂၁၇၁၅၂ မဲ၊ အမျိုးသားလွှတ်တော်တွင် ၂၁၆၉၆၄ မဲရှိကြောင်း သိရသည်။

 

၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပသည့်ကာလမှာ ကိုဗစ်ရောဂါဖြစ်ပွားနေသည့်ကာလဖြစ်သဖြင့် ရွေးကောက်ပွဲဆိုင်အရာအသိပညာပေးမှု၊ မဲရုံမှူးသင်တန်း၊ မဲရုံဝန်ထမ်းသင်တန်း နှင့် အခြားပညာပေးအစီအစဉ် များလုပ်ဆောင်ရာတွင် အဘက်ဘက်မှ အားနည်းမှုရှိခဲ့ကြောင်း ဦးလင်းကျော်ကပြောသည်။

 

“ဒီနှစ်ကတော့ ၂၀၁၅ နဲ့စာရင် ကိုဗစ်ဖြစ်နေတော့ ပညာပေးတာတွေ၊ သင်တန်းပေးတာတွေ အရမ်းအားနည်းသွားတယ်။ ကျနော်တို့ကော်မရှင်ဘက်ကဘဲဖြစ်ဖြစ်၊ အခြားအဖွဲ့အစည်းတွေဘဲဖြစ်ဖြစ်၊ နိုင်ငံရေးပါတီတွေကဘဲဖြစ်ဖြစ် ကိုဗစ်ကြောင့် အကုန်အခက်တွေ့သွားတယ်။ ပလက်ဝဘက်ဆိုပိုဆိုးတယ်။ သွားလို့လာလို့မရတော့ ပိုခက်ခဲတယ်။ အဲဒါကြောင့် မဲရုံဝန်ထမ်းအချို့လဲ သေချာသင်တန်းမပေးနိုင်တော့ စည်းကမ်းပိုင်းမှာ အားနည်းတာတစ်ချို့ရှိခဲ့တယ်” ဟု ဦးလင်းကျော်ကပြောသည်။

 

တစ်ကမ္ဘာလုံးတွင် ကိုဗစ်ရောဂါပြန့်ပွားနေသည့်ကာလဖြစ်သဖြင့် ၂၀၂၀ အထွေအထွေရွေးကောက်ပွဲအား ရွှေ့ဆိုင်းပေးရန် နိုင်ငံရေးပါတီများက တောင်းဆိုမှုအချို့ရှိခဲ့သော်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နဂိုသတ်မှတ်ထားသည့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...