လာမည့်အနာဂတ်တွင် တိုင်းရင်းသား လူမျိုးစုများ၏ ဆန္ဒများကို အလေးထား ဆောင်ရွက်သွားမည်ဟု NLD ၏ ထုတ်ပြန်ချက် အပြောသက်သက်မဟုတ်ဘဲ မြေပြင်တွင် အမှန်တကယ် ဆောင်ရွက်သွားရန် လိုလား ကြောင်း တိုင်းရင်းသားပါတီ အချို့က ပြောသည်။
ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ဒု-ဥက္ကဋ္ဌ - ၂ ဦးကွမ်ဂေါင်အောင်ခမ်းက “အဓိကကတော့ စိတ်ထား မှန်ပြီးမှ ဒီဟာကို လက်တွေ့လုပ်ဆောင်ပြဖို့ပဲ လိုတယ်။ ကစားတဲ့ ပုံစံမျိုးနဲ့ ထုတ်ပြန် ချက်တွေကို ကျနော်တို့ လက်ခံနိုင်မှာ မဟုတ်ဘူးဆိုတဲ့ဟာမျိုးကိုတော့ ပြောလိုပါတယ်” ဟုပြောသည်။
ချင်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် CNLD အနေဖြင့်လည်း NLD အနေဖြင့် တိုင်းရင်းသား နိုင်ငံရေး ပါတီများအား ထုတ်ပြန်စာ ပေးပို့ထားသည်ကို ကြိုဆိုကြောင်းနှင့် ထုတ်ပြန်ပေးပို့ထားသည့် စာအတိုင်း အကောင်အထည်ဖော်ရန်မျှော်လင့်သည်ဟု CNLD အထွေထွေ အတွင်းရေးမှူး ၂ ဆလိုင်းကျဲအိုဘိထောင် က ပြောသည်။
ဆလိုင်းကျဲအိုဘိထောင်က “ကြေညာချက် ထုတ်တာကတော့ ကျနော်တို့ ကြိုဆိုပါတယ်။ ဒါပေမယ့် အဲဒီ ဟာနဲ့ မလုံလောက်ပါဘူး။ သူ တစ်ခုခု ဆောင်ရွက်ဖို့တော့ လိုပါတယ်။ ဆိုတော့ ဒီအချိန်မှာ ပညာရှင် တွေ ကလည်းပဲ တော် တော် များများ အကြံပြုကြပါတယ်။ သူတို့ NLD ကို အမျိုးသား ညီညွှတ်ရေး အစိုးရကို လည်းပဲ ပညာရှင်တွေက အကြံပြု တာ အများကြီးရှိပါတယ်။ သူတို့က ထည့်သွင်းစဉ်းစားရပါမယ်” ဟုပြောသည်။
NLD ၏ တိုင်းရင်းသားအရေးကိစ္စနှင့် ပတ်သက်၍ တိုင်းရင်းသားပါတီများသို့ ပေးပို့ထားသည့် ထုတ်ပြန်စာသည် လက်တွေ့အကောင်အထည်ဖော်မှုအပိုင်းကိုသာ စောင့်ကြည့်ရမည့် အနေအထားဖြစ်သည်ဟု ကရင်အ မျိုး သား ဒီမိုကရက်တစ်ပါတီ KNDP ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးကလည်း ပြောသည်။
မန်းအောင်ပြည်စိုးက “တိုင်းရင်းသားအရေးကို သူစဉ်းစား ဦးစားပေးသင့်တာ ကြာပါပြီ။ဒါပေမယ့် ဘယ် လိုပဲ ဖြစ်ဖြစ်ပေါ့လေ ကျွန်တော်တို့ တိုင်းရင်းသားတွေက ဒီထုတ်ပြန်ချက်ကို ကြိုဆိုရမှာပေါ့။ သို့သော်စောင့် တော့ ကြည့်ရအုံးမှာပေါ့လေ။ ဘယ်လောက်အတိုင်းအတာ အထိ သဘောကတော့ လေသံလောက်ပဲ ပေးပြီးတော့ တကယ့်လက်တွေ့ ကျတော့ မလုပ်မဖြစ်ဘူးဆိုတဲ့ဟာ အရင်တုန်းကလည်း တိုင်းရင်း သား စည်းလုံး ညီညွတ်ရေး အမျိုးသား ရင်ကြားစေ့ရေးဆိုတဲ့ဟာကို ပြောခဲ့ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ တုန်းက နောက် ၂၀၁၅ နိုင်လာတဲ့ အချိန်ကျတော့ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး ငြိမ်းချမ်း ရေး အမျိုး သား ရင်ကြားစေ့ရေး ဆိုတဲ့ဟာကို သူအကောင်အထည်ဖော်တာ အားမရစရာ ဖြစ်နေတယ်” ဟုပြောသည်။
နိုဝင်ဘာလ ၁၂ ရက်နေ့တွင် NLD ပါတီမှ အနာဂတ် မြန်မာနိုင်ငံ အတွက် ရှေးရှု့မည့် ပြည်ထောင်စု ကိစ္စ နှင့် ပတ်သက်၍ တိုင်းရင်းသား နိုင်ငံရေး ပါတီ ၄၈ ခုထံသို့ ထုတ်ပြန်စာပေးပို့ခဲ့ပြီး ထိုစာထဲတွင် တိုင်းရင်း သား လူမျိုးစုများ၏ ဆန္ဒများကို အလေးထား ဆောင်ရွက်သွားမည်ဟု ရေးသားထား သည့်အပေါ် တိုင်းရင်း သား နိုင်ငံရေး ပါတီများဖက်က တုန့်ပြန်ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုဝင်ဘာ ၈ ရက်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီးနောက် တိုင်းရင်း သားအရေးကိစ္စများနှင့် ပတ်သက်၍ NLD ပါတီ အနေဖြင့် ၎င်းတို့၏ သဘောထားကို ရွေးကောက်ပွဲ ကျင်း ပပြီး လေးရက်အကြာတွင် တိုင်းရင်းသား နိုင်ငံရေး ပါတီများကို ပြောဆိုလိုက်ခြင်းဖြစ်သည်။
တိုင်းရင်းသား နိုင်ငံရေး ပါတီများကို ပေးပို့ထားသည့် NLD ၏ ထုတ်ပြန်စာထဲတွင် မည်သည့် အခြေအ နေသို့ရောက်သည်ဖြစ်စေ မိမိတို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် နောင်အနာဂတ်၌ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် မမှိတ်မသုန်ဆက်လက်ကြိုးပမ်းသွား မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့အပြင် တိုင်းရင်းသားပါတီများ၏ ရည်မှန်းချက်များသည် အဖွဲ့ချုပ်၏ ရည်မှန်းချက်များနှင့် တူညီ သည် ဖြစ်ရာ အဖွဲ့ချုပ်အနေဖြင့် နောင်အနာဂတ်တွင် တိုင်းရင်းသား လူမျိုးစုများ၏ ဆန္ဒများကို အလေး ထား ဆောင်ရွက် သွားမည်ဖြစ်ပြီး တိုင်းရင်းသားပါတီများ အနေဖြင့်လည်း အဖွဲ့ချုပ်က ဖော်ဆောင်မည့် ဒီမိုက ရေစီ ပြည်ထောင်စု အရေးကို တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြလိမ့်မည်ဟု မျှော်လင့်ပါသည်ဟု ပါတီများ ကို ပေးပို့ထားသည့် NLD ၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။
မန်းအောင်ပြည်စိုးက “ဒီ ၂၀၂၀ ရွေးကောက်ပွဲ မတိုင်ခင် တုန်းက ဦးဇော်ဌေးရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အမျိုးသားညီညွတ်ရေး အစိုးရ ဖြစ်ကောင်းဖြစ်လာနိုင် တယ်ဆိုပြီးတော့ အရိပ်အမြွတ်လေးပြောတာကို ကျွန်တော်တို့က သတိထားမိပါတယ်။ သတိထားမိတော့ အခု သူတို့ အပြည့်အဝအနိုင်ရလာတဲ့အခါမှာ ဒီဟာ ကိုဒါလည်း သူတို့ဖိတ်ခေါ်တာကတော့ ကျွန်တော်တို့ တိုင်းရင်း သားတွေအတွက် မျှော်လင့်ချက်က လေးပေါ့။ သို့ပေမယ့် လည်း ဒါဟာကျနော်တို့ကို ထောင်ချောက် ဆင်ပြီးတော့ ကျနော်တို့ကို နည်းနည်း လေးဆွဲ ဆောင်ပေးရုံလောက်နဲ့ တကယ့် လက်တွေ့မှာ အကောင်အ ထည်မဖော်ပေးဘူးဆိုရင် တော့ ဒီဟာအလ ကားပဲ ကျနော်တို့ကတော့ အတိအကျလေးနဲ့ ဖြစ်ဖြစ်မြောက်မြောက်လေး ထဲထဲဝင်ဝင်လေး ပြည့်ပြည့်၀၀ လေး ကျနော်တို့က ဒီဟာကို အကောင်အထည်ဖော်ပေးစေလိုတယ်” ဟုပြောသည်။
CNLD အထွေထွေအတွင်းရေးမှူး ဆလိုင်းကျဲအိုဘိထောင်ကလည်း NLD ပါတီနှင့် တိုင်းရင်းသား နိုင်ငံရေး ပါတီများသည် တူညီသည့် ပန်းတိုင်ရှိနေသည့်အတွက် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ရအောင် အ တူတကွ လက်တွဲလုပ်ဆောင်နိုင်သည်ဟု ပြောသည်။
ဆလိုင်းကျဲအိုဘိထောင်က “ကျနော်တို့မှာ တူညီနေတဲ့ ရည်ရွယ်ချက် တူညီနေတဲ့ ပန်းတိုင်တွေ အများကြီး ရှိပါတယ်။ ကျနော်တို့က မတူညီတဲ့အချက်ထက် တူညီတဲ့အချက်က ပိုများပါတယ်။ ဆိုတော့ ကျနော်တို့ လက်တွဲ လုပ်ဆောင်နိုင်တဲ့ဟာတွေ အများကြီးရှိပါတယ်။ ကျနော်တို့က စစ်အာဏာရှင်စနစ်ခေါင်းမ ထောင် နိုင်အောင် ကျနော်တို့ ဒီဟာကို ဆောင်ရွက်ဖို့ ချုပ်ငြိမ်းခြင်းနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင် ခိုင်မာဖို့ ကိစ္စတို့ ငြိမ်းချမ်းရေး ကိစ္စတို့မှာ ကျနော်တို့ လက်တွဲ ဆောင်ရွက်ရမယ့် ဟာတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့ က ရန်သူမဟုတ်ပါဘူး။ လက်တွဲဖော်ပါ” ဟုပြောသည်။
မွန်ညီညွှတ်ရေးပါတီ MUP အထွေထွေ အတွင်းရေးမှူး ၁ နိုင်လယိတမကလည်း “တရားဝင် အကြောင်းကြားစာလည်း မရှိသေးပါဘူး။ ဒါကတော့ အကြောင်းကြားလာခဲ့မယ်ဆိုရင် အကြောင်းကြားလာတဲ့ ကိစ္စအ ပေါ်မှာပဲ ကြည့်ပြီးတော့ ကျနော်တို့ တုန့် ပြန်ဖို့ရှိပါတယ်” ဟုပြောသည်။
ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် တိုင်းရင်းသားများအနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ကို ဝန်းရံခဲ့ကြသည့်အပြင် ပါတီအောင်နိုင်ရေးအတွက်ပါ ကြိုးစားပေးခဲ့ကြသော်လည်း အာဏာရလာသည့် NLD ပါတီအနေဖြင့် တိုင်းရင်းသားများ၏ အရေးကို လျစ်လျူရှု့ခံခဲ့ရသည်ဟု တိုင်းရင်းသားများကဆိုသည်။
ထို့ကြောင့် ၂၀၂၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကြီးတွင် တိုင်း ရင်းသားများက ၎င်းတို့၏ အမျိုးသား အလိုက် တိုင်းရင်းသားပါတီများကို ပြန်လည်ဝန်းရံခဲ့ကြပြီး ရွေးကောက်ပွဲ အောင်နိုင်ပါက လွှတ်တော်ထဲက နေ တစ်ဆင့် တိုင်းရင်းသားများ လိုလား တောင်းတနေကြသည့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ လွတ်လပ်ခွင့်၊ တန်း တူခွင့်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် နှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို ကြိုးစား လုပ်ဆောင်သွားကြမည်ဟု တိုင်းရင်းသားပါတီများက ကတိကဝတ်များ ပြုကာ မူဝါဒများ ချပြခဲ့ကြ သည်။
သို့သော် ရွေးကောက်ပွဲတွင် တိုင်းရင်းသား ပါတီများက အရေးနိမ့်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ လွှတ်တော်နေရာတော်တော်များများကို အနိုင်ရရှိထားကာ အစိုးရဖွဲ့နိုင်သည့်အခြေအနေသို့ ထပ်မံရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။