ရွေးကောက်ပွဲနှင့်ပတ်သက်၍ AA ထုတ်ပြန်ချက် သတိနှင့်ကြိုဆိုရမည်ဟု မုံရွာအောင်ရှင်ဆို

ရွေးကောက်ပွဲနှင့်ပတ်သက်၍ AA ထုတ်ပြန်ချက် သတိနှင့်ကြိုဆိုရမည်ဟု မုံရွာအောင်ရှင်ဆို
by -
ထွန်းခိုင် (နိရဥ္စရာ)

ရွေးကောက်ပွဲမကျင်းပရသေးသည့် မြို့နယ်များတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ထုတ်ပြန်ချက်အပေါ် သတိနှင့် ကြိုဆို ရမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ဗဟိုပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး မုံရွာအောင်ရှင်ကပြောသည်။

“ဒီလိုကြေညာချက် ထုတ်တဲ့အပေါ်မှာတော့ ကျွန်တာ်တို့ကတော့ သတိထားရမှာပါပဲ။ သတိနဲ့ ကြိုဆို ရမှာပေါ့လေ။ ရခိုင်ပြည်နယ်မှာ ကျွန်တော်တို့ ရွေးကောက်ပွဲတွေ မကျင်းပနိုင်တာ အဓိက အချက်ကတော့ လုံခြုံရေးနဲ့ တည်ငြိမ်ရေးပေါ့နော်။ တည်ငြိမ်ရေးတွေ မရှိလို့ ရွေးကောက်ပွဲကို မကျင်းပနိုင်ဘူး ဆိုပြီးတော့ ကြေညာရတာ။ အဲလို့ ကြေညာတဲ့အခါမှာ မြို့နယ် ကိုးခုပေါ့နော်။ မြို့နယ် ကိုးခုကို ဒီလိုကြေညာလိုက်တဲ့အတွက်ကြောင့် ရခိုင်ပြည်သူတွေက ဘယ်လောက် နစ်နာလဲဆိုရင်တစ်သန်းကျော် နီးပါး နစ်နာတယ်။ ရွေးကောက်ပွဲအတွက် မဲထည့်ဖို့အတွက် နစ်နာတယ်။  တနည်းအားဖြင့်ပြောရရင်တော့ ၇၅ ရာခိုင်နှုန်းလောက် တော်တော်လေး နစ်နာသွားကြတယ်။ ရခိုင်ပြည်သူတွေ မဲမထည့်ရတော့ သူတို့ရဲ့ နိုင်ငံသားအခွင့်အရေးနစ်နာတာပေါ့ေနာ်။ နောက်တစ်ချက်က ပြည်သူလူထုတွေ မကဘူး။ ရခိုင်မှာရှိတဲ့ ရခိုင်တိုင်းရင်းသားပါတီတွေလည်း နစ်နာတာပဲ။ ရွေးကောက်ပွဲ မကျင်းပရတဲ့ အတွက်ကြောင့် ရခိုင် လွှတ်တော်မှာ အင်အားနည်းသွားတယ်။ နောက် ရခိုင်လွှတ်တော်မှာ အင်အားနည်းသွားတဲ့ အတွက်ကြောင့် ရခိုင်လွှတ်တော်ထဲမှာ သို့မဟုတ် ပြည်ထောင်စု လွှတ်တော်မှာ ရခိုင်ပြည်နယ်အတွက် ပြောရေးဆိုခွင့်ရှိတဲ့လူ ပြောရ၊ ဆိုရတာ အားနည်းတာပေါ့။ အဲဒီအချက်တွေ အားလုံးက ရခိုင်ပြည်နယ်မှာ တည်ငြိမ်ရေးနဲ့ လုံခြုံရေး ကင်းမဲ့လို့ဖြစ်တာ။ အဲတွက် အခု တည်ငြိမ်ရေးနဲ့ လုံခြုံရေးကို ပြန်ပြီးတော့ ရောက်လာမယ်ဆိုလို့ရှိရင် ရခိုင် (AA) က ကြေညာသလို့ပဲ (AA) က မေတ္တာရပ်ခံသလို့ကျွန်တော်တို့ ရွေးကောက်ပွဲကို အချိန်တစ်ခုမှာပေါ့လေ။ သင့်တော်တဲ့ အချိန်တစ်ခုမှာ ပြန်ပြီးတော့ ကျင်းပနိုင်ဖို့ အစီအစဉ်ရှိပါတယ်” ဟု ပြောသည်။

ရက္ခိုင့်တပ်တော် (AA) ၏ နိုင်ဝင်ဘာ ၁၂ရက် နေ့စွဲဖြင့် ထုတ်ပြန်သော ကြေညာချက်ထဲတွင် ရွေးကောက်ခံ ကိုယ်စားလှယ်များ၏ အနိုင်အရှုံးရလဒ်နှင့် အစိုးရဖွဲ့နိုင်မည့် ပါတီထွက်ပေါ်လာခဲ့ပြီ ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် မြို့နယ်အများစု၌ ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သြဖင့် နိုင်ငံသားအခွင့်အရေး၊ တိုင်းရင်းသား အခွင့်အရေးနှင့် ဒီမိုကရေစီ အခွင့်အရေးများ နစ်နာခဲ့ရပါကြောင်း၊ ရွေးကောက်ပွဲ မကျင်းပ ရသေးသည့် မြို့နယ်များ၌ ပြန်လည်ကျင်းပနိုင်ရန် မိမိတို့ အဖွဲ့အစည်းမှ မှန်ကန် ရိုးသားသော သဘောထားဖြင့် လိုလားပါကြောင်း၊ အဆိုပါ နေရာများ၌ ရွွေးကောက်ပွဲ ကျင်းပနိုင်ရန် ပထမဆုံးအနေဖြင့် တစ်ဖက်သတ် အပစ်အခတ် ရပ်စဲခြင်းအား နိုဝင်ဘာ ၁၁ ရက်နေ့မှ ဒီဇင်ဘာ ၃၁ ရက်နေ့ထိ တိုးမြှင့်ထားပါကြောင်း၊ မြန်မာ့ တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်အတွင်း ပြုလုပ်နေသော  ထိုးစစ်ဆင် တိုက်ခိုက်မှုများကို ရပ်တန့်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာ လွှမ်းခြုံသော အပစ်အခတ်ရပ်စဲရေးကို ကြေညာကာ ကြားဖြတ်ရွေးကောက်ပွဲကို အမြန်ဆုံးကျင်းပနိုင်ရေးအတွက် NLD အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်သင့်ကြောင်း ဖော်ပြထားသည်။

ကြားဖြတ်ရွေးကောက်ပွဲကို ဒီဇင်ဘာလ ၃၁ ရက်နေ့ မတိုင်မီအတောအတွင်း ကျင်းပနိုင်ရန် NLD အစိုးရနှင့် မြန်မာ့တပ်မတော်တို့အား မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါကြောင်း၊ ရွွေးကောက်ပွဲကျင်းပနိုင်ရန် တည်ငြိမ်သော အခင်းအကျင်း အခြေအနေတစ်ခုကို ဖန်တီးရန် အတွက် နိုင်ငံတော်အစိုးရ၊ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးတို့နှင့် သင့်တော်သလို ပံ့ပိုးကူညီလုပ်ဆောင်သွားရန် ULA/AA မှ ဆန္ဒရှိပါကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

၎င်းပြင် မုံရွာအောင်ရှင်မှ NLD အစိုးရအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ ထူထောင်နိုင်ရန် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသွားသည်။

“ကျွန်တော်တို့ကတော့ ဘာပဲဖြစ်ဖြစ်လေ အမျိုးသားညီညွတ်ရေးအစိုးရ ထူထောင်မယ်လို့ ပြောထားတဲ့ အတွက်ကြောင့် တကယ့် ညီညွတ်တဲ့ အစိုးရတစ်ရပ်ဖြစ်အောင် ကြိုးစားကြရမှာပါပဲ။ ညီညွတ်တဲ့ အစိုးရ တစ်ရပ်ဖြစ်အောင် ကြိုစားတဲ့အခါမှာတော့ တိုင်းရင်းသားတွေနဲ့ မပူးပေါင်းဘဲနဲ့ တိုင်းရင်းသားတွေနဲ့ လက်မတွဲဘဲနဲ့ ညီညွတ်တဲ့အစိုးရမဖြစ်နိုင်ဘူးလေ။ အဲဒါကြောင့် တိုင်းရင်းသားတွေနဲ့ သွေးစည်း ညီညွတ် ပြီးတော့၊ လက်တွဲပြီးတော့ သေသေချာချာ လုပ်နိုင်မယ်ဆိုရင်တော့ တကယ်ကောင်းတဲ့ အခြေအနေ ရောက်မှာပဲလို့ ကျွန်တော်ပြောချင်ပါတယ်” ဟုပြောသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...