လွိုင်ကော်မှတပ်ရင်းတချို့ ရှားတောမြို့နယ်တွင် ကြိုတင်မဲပေးမှု ရွေးကောက်ပွဲဥပဒေနှင့်ဆန့်ကျင်

လွိုင်ကော်မှတပ်ရင်းတချို့ ရှားတောမြို့နယ်တွင် ကြိုတင်မဲပေးမှု ရွေးကောက်ပွဲဥပဒေနှင့်ဆန့်ကျင်
by -
နော်ဒွေးအယ်ခူ (KT)

လွိုင်ကော်မြို့ရှိတပ်ရင်းတချို့ ရှားတောမြို့နယ်တွင် ကြိုတင်မဲသွားရောက်ပေးခြင်းသည် ရွေးကောက်ပွဲဥပဒေနှင့် ဆန့်ကျင်နေကြောင်း ကယားပြည်နယ် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူ ဒေါ်စန္ဒာဝင်းက ပြောသည်။

ကယားပြည်နယ် လွိုင်ကော်မြို့ရှိ တပ်ရင်းတချိုသည် ကြိုတင်မဲကို ရှားတောမြို့နယ်၌ နိုဝင်ဘာ ၆ ရက်က သွားရောက်ပေးမှုပြုလုပ်ခဲ့ရာ ၎င်းလုပ်ရပ်သည် ရွေးကောက်ပွဲဥပဒေနှင့် ညီညွတ်ခြင်းမရှိဟုဆိုသည်။

“စစ်တပ်မဲတွေက ၂၀၁၅ ရွေးကောက်ပွဲ ဥပဒေမှာပါထားပြီးတဲ့အတိုင်းပေါ့နော။ တပ်မဲရုံက တပ်ထဲမှာပဲရှိရမှာ။ တပ်ထဲမှာ မရှိလို့ရှိရင် ကျမတို့က တပ်ရဲ့အပြင်မှာ ထုတ်ရမယ်။ တပ်ပြင်ပမှာ ထုတ်ပြီးလို့ရှိရင် အဲ့ဒီတပ်သားတွေက ရပ်ကွက်မှာရှိနေတဲ့ မဲရုံတွေမှာ သွားထည့်ရမယ်။ ဒါပေမဲ့ အခု လွိုင်ကော်ကတပ်တွေက ကြိုတင်မဲကို ရှားတောနယ်မြေမှာ သွားထည့်တာတွေ့ရတယ်။ ရှားတောမှာဆိုရင် ၃၃၁ မဲက ကြိုတင်မဲဖြစ်သွားပြီပေါ့နော်။ ဒါက တပ်တွေက သွားပြီးတော့မှ လွိုင်ကော်မြို့မှာ ထည့်ရမဲ့ဟာကို ရှားတောမြို့မှာ သွားထည့်နေတဲ့ အခြေအနေတွေကလည်း ရွေးကောက်ပွဲဥပဒေတွေနဲ့ မညီညွတ်ဘူး” ဟု ဒေါ်စန္ဒာဝင်းက ပြောသည်။

ရှားတောမြို့နယ်တွင် တပ်စာရင်းပါဝင်ခြင်းမရှိဘဲ ကြိုတင်မဲသွားရောက်ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ကြိုတင်မဲပေးသည့် တပ်မဲသည် ၃၃၁ မဲရှိကြောင်း သိရသည်။

လွိုင်ကော်က တပ်ရင်းတချို့ ရှားတောမြို့နယ်တွင် ကြိုတင်မဲစာရင်း လာရောက်ထည့်သွင်းခြင်းသည် အထက်အမိန့်အရ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ရှားတောမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ကော်မရှင်ဥက္ကဌ ဦးကူးရယ်က ပြောသည်။

“တပ်မဲကတော့ သူတို့လာပေးနေပြီ။ သူတို့တွေ ၃(ခ) နဲ့ ကောက်တဲ့လူတွေအားလုံးက ဒီမှာလာပြီးတော့ ပေးနေတာဖြစ်တော့ တရားဝင်တာပေါ့။ အဲ့တာကျတော့ သူတို့နယ်ဘက်မှာ၊ သူတို့တပ်စခန်းကနေပြီးတော့မှ ကြိုတင်မဲအရင်ထည့်ရမယ်ဆိုလို့ ထည့်ပိုင်ခွင့်ရှိတယ်ဆိုလို့ နယ်စွန်နယ်ဖျား ရှားတောမြို့နယ်အတွင်းမှာကျတဲ့လူတွေကို ရှားတောမြို့နယ်မှာ ထည့်လို့ရတယ်ပြောလို့လေ” ဟု ဦးကူးရယ်က ပြောသည်။

သို့သော်လည်း မဲရုံများတွင် ကြိုတင်မဲစာရင်း ရေတွက်သည့်အချိန်၌ စာရင်းကိုက်ညီမှု မရှိသည်ကို တွေ့ရကြောင်း ၎င်းက ဆက်လက်ပြောသည်။

ထို့ပြင် ယခုနှစ်တွင် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများကို ၂၀၁၅ ခုနှစ်ကထက် ကန့်သတ်မှုများရှိနေသဖြင့် အခက်အခများကြုံတွေ့နေရသည်ဟု ကယားပြည်နယ် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူ ဒေါ်စန္ဒာဝင်းက ပြောသည်။

ရှားတောမြို့နယ်အတွင်း မဲပေးပိုင်ခွင့်ရှိသူ ဦးရေ  ၅၆၂၈ ဦးရှိပြီး ၎င်းမြို့နယ်တွင် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစု၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီနဲ့ တစ်သီးပုဂ္ဂလတစ်ဦး တို့ ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...