ညွန့်ပေါင်းအစိုးရဖွဲ့နိုင်မှ အာဏာရှင်စနစ်များကို တွန်းလှန်နိုင်မည်ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီမှ ဝိုင်းမော်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း စိုင်းဆွန်လျို့က ပြောသည်။
အဆိုပါ အာဏာရှင်များစနစ်ကို တွန်းလှန်ရန် တစ်စုထက်မကသော တိုင်းရင်းသားများ ညွန့်ပေါင်းဖွဲ့နိုင်ရန်လိုပြီး ဖက်ဒရယ်ပြည်ထောင်စုကို သွားမည်ဆိုပါက ညွန်းပေါင်းအစိုးရအဖြစ် သွားရမည်ဖြစ်သည်ဟု ဆိုသည်။
“တိုင်းရင်းသားတစ်စုတည်းနဲ့ မှီခိုသွားလို့မရဘူး။ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှုရှိမှ နောက်တစ်ချက်က ကျွန်တော်တို့လိုချင်တဲ့ ညွန့်ပေါင်းအစိုးရ ဒါတွေ ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ပြီဆိုရင် ခုနကျွန်တော်ပြောတဲ့ တစ်ပါတီအာဏာရှင်စနစ်တို့ စစ်အစိုးရဆိုတာ တွန်းလှန်နိုင်မယ်လို့ ကျနော်ယုံကြည်ပါတယ်” ဟု စိုင်းဆွန်လျို့ကပြောသည်။
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိကာ အစိုးရဖြစ်လာသည့် NLD ပါတီအနေဖြင့် တိုင်းရင်းသားများ၏အသံကို လစ်လျူရှုခဲ့ပြီး ဗဟိုချုပ်ကိုင်မှုဖြင့်သာ အများဆုံး အုပ်ချုပ်စီမံလုပ်ဆောင်ခဲ့သည့်အတွက် စုပေါင်းခေါင်းဆောင်မှု၊ စုပေါင်းလုပ်ဆောင်မှုများမှာ အားနည်းခဲ့ကြောင်း ဝိုင်းမော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းက ပြောသည်။
“ဒီညွန့်ပေါင်းကို သွားကိုသွားရမယ်။ ဘာကြောင့်လဲဆိုရင် ကျနော်တို့တစ်ပါတီပဲ ကြီးစိုးနေရင် တစ်ပါတီစနစ်၊ တစ်ပါတီအာဏာရှင်လို ဖြစ်သွားမယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့ ခုနပြောသလို ဖက်ဒရယ်ပြည်ထောင်စုသွားနေတဲ့ ဒီမိုကရေစီဖြစ်တဲ့အတွက် ကျွန်တော်တို့ တိုင်းရင်းသားလူမျိုးစုံရဲ့အသံကို နားထောင်မှရမယ်”
ထို့အတူ ပေါင်းစည်းထားသည့် ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီများအနေဖြင့်လည်း လာမည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိမည်ဆိုပါက ညွန့်ပေါင်းအစိုးရဖွဲ့သွားရန်ရှိပြီး ထိုမှတစ်ဆင့် တိုင်းရင်းသားများ၏ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ကိုယ်ပိုင်ပြဌာန်ခွင့်များကို လုပ်ဆောင်သွားမည်ဟု တိုင်းရင်းသားပါတီများကလည်း ပြောဆိုထားသည်။
ပြည်နယ်အခြေစိုက် ပေါင်းစည်းပါတီငါးခုတွင်ပါဝင်သည့် ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP မှ ဒုတိယဥက္ကဋ္ဌ - ၂ ဦးကွမ်ဂေါင်အောင်ခမ်းက “ကျနော်တို့က ၂၀၂၀ ရွေးကောက်ပွဲအလွန်မှာ ကျနော်တို့ရဲ့ တိုင်းရင်းသား ပူးပေါင်းထားတဲ့ပါတီတွေအနေနဲ့ ကျနော်တို့ ဆုံးဖြတ်ထားတာ ဆွေးနွေးထားတာကတော့ အနာဂတ်မှာ အစိုးရလုပ်မယ့် ပါတီတွေအနေနဲ့ဆိုရင် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို လက်ခံရမယ်။ နံပါတ် ၂ အနေနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့လိုတယ်။ ဒါကိုလက်ခံဖို့လိုတယ်။ ငြိမ်းချမ်းရေးလုပ်ဖို့လိုတယ်။ အဓိကကတော့ ကိုယ်ပိုင်ပြဌာန်းခွင့် ဖက်ဒရယ်ပြည်ထောင်စုနဲ့ အခြေခံဥပဒေပြင်ဆင်ရေး အသစ်ရေးဆွဲရေးကို လက်ခံတဲ့ပါတီတွေနဲ့ အတူတကွလက်တွဲဆောင်ရွက်ဖို့ ကျနော်တို့ ဒါပဲဆွေးနွေးထားတာရှိပါတယ်” ဟုပြောသည်။
ပေါင်းစည်းထားသည့် ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီငါးခုမှာ ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP)၊ ကယား ပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP)၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP)၊ ချင်းအမျိုးသား ဒီမိုက ရေစီအဖွဲ့ချုပ် (CNLD) နှင့် မွန်ညီညွတ်ရေးပါတီ (MUP) တို့ဖြစ်သည်။
စိုင်းဆွန်လျို့ကလည်း “လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ခုနက ကျနော်ပြောသလို ကျွန်တော်တို့ တိုင်းရင်းသားအရေး တိုင်းရင်းသား အခွင့်အရေးတွေ မိမိဖန်တီးဖို့ နောက်ပြီးတော့ စုပေါင်းခေါင်းဆောင်နိုင်မယ့်လူတွေ နောက်တစ်ချက် ပူးပေါင်းဆောင်ရွက်နိုင်မယ့်လို့ ယုံကြည်တယ်။ နောက်တစ်ချက်က တိုင်းရင်းသားအခွင့်အရေးတွေ ဖန်တီးပေးနိုင်မယ်လို့ ကျနော်တို့ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးကြပါလို့ တိုက်တွန်းရင်းနဲ့ ပြောကြားချင်ပါတယ်” ဟုပြောသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ကချင်ပြည်နယ်တွင် ဝိုင်းမော်၊ မိုးကောင်း၊ မိုးမောက်၊ မံစီ မြို့နယ်များရှိ မဲဆန္ဒနယ် ၁၂ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် တိုင်းရင်းသားများက NLD ကို ဝန်းရံခဲ့ကြသည်သာမက ပါတီအောင်နိုင်ရေးအတွက် ကြိုးစားလုပ်ဆောင်ပေးခဲ့ကြပြီး ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် NLD က တိုင်းရင်းသားများ၏အရေးကို လျစ်လျူရှု့ထားခဲ့သည်ဟု ဆိုသည်။
ထိုအနေအထားများကြောင့် ၂၀၂၀ ရွေးကောက်ပွဲအလွန်တွင် တိုင်းရင်းသားပါတီများအနေဖြင့် ရွေးကောက်ပွဲအောင်နိုင်မည်ဆိုပါက ညွန့်ပေါင်းအစိုးရဖွဲ့သွားမည်ဖြစ်ပြီး ထိုမှတစ်ဆင့် တိုင်းရင်းသားများ၏ အခွင့်အရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနှင့် ဒီမိုကရေစီအရေးတို့ကို ကြိုးစားလုပ်ဆောင်သွားမည်ဟု တိုင်းရင်းသားပါတီများက ပြောသည်။