ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (CNLD) ပါတီက ကြိုတင်မဲလာထည့်တဲ့ ဘိုးဘွားတွေကို ရုပ်ပျက်ဆင်းပျက်နဲ့ အတင်းမဲထည့်ခိုင်းတယ်လို့ ဖော်ပြထားထားတဲ့ သတင်းအမှား

ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (CNLD) ပါတီက ကြိုတင်မဲလာထည့်တဲ့ ဘိုးဘွားတွေကို ရုပ်ပျက်ဆင်းပျက်နဲ့ အတင်းမဲထည့်ခိုင်းတယ်လို့ ဖော်ပြထားထားတဲ့ သတင်းအမှား
by -
Khonumthung Media Group

ဒီအကြောင်းရာကို Chinland NLD Group ဆိုတဲ့ Facebook စာမျက်နှာမှာ အောက်တိုဘာလ ၃၀ ရက်နေ့က တင်ထားတာဖြစ်ပါတယ်။

ပို့စ်မှာရေးထားတာက ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့ပေါ် စံဘောင်ရပ်ကွက်မှာ ကြိုတင်မဲလာထည့်ကြတဲ့ အသက် ၆၀ နဲ့အထက် အဘိုးအဘွားတွေကို ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (CNLD) ပါတီဝင်တွေက ရုပ်ပျက်ဆင်းပျက် အမဲရိုးလုစားတဲ့ခွေးတွေလို အတင်းခေါ်သွားပြီး ဘာမှမတော်စပ်ပေမဲ့ အတင်းမဲသွားထည့်ပေးနေကြတယ် CNLD တွေ ခိုးနည်း/လိမ်နည်းအကုန်တတ်တယ်လို့ ဖော်ပြထားတာဖြစ်ပြီး ဒီသတင်းအမှားဟာ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပြန့်နှံ့လာခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မတူပီမြို့နယ် ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးနိုင်းအွမ်ကို ထပ်မံမေးမြန်းရာမှာတော့ အဲလိုမျိူး ရုပ်ပျက်ဆင်းပျက် အတင်းမဲထည့်ခိုင်းတာမျိူး မရှိဘူးလို့ ပြောပါတယ်။

“လူငယ်တွေကလည်း သက်ကြီးဘိုးဘွားတွေကို ကူညီပေးနေတော့ နည်းနည်း ရုတ်ရုတ်သဲသဲဖြစ်ချင်တဲ့သဘော ဖြစ်လာတော့ ပါတီအဖွဲ့တွေကိုရော၊ ကော်မရှင်အဖွဲ့တွေကိုရော ခေါ်ပြီးတော့ ပြောထားတယ်။ ရုပ်ပျက်ဆင်းပျက်အနေထားမှာတော့ မရှိပါဘူး။ မဲဆန္ဒရှင်တွေကိုလည်း ကျနော်ပြောထားတာက ကိုဗစ်ကြောင့် အသက် (၆၀) နဲ့အထက်က ကြိုတင်မဲပေးဖို့စီစဉ်ပေမယ့် မဲဆန္ဒရှင်ရဲ့ သဘောပါပဲ…. မဲပေးမယ့်နေ့ကျမှ မဲထည့်မယ်ဆိုရင်လည်း အဆင်ပြေပါတယ်….လို့ပြောထားပါတယ်။ လူငယ်တွေကူညီပေးတာက မသွားနိုင်တဲ့သက်ကြီးတဲ့သူတွေကို တွဲကူပေးတာတွေရှိတယ်… မဲဆန္ဒရှင်ကိုယ်တိုင်ကလည်း အဲ့နေ့တစ်ရက်ထည်းမှာပဲ မဲထည့်ရမယ်လို့ထင်နေကြတယ် ကျနော်တို့က (၅) ရက်နေ့ထိ မဲပေးလို့ရတယ် အေးအေးဆေးဆေး မဲပေးလို့ရတယ်လို့ပြောထားပါတယ်။ တချိူ့လူတွေက ကိုယ်လိုရာဆွဲပြီးတင်တာဖြစ်ပါလိမ့်မယ် ဒါပေမယ့် အဲ့လောက် ရုပ်ပျက်ဆင်းပျက်အနေထားမှာ မရှိပါဘူး ပါတီဖွဲ့အားလုံးနဲ့သွားပါတယ်။ ရှင်းပါတယ်။ အဲ့ဒါမျိုးမရှိပါဘူး….. သူအနေနဲ့ပဲ ပို့စ်တင်တာလာတော့မသိပါဘူး အဲ့လောက်ကြီးဖြစ်တာလည်းမရှိပါဘူး… တခြားပါတီတွေကိုလည်း မေးလို့ရပါတယ်” လို့ ဖြေကြားခဲ့ပါတယ်။

CNLD ပါတီမှ မတူပီမြို့နယ် အမျိူးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်လျန်းကလည်း အဲဒီကိစ္စဟာ သတင်းအမှားသာဖြစ်တယ်လို့ ပြောပါတယ်။

“ဘိုးဘွားတွေကို အတင်းခေါ်ပြီးမဲထည့်ခိုင်းတာတော့မလုပ်ပါဘူးခင်ဗျ၊ အသက် (၆၀) ပြည့်ရင် ကြိုတင်မဲထည့်ရမယ်ဆိုတာကိုပဲ တစ်အိမ်တက်ဆင်း သတိပေးတာပဲရှိခဲ့ပါတယ်။ အခုရွေးကောက်ပွဲကာလဆိုတော့ မတူပီမှာချင်းပါတီက အရမ်းအားကောင်းနေတော့ သတင်းမဟုတ်မမှန်တွေ အမြဲဝါဒဖြန့်တာတွေရှိတယ်။ မြေပြင်အနေထားအရ မတူပီရဲ့ CNLD အရမ်းအားကောင်းတော့ သူတို့သံသယဖြစ်အောင် သတင်းယူမှားနိုင်တဲ့ ဖြစ်ရပ်တွေကို အမြဲတမ်းရေးနေကြတယ်၊ ဒါက ပုဂ္ဂိုလ်ရေးအရသိရရင်တော့ ဥပဒေအရ ဖြေရှင်းချင်ပါတယ်။ Facebook အကောင့်အတုတွေကလည်း အများကြီးထွက်လာတယ်ဆိုတော့ ဘာမှဖြေရှင်းလို့မရဘူးလေ” လို့ ဦးအောင်လျန်းကပြောပါတယ်။

ဒါကြောင့် တာဝန်ရှိသူများရဲ့ဖြေကြားချက်အရ ဒီသတင်းဟာ ရွေးကောက်ပွဲကာလအတွင်းမှာ ပြည်သူများအကြား စိတ်ခံစားမှုများပြင်းထန်အောင်လှုံ့ဆော်ပြီး အမုန်းစကားဖြန့်ဝေတဲ့ သတင်းအမှားသာဖြစ်ကြောင်း သိရပါတယ်။

ဒီသတင်းအမှားကို အောက်တိုဘာလ (၃၀) ရက်နေ့မှာတင်ထားတာဖြစ်ပြီး Like နဲ့ React ပြုလုပ်သူ (၅၈) ယောက်ရှိခဲ့ပြီး ပြန်လည်ဝေမျှသူ (၁၈) ယောက်ရှိခဲ့ပါတယ်။

ရွေးကောက်ပွဲနီးလာတာနဲ့အမျှ သတင်းတုသတင်းအမှားတွေများလာတဲ့အတွက်အကြောင့် ယုံကြည်စိတ်ချရတဲ့သတင်းဌာနက သတင်းတွေကိုသာ ဖတ်ရှုကြပါ။

September 13, 2023
မဇ္ဈိမကတင်ဆက်နေသည့် သတင်းမှားများကိုတိုက်ဖျက်ခြင်း - Misinformation Buster အစီအစဉ်သို့ သတင်း တု...
August 12, 2023
စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ...
August 9, 2023
ကမ္ဘောဇ KBZ Bank အမည်ဖြင့် ဖုန်းမှ စာတို (sms) များပေးပို့ပြီး ဘဏ်အကောင့် အန္တရာယ်ရှိနေကြောင်း...
August 7, 2023
စစ်ကောင်စီအကောင့်တုတွေဖြန့်ဝေနေတဲ့ “ သံလွင်တံတား (ဘားအံ) စစ်ဆေးရေးဂိတ် ပေါက်ကွဲမှုဖြစ်စဉ်သည်...