ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ၏ မူဝါဒနှင့် ရွေးကောက်ပွဲကတိကဝတ်များ

ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ၏ မူဝါဒနှင့် ရွေးကောက်ပွဲကတိကဝတ်များ
by -
ထွန်းခိုင် (နိရဥ္စရာ)

မိမိတို့ကံကြမ္မာ မိမိတို့ကိုယ်တိုင် ဖန်တီးပိုင်ခွင့်ရရှိရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ပေါက်ရေး ရှေ့ရှုလုပ်ကိုင်ရန် မူဝါဒချမှတ်ဆောင်ရွက်နေကြောင်း ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီဥက္ကဋ္ဌ ဦးအေးကြိုင်ကပြောသည်။

“ကျနော်တို့ လိုလားတာက မိမိတို့ကံကြမ္မာကို မိမိတို့အနေနဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ပေါက်နိုင်ရေးကို ရှေ့ရှုလုပ်ကိုင်ဆောင်ရွက်ဖို့ဆိုပြီးတော့ လုပ်ထားတဲ့ အဓိကရည်ရွယ်ချက်ဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

ထို့ပြင် တစ်ပါတီအာဏာရှင်စနစ်မှ အရပ်သားပြည်သူ့အုပ်ချုပ်ရေး၊ ပါတီစုံ ဖက်ဒရယ်ဒီမိုကရေစနစ်ပေါ်ပေါက်ရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံအား ပြန်လည်ပြင်ဆင်နိုင်ရေး စသောအချက်များ ပါတီမူဝါဒထဲတွင်ပါဝင်ကြောင်း ပါတီဥက္ကဋ္ဌ ဦးအေးကြိုင်က ဆက်လက်ပြောသည်။

ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီအနေဖြင့် ရခိုင်ပြည်နယ်အတွင်း သံတွဲနှင့် ကျောက်ဖြူမြို့နယ်နှစ်ခုတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း ခြောက်ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး အဆိုပါလွှတ်တော်ကိုယ်စားလှယ်ခြောက်ဦးတွင် အမျိုးသား သုံးဦးနှင့် အမျိုးသမီးသုံးဦးတို့ဖြစ်ကြပြီး ၎င်းတို့ထဲတွင် လူငယ်နှစ်ဦးပါဝငကာ ၎င်းတို့၏ အနိမ့်ဆုံးပညာအရည်အချင်းမှာ ဆယ်တန်းအောင်ဖြစ်ကြောင်း သိရသည်။

၎င်းတို့ရွေးကောက်ပွဲတွင် အနိုင်ရရှိပါက ရခိုင်တိုင်းရင်းသားများအရေး၊ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်လာရေးတို့တွင် အားထုတ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီသည် ရွေးကောက်ပွဲဆောင်းပုဒ်အဖြစ် “ရခိုင်ပြည်နယ်၊ ဖွံ့ဖြိုးတိုးတက်ရေး၊ သဇင်နှစ်ခက်၊ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီကို မဲပေးစို့” ဟူ၍ပေးထားကြောင်း သိရသည်။

ယင်းပါတီကို ၂၀၁၀ ခုနှစ် မေ ၂၀ ရက်တွင် ပါတီမှတ်ပုံတင်ခွင့်ပြုခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်တွင် နေရာ ၁၀ နေရာ၊ ၂၀၁၅ ရွေးကောက်ပွဲတွင် နေရာ ၂၉ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း တစ်နေရာမှ အနိုင်ရရှိခဲ့ခြင်းမရှိပေ။

ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီအနေဖြင့် ၂၀၁၀ တွင် ပြိုင်ဘက်ပါတီများဖြစ်သည့် ဒေါက်တာအေးမောင်ဦးဆောင်သည့် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီနှင့် ပြည်ခိုင်ဖြိုးအားလည်းကောင်း၊ ၂၀၁၅ တွင် ရခိုင်တိုင်းသားများတိုးတက်ရေးပါတီနှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်တို့ပေါင်းစည်းထားသည့် ရခိုင်အမျိုးသားပါတီအားလည်းကောင်း ယှဉ်ပြိုင်နိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။

ယခု ၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်တွင်နယ်မြေအများအပြား ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိခြင်း၊ ကျန်သည့်မဲဆန္ဒနယ်မြေများတွင် NLD၊ ပြည်ခိုင်ဖြိုးနှင့် ကျန်ရခိုင်ပါတီများ အားသည့်နယ်မြေဖြစ်ခြင်းကြောင့် ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီအနေဖြင့် ရွေးကောက်ပွဲအောင်နိုင်ရေး ရုန်းကန်ရဦးမည်ဖြစ်ကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...