ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်တွင်း ကချင်နိုင်ငံရေးပါတီများ၏ ဆိုင်းဘုတ်များ ဖျက်ဆီးခံရခြင်းနှင့်ပတ်သက်၍ ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) အနေဖြင့် သုံးပွင့်ဆိုင် တွေ့ဆုံဖြေရှင်းသွားမည်ဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊မိုးမောက်မြို့နယ်မဲဆန္ဒနယ် အမှတ် (၁) လော့ဒန်ကျေးရွာတွင် စိုက်ထူထားသည့် ကချင်နိုင်ငံရေးပါတီများ၏ ဆိုင်းဘုတ်များ ဖျက်ဆီးခံနေရခြင်းဖြစ်ပြီး အဆိုပါကိစ္စနှင့်ပတ်သက်၍ ကချင်နိုင်ငံရေးပါတီဘက်မှ တာဝန်ရှိသူများ၊ ဆိုင်းဘုတ်အားဖျက်ဆီးခဲ့သူနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများသည် အောက်တိုဘာလ ၂၄ ရက်နေ့တွင် တွေ့ဆုံ၍ ဖြေရှင်းကြမည်ဖြစ်ကြောင်း ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) မဲဆန္ဒနယ် ၁ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဦးပဆန်ဆွတ်နောင်ကပြောသည်။
“ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့က ရက်ကျေးအုပ်ချုပ်ရေးမှူးတအပါအဝင် ဆိုင်းဘုတ်ဖျက်တဲ့သူနဲ့ အောက်တိုဘာလ ၂၁ ရက်နေ့မှာတွေ့ဆုံဆွေးနွေးသွားဖို့ပါပဲ။ဒါပေမယ် လွဲသွားတဲ့တွက် လာမယ့် ၂၄ ရက် (စနေနေ့) မှာဘဲ တွေ့ဆုံဖြေရှင်းမှာဖြစ်တယ်။ ခုလောလောဆယ်တော့ ဘာမှ အတိအကျပြောလို့မရသေးဘူး” ဟု ကိုယ်စားလှယ်လောင်း ဦးပဆန်ဆွတ်နောင်ကပြောသည်။
လော့ဒန်ကျေးရွာတွင် စိုက်ထူထားသည့် ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) နှင့် ကချင်အမျိုးသားကွန်ကရက်ပါတီ (KNC) ပါတီတို့မှ ဆိုင်းဘုတ်များသည် အောက်တိုဘာ ၁၅ ရက်က ဖျက်ဆီးခံရခြင်းဖြစ်ပြီး ဆိုင်းဘုတ်အား ဖျက်ဆီးသူသည် လော့ဒန်ကျေးရွာမှ ကချင်အမျိုးသမီးတစ်ဦး အိမ်ထောင်ကျပြီး မကြာသေးမီးကမှ ကျေးရွာသို့ ပြောင်းရွှေ့နေထိုင်သူဖြစ်ကြောင်း သိရသည်။
အဆိုပါကိစ္စနဲ့ပတ်သက်၍ ကချင်ကွန်ကရက်ပါတီ (KNC) သည် ဆိုင်းဘုတ်ဖျက်ဆီးသူအား ဆိုင်းဘုတ်ဖျက်ဆီး သည့်အပိုင်းအား ပြန်လျော်စေခဲ့ပြီး ခံဝန်ချုပ်ဆိုစေကာ နောက်တစ်ကြိမ် ထပ်မံပြုလုပ်မည်ဆိုပါက ဥပဒေအတိုင်း အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ကချင်ကွန်ကရက်ပါတီ (KNC) ၏ ဥက္ကဌ၊ မိုးမောက်မြို့နယ် အမျိုးသားလွှတ်တော်ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဦးကွန်လက ၎င်း၏ လူမူကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
“ကျွန်တော်တို့အနေနဲ့တော့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ ဆိုင်းဘုတ်ခုတ်တဲ့သူနဲ့အားကို ဖြေရှင်းတဲ့ ချိန်ကျရင် တော့ အဲကဒေသခံပြည်သူတွေရဲ့အသံကို နားထောင်ပြီးတော့ ဘယ်လိုဆက်လုပ်သွားမယ်ဆိုတာကို အဆုံးအ ဖြတ်ယူသွားဖို့တော့ တိုင်ပင်ထားကြပါတယ်။ ခုကြားရသလောက် တော့ အဲလူက စိတ်မနှံ့သူဖြစ်တယ်ဆိုပြီး ပြော သံတွေလည်းကြားနေရတယ်။ စိတ်မနှံ့သူဆိုပေမယ့် ဆိုင်းဘုတ် ခုတ်တာကျတော့ ကချင်ပါတီတွေရဲ့ဆိုင်းဘုတ်ဘဲ ခုတ်ထားတာဆိုတော့ ဒါဘယ်လိုကြောင့်လဲဆိုတော့ သံသယ ဝင်စရာတွေတော့ဖြစ်နေတယ်” ဟု ကချင်ပြည်နယ်ပြည်သူ့ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဘရန်အောင်ကပြောသည်။
နိုဝင်ဘာလ ၈ ရက်နေ့ကျင်းပမည့် ရွေးကောက်ပွဲတွင် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် မဲဆန္ဒနယ် ၁ တွင် မဲရုံပေါင်း ၂ဝ၊ မဲဆန္ဒရှင်ဦးရေ ၂၀၁၅၇ ဦးရှိပြီး မဲဆန္ဒနယ်အမှတ် ၂ တွင် မဲရုံပေါင်း ၂၅ ရုံ၊ မဲဆန္ဒရှင် ၃၂၀၃၀ ဦးရှိကြောင်း သက်ဆိုင်ရာကော်မရှင်ရုံးမှ သိရသည်။
ကချင်ပြည်နယ်တစ်ပြည်နယ်လုံးတွင် မဲရုံပေါင်း ၉၁၈ ရုံရှိပြီး ဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီပေါင်း ၁၈ ပါတီရှိကာ မဲဆန္ဒရှင်ဦးရေ ၁၁ သိန်းခန့်ရှိသည်။
Published
Wednesday, October 21, 2020
ကချင်နိုင်ငံရေးပါတီများ၏ ဆိုင်းဘုတ်များ ဖျက်ဆီးခံရခြင်းအပေါ် သုံးပွင့်ဆိုင်တွေ့ဆုံဖြေရှင်းရန် KSPP စီစဉ်