ရခိုင်ပြည်နယ်တွင် မသန်စွမ်းမဲဆန္ဒရှင် သောင်းချီရှိနေပြီး ကိုဗစ်ကာလ ရွေးကောက်ပွဲနေ့ မဲပေးနိုင်ရေး အဆင်မပြေမည်ကို စိုးရိမ်နေကြကြောင်း ရခိုင်ပြည်နယ် မသန်စွမ်းသူများအသင်းထံမှ သိရသည်။
လက်ရှိတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မသန်စွမ်းများအနေဖြင့် ရွေးကောက်ပွဲနှင့်ပတ်သတ်ပြီး သတင်းအချက်အလက်ရရှိမှု အားနည်းနေသဖြင့် စိုးရိမ်နေကြခြင်းကြောင်း ရခိုင်ပြည်နယ်မသန်စွမ်းသူများအသင်း၏ အထွေထွေအတွင်းရေးမှူး ဒေါ်ထွီးမေကပြောသည်။
“အခုကိုဗစ်ကာလမှာ IDP ကပ်တွေမှာရှိနေတဲ့ မသန်စွမ်းတွေအနေနဲ့ သတင်းအချက်အလက် မရရှိတာတွေ ရှိတယ်။ဘယ်လိုလဲဆိုရင် မိမိဟာ မဲစာရင်းထဲမှာမပါရင် ရွေးကောက်ပွဲကော်မရှင်ထံ ဘယ်လိုပုံစံနဲ့ လျှောက် ရမှာလဲဆိုတာကို သတင်းအချက်အလက်မသိတဲ့သူတွေ ရှိတယ်။ဒါကြောင့် IDP ကပ်တွေမှာရှိတဲ့ မသန်စွမ်းတွေ မဲပေးနိုင်ရေးအတွက် မဲရုံထဲကိုရောက်နိုင်မလား စိုးရိမ်မိတယ်။ နောက်ပြီး မြို့ထဲတွေမှာဆိုရင်လည်း သတင်းအချက်အလက်မရရှိတဲ့ မသန်စွမ်းတွေ များစွာတွေ့နေရတယ်” ဟု ၎င်းကပြောသည်။
ရခိုင်ပြည်နယ်တွင်အထူးသဖြင့် အကြားအာရုံမသန်းစွမ်းသူများ၊ ညဏ်ရည် မသန်းစွမ်းသူများ၊အမြင်အာရုံမသန် စွမ်းသူများအနေဖြင့် သတင်းအချက်အလက်မရရှိမှုများ ပိုတွေ့ရကြောင်း သိရသည်။
“ကိုဗစ်ကာလမှာ လူတွေအများကြီးအထဲမှာ စောင့်နေရမှာကိုတော့ စိုးရိမ်မိတယ်။ ဘာဖြစ်လို့လဲရင် လူတွေအများကြီးထဲမှာ မနေရဲဘူး။နောက်ပြီး ကျမက ကိုယ်အင်္ဂါမသန်စွမ်းတစ်ဦးအနေနဲ့ အကြာကြီးမရပ်နိုင်တာရယ်၊ လူကြားထဲမှာ မနေဝံ့တာရယ် အဲနှစ်ချက်ကို စိုးရိမ်တယ်” ဟု ဒေါ်ထွီးမေကပြောသည်။
ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ (ခွဲ) အတွင်းရေးမှူး ဦးသူရိန်ထွဋ်က “ရခိုင်မှာရှိတဲ့ မြို့နယ်တွေမှာ မသန်စွမ်းတွေက အစုလိုက်မရှိဘူး၊ ဟိုနားတစ်ယောက်၊ ဒီနားတစ်ယောက်ဆိုတော့ မဲရုံသီးသန့်စီစဉ်ပေးတာမရှိဘူး။ ကျနော်တို့စီစဉ်ပေးလို့ရတာက ကျန်းမာရေးဝန်ထမ်းတွေ၊ လုံခြုံရေးဝန်ထမ်းတွေက မသန်စွမ်းတွေကို တွဲပြီးကူညီပေးတာတို့၊ ဒီလိုလောက်ပဲ ကူညီပေးလို့ရတယ်” ဟု ဆိုသည်။
မသန်စွမ်းသူများသည် သန်စွမ်းသူများနှင့်အတူ တန်းတူမဲပေးရာတွင် အခက်အခဲများရှိသည့်အတွက် မသန်စွမ်းသူများ အဆင်ပြေချောမွေ့စွာ မဲပေးနိုင်ရန် ဦးစားပေးအနေဖြင့် လုပ်ဆောင်ပေးသင့်ကြောင်း ၎င်းတို့က ဆိုကြသည်။
ပထမအကြိမ်မဲစာရင်းအရ ရခိုင်ပြည်နယ်တွင် ဆန္ဒမဲပေးခွင့်ရှိသည့် မသန်စွမ်း ဦးရေ သုံးသောင်းခြောက်ရာရှိပြီး ယင်းအထဲတွင် အမြင်အာရုံမသန်စွမ်း ၅၈၀ ဦး၊ အကြားအာရုံမသန်စွမ်း ၆၅၀ ဦး၊ ကိုယ်အင်္ဂါမသန်စွမ်းသူ ၁၄၀၀ ကျော်၊ ဉာဏ်ရည်မသန်စွမ်း ၂၆၀ ကျော်အပါအဝင် တခြားသော မသန်စွမ်းများလည်းပါဝင်ကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ (ခွဲ) မှ သိရသည်။
နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ရွေးကောက်ပွဲအတွက် ရခိုင်ပြည်နယ်မှ ဆန္ဒမဲပေးခွင့်ရှိသူဦးရေ ၁၆၄၇၀၀၀ ကျော်ရှိပြီး ယင်းအထဲတွင် မသန်စွမ်းဦးရေ ၃၀၆၀၀ ကျော်ပါဝင်နေခြင်းဖြစ်သည်။