ရွေးကောက်ပွဲတွင် ဖားကန့်မြို့နယ်၌ ဆန္ဒမဲပေးရန် ပုံစံ - ၃ (က) ဖြင့် လာရောက်လျှောက်ထားသည့် ရွှေ့ပြောင်းလုပ်သား ကိုးထောင် ဝန်းကျင်ရှိကြောင်း ဖားကန့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးမှ သိရသည်။
သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေများ၏ ပြဋ္ဌာန်းချက်အရ အနည်းဆုံး ရက်ပေါင်း (၉၀) ထက်မနည်း မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များသည် မိမိတို့၏ အမြဲတမ်းနေရပ်သို့ သွားရောက် မဲပေးလိုခြင်းမရှိပါက မိမိတို့ ရောက်ရှိနေသည့် မဲဆန္ဒနယ်တွင် ရွေးကောက်ခံသော လွှတ်တော်ကိုယ်စားလှယ် လောင်းများကို ဆန္ဒမဲပေးနိုင်ခွင့်ရရှိနိုင်ရန် ပုံစံ - ၃ (က)ဖြင့် လျှောက်ထားနိုင်ကြောင်း ကြေညာထားသည်။
ဖားကန့်ဒေသတွင် အခြားနေရပ်မှ လာရောက်အလုပ်လုပ်ကိုင်သည့် ရွှေ့ပြောင်းလုပ်သားဦးရေသည် ပုံမှန်အားဖြင့် သုံးသိန်းဝန်းကျင်ခန့်ရှိသော်လည်း ကိုဗစ် ၁၉ ဖြစ်ပွားချိန် မိမိအရပ်ဒေသသို့ ပြန်သူများရှိနေသဖြင့် လက်ရှိအချိန် အဆိုပါလူဦးရေ၏ ထက်ဝက်ခန့်သာရှိကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
ဖားကန့်မြို့နယ်တွင် မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များမှ မဲစာရင်းတွင်ပါဝင်ရန် ပုံစံ ၃ (က) ဖြင့် လာရောက်လျှောက်ထားသူ ၁၁ဝဝဝ ခန့်ရှိသည့်အထဲမှ သတ်မှတ်ချက်နှင့်အညီ ပြန်လည်စီစစ်ချက်အရ ကိုးထောင်ဝန်းကျင်ကျန်ရှိကြောင်း ဖားကန့်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးအောင်ကျော်သူက ပြောသည်။
“စီစစ်တယ်ဆိုတာ ဒီမဲစာရင်းမှာ ပါဝင်ထားခြင်းရှိ/မရှိကို အရင်စီစစ်ရတယ်ခင်ဗျ။ ပါဝင်ပြီးသားဖြစ်လို့ရှိရင် ကျွန်တော်တို့က စာရင်း ထပ်မသွင်းတော့ဘူး။ တောင်းဆိုသမျှကို လက်ခံရတာမဟုတ်ဘူးပေါ့။ တစ်ချို့ကတော့ အသက်မပြည့်သေးဘဲ တောင်းဆိုတာတွေလည်း ရှိတယ်။ နောက်တစ်ခုကတော့ မဲစာရင်းမှာ ပါပြီးသားကို သွားကြည့်တာမရှိဘဲ ပြန်တောင်းဆိုတာတွေရှိတယ်” ဟု ဦးအောင်ကျော်သူက ရှင်းပြသည်။
၂၀၂ဝ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ဖားကန့်တစ်မြို့နယ်လုံး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများကို ကြိုတင်စာရင်း ကောက်ခံသည့်စာရင်းအရ တစ်သိန်းခြောက်သောင်းကျော်ရှိပြီး အဆိုပါစာရင်းတွင် မပါဝင်သေးသူများအနေဖြင့် ဒုတိယအကြိမ်မဲစာရင်းတွင် ပါဝင်နိုင်ရန် ပြန်လည်လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပထမအကြိမ် မဲစာရင်းကြေညာရာတွင် အမည်စာရင်း ပါဝင်ခြင်းမရှိသေးသူများနှင့် အမည်စာရင်း ပြုပြင်လိုသူများအနေဖြင့် ပုံစံ လာရောက်လျှောက်ထားနိုင်ကြောင်း ကြေညာထားသော်လည်း ကိုဗစ်ဖြစ်ပွားမှုကြောင့် ပုံစံများလာရောက် လျှောက်ထားရာတွင် အခက်အခဲများရှိခဲ့ကြောင်း ဖားကန့်ဒေသအတွင်းက ရွှေ့ပြောင်းလုပ်သား တစ်ဦးဖြစ်သူ ကိုကျောက်စိမ်းကပြောသည်။
"ရောဂါဖြစ်နေတဲ့ ကာလဆိုတော့ ဒေသန္တရအမိန့် လိုက်နာနေရတာရော ရွေးကောက်ပွဲအတွက် သူတို့ အလုပ်ရှုပ်နေတာရောဆိုတော့ သိပ်အဆင်မပြေဘူး။ မှော်တွေဘက်မှာရှိတဲ့ လူဦးရေ သိန်းဂဏန်းလောက်ကတော့ တစ်ချို့ကတော့ မဲမပေးချင်လို့ပေါ့။ တစ်ချို့ကတော့ ပေးချင်ရက်နဲ့ မပေးလိုက်ရတဲ့သူတွ တော်တော်များများ ရှိပါတယ်” ဟု ကိုကျောက်စိမ်းကပြောသည်။
ထို့အပြင် ပြည်သူများအနေဖြင့် ရွေးကောက်ပွဲနှင့်ဆိုင်သည့် အသိပညာသိရှိမှု အားနည်းမှုကြောင့် ကျောက်စိမ်းမှော်အတွင်းရှိ ပြည်သူအများအပြား ဆန္ဒမဲပေးခွင့် ဆုံးရှုံးမှုများ တွေ့ရှိရကြောင်း ကိုကျောက်စိမ်းက ဆက်လက်ပြောသည်။
“ကျွန်တော်တို့လို အရမ်းစိတ်အားထက်သန်တဲ့သူတွေကတော့ ကိုယ့်နာမည်မပါပါအောင် မရမကလုပ်ပေမယ့် မသိတဲ့သူတွေကတော့ ဆုံးရှုံးသွားရောလေနော်။ သိပ်မသိကြဘူး။ တော်တော်များများက အခုကျွန်တော်လက်ရှိ မြင်နေရတာတော့ လေးဆယ်ရာခိုင်နှုန်းလောက်ကပဲ သိတဲ့လူရှိတယ်” ၄င်းကပြောသည်။
သို့သော် လက်ရှိအချိန် ဖားကန့်ဒေသက ရွှေ့ပြောင်းလုပ်သားအများအပြား၏ အမည်စာရင်းအများစုသည် ရွေးကောက်ပွဲ ဆန္ဒမဲပေးပိုင်ခွင့်စာရင်းတွင် ပါဝင်ပြီးဖြစ်ကြောင်း၊ ထို့ကြောင့် မဲပေးခွင့် ဆုံးရှုံးသူဦးရေ အများအပြား ကျန်ရှိမည်မဟုတ်ကြောင်း ကို အောင်ကျော်သူက ထောက်ပြပြောဆိုသည်။
"အရင် ပွင့်လင်းရာသီမှာ လုပ်ကွက်တွေ လုပ်ချိန်ကျတော့ သုံးလေးသိန်းလောက်ရှိတယ်။ ဒါပေမဲ့ လက်ရှိအ ချိန်မှာတော့ အများစုကလည်း ကိုယ့်ရပ်ရွာကို ပြန်သွားကြတယ်။ ရွှေ့ပြောင်းလုပ်သား တော်တော်များများကတော့ မဲစာရင်းထဲမှာ နဂိုတည်းက ပါထားပြီးသား ဖြစ်တယ်။ အများ ကြီးကျန်မယ်လို့တော ကျွန်တော်သိပ်တော့ မမြင်ဘူးပေါ့" ဟု ၄င်းကပြောသည်။
ပြည်သူများ၏ ဆန္ဒမဲပေးပိုင်ခွင့် ဆုံးရှုံးမှုမရှိရအောင် အသိပညာပေးမှုများ ပြုလုပ်ပေးရန်လိုကြောင်း၊ ပုံစံ ၃ (က) ဖြင့် လာရောက်လျှောက်ထားရန် သတ်မှတ်ပေးသည့် ကာလတိုတောင်းသောကြောင့် အဆင်မပြေကြောင်းကို ကျောက်စိမ်းက ပြောသည်။
ပြည်သူများ မဲပေးခွင့် ဆုံးရှုံးမှုမရှိစေရန် လိုက်လံဆောင်ရွက်ပေးနေသည့် ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးက “UECရဲ့ အားနည်းချက်တွေလည်း ရှိတယ်။ ဝန်ထမ်းကလည်း နည်းနည်းပဲရှိတယ်။ တစ်မြို့နယ်တည်းမှာ သိန်းနဲ့ချီပြီး ကိုင်ရတာဖြစ်တဲ့အတွက်ကြောင့် အမှားအယွင်းတွေလည်း အများကြီး ဖြစ်နေတယ်” ဟု ဆိုသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် ဖားကန့်မြို့နယ်အတွင်း မဲပေးခွင့်ရှိသူဦးရေ တစ်သိန်းရှစ်သောင်းဝန်းကျင်ရှိကာ ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ စာရင်းထက် နှစ်ဆခန့်များပြားကြောင်း သိရသည်။