၀မ်းရေးကြောင့် ပလက်ဝပြည်သူများ ရွေးကောက်ပွဲအပေါ် စိတ်မဝင်စားနိုင်

၀မ်းရေးကြောင့် ပလက်ဝပြည်သူများ ရွေးကောက်ပွဲအပေါ် စိတ်မဝင်စားနိုင်

၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲကျင်းပရန် ရက်၂၀ကျော်သာလိုတော့သော်လည်း ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်အတွင်းရှိဒေသခံပြည်သူများအနေဖြင့် စားနပ်ရိက္ခာပြတ်လပ်မှုဒဏ်ကြောင့် ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု နည်းပါးလျက်ရှိကြောင်း လေ့လာစောင့်ကြည့်သူများကပြောသည်။

ပလက်ဝမြို့နယ်ပြည်သူများအနေဖြင့် ဝမ်းရေးအတွက် ပူပင်နေကြရပြီး ရွေးကောက်ပွဲထက် ဆန်ရရှိရေးကိုသာ ပိုစိတ်ဝင်စားကြသည်ဟု ပလက်ဝမြို့နယ်တိုက်ပွဲရှောင်နှင့် သဘာဝဘေးကူညီရေးအဖွဲ့ဥက္ကဌ ဦးဇာနီက ပြောသည်။

“ရွေးကောက်ပွဲထက်ပြောရမယ်ဆိုရင် ဆန်တွေပြတ်လပ်နေတဲ့အတွက်ကြောင့် ရွေးကောက်ပွဲထက် စားရေးက ပိုပြီးတော့ အာရုံစိုက်တာလို့ပြောလို့ရပါတယ်။ အခုဆိုရင်လည်းပဲ ဒီတိုက်ပွဲရှောင်တွေအတွက် ဝန်ကြီးဦးစိုးထက်ကနေပြီးတော့ တပ်မမှာ ချေးဌားပေးထားတဲ့ဆန်က သုံးရက်စာပဲပေးနိုင်တယ်။ ဒီနေ့ဆိုကုန်ပြီ။ ဒီကြားမှာ အခုဆမီးဘက်က ကားအဝင်/အထွက်က ဘယ်လိုလဲတော့မသိဘူး။ လုံခြုံရေးကကျနော်တို့မသိဘူး။ ဒါနဲ့ပဲ ဆမီးဘက်က ကားအဝင်/အထွက် မရှိတဲ့အတွက်ကြောင့် အခုဆန်အခက်အခဲကြုံရတော့ ပြည်သူတွေက ဒီရွေးကောက်ပွဲ မဲဆန္ဒပေးတာထက် ဒီစားဝတ်နေရေးအတွက် သူတို့ပိုပြီးတော့ စိတ်ပူတယ်” ဟု ဦးဇာနီကပြောသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ စစ်မက်ဖြစ်ပွားရာ ချင်းပြည်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် လုံခြုံရေးအခြေအနေကြောင့် ရေလမ်း ကုန်လမ်းများပိတ်ဆို့ကာ ကုန်စည်ဝင်ရောက်မှုမရှိတော့သည့်အတွက် ပလက်ဝမြို့နယ်အတွင်းက ကျေးရွာပေါင်း ၂၀၀ ကျော်ဆန်ပြတ်လပ်မှုဒဏ် ကြုံတွေ့နေကြရခြင်းဖြစ်သည်။

ပလက်ဝဒေသခံပြည်သူများသည် လမ်းပန်းဆက်သွယ်ရေးကန့်သတ်ခြင်း၊ လုံခြုံမှုမရှိခြင်း၊ ကပ်ရောဂါကြောင့် မဲဆွယ်စည်းရုံးရေး အသိပညာပေးမှုအားနည်းခြင်းတို့ေကြာင့် ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုလျှောနည်းလာပြီး နေ့စဉ်စားဝတ်နေရေးအတွက်ကိုသာ စိတ်ပူနေကြသည်ဟု ပလက်ဝမြို့နယ် ချင်းအမျိူးသမီးအဖွဲ့မှ ဦးဆောင်သူတစ်ဦးကပြောသည်။

“ပလက်ဝအတိုင်းအတာမှာတော့ တစ်ချို့က စိတ်ဝင်စားတယ် တစ်ချို့ကတော့ စိတ်မဝင်စားဘူး၊ နိုင်ငံရေးပါတီတွေကလည်း စည်းရုံးရေးကျယ်ကျယ်ပြန့်ပြန့် လုပ်လို့မရဘူးလေ၊ ကျမတို့အနေနဲ့ လူငယ်တွေကို ရွေးကောက်ပွဲအသိပညာပေးဖို့ စီစဉ်တယ် ဒါပေမဲ့ တစ်နေရာ နှစ်နေရာလောက်ပဲ လုပ်ပေးနိုင်တယ်၊ ကိုဗစ်ကြောင့် လူစုလူဝေးမရဘူး၊ အသွားအလာကန့်သတ်မှုတွေရှိနေတော့ အခက်ကြုံနေရတယ်၊ ဒီကြားထဲမှာကလည်း ဆန်ပြတ်လပ်မှုကဖြစ်လာတော့ ရွေးကောက်ပွဲပေါ် စိတ်ဝင်းစာမှုကနည်းလာကြတယ်၊ ဆန်ရရှိဖို့အတွက် ပူပန်နေကြတယ်’ ဟု ၎င်းကပြောသည်။

ပလက်ဝ၏ အဓိကစားသုံးကုန်ပစ္စည်းသယ်ဆောင်နေသည့် ရခိုင်ပြည်နယ်ကျောက်တော်လမ်းများ ရေလမ်းကုန်းလမ်းများ ပိတ်ပင်ထားသည်မှာ တစ်နှစ်နီးပါးဖြစ်နေပြီဖြစ်သည့်အတွက်ကြောင့် စားသောက်ရန် ဆန်ပြတ်လပ်မှုများအပြင် စားသောက်ကုန်ပစ္စည်းကုန်စျေးနှုန်းများ မြင့်တက်မှုနှင့်ပါ ကြုံတွေ့နေရသည်။

ဝမ်းရေးကြောင့် ပလက်ဝပြည်သူအများစု ရွေးကာက်ပွဲအပေါ် စိတ်ဝင်စားမှုနည်းပါးသည့်တိုင်  ရွေးကောက်ပွဲနေ့တွင် မဲရုံ၊ မဲပုံးများရှိပါက မဲထည့်လိုသည့် ပြည်သူတချို့ရှိကြောင်းလည်း သိရသည်။

“သွားရေးလာရေးကအရမ်းခက်တယ်။ မလွယ်ဘူး။ ရွေးကောက်ပွဲအတွက် မဲရုံမှာ မဲပုံးတွေရှိရင်တော့ ပေးကြမှာပေါ့။ ဒါပေမဲ့ မဲပုံးရောက်ဖို့အရေးကလည်းမလွယ်ဘူး။ လမ်းမှာ အမျိုးမျိုးအခက်အခဲနဲ့လေ တပ်ကလည်း မသွားရနဲ့။ AA ကလည်း လမ်းမှာလည်း ဂိတ်ရှိတယ်ဆိုတော၊့ လမ်းမှာကလည်း တပ်ရော AA ရော ဖြတ်နေရတယ်ဆိုတော့ မဲပုံးကရောက်ဖို့တော့ မလွယ်ဘူး။ မဲပုံးတွေကလည်း ကုလားတန်မြစ်အကြောင်းအတိုင်း သယ်ရမယ်ဆိုတော့ ကုလားတန်မြစ်ကြောင်းမှာလည်း တပ်ကလည်း ပိတ်တယ်ဆိုတော့ မလွယ်ဘူး။ မဲစာရင်းတွေတော့ သွားကြည့်တဲ့သူတွေရှိတယ်” ဟု ဦးရောဘာက ပြောသည်။

ပလက်ဝမြို့နယ်သည် ချင်းပြည်နယ်တွင် မဲဆန္ဒရှင်အများဆုံးရှိသည့် မြို့နယ်ဖြစ်ပြီး နိုဝင်ဘာလ ၈ ရက်နေ့ရွေးကောက်ပွဲ တွင် မဲဆန္ဒပေးပိုင်ခွင့်ရှိသူ ၆၂၈၄၅ ဦးရှိသည်ဟု ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဒုတိယအကြိမ် မဲစာရင်းကြေညာချက်အရသိရသည်။

လွှတ်တော် မဲဆန္ဒနယ်မြေ  ၅ ခုရှိသည့် ပလက်ဝမြို့နယ်တွင် လာမည့်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ခြောက်ခုမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...