မလေးရှားရောက်မြန်မာနိုင်ငံသားများ ကြိုတင်မဲပေးမှု အဆင်ပြေ

မလေးရှားရောက်မြန်မာနိုင်ငံသားများ ကြိုတင်မဲပေးမှု အဆင်ပြေ

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးတွင် အောက်တိုဘာ ၉ ရက်က စတင်၍ ကြိုတင်မဲများ ပေးခွင့်ရပြီဖြစ်ပြီး အဆင်ပြေချောမွေ့ကြောင်း ကပုန်းနာရေးကူညီမှုအသင်းမှ သိရသည်။

 

“မဲလာပေးတဲ့သူတွေများပါတယ်။ မဲပေးရတာလည်း အဆင်ပြေတယ်လို့ဆိုကြတယ်။ ဒီလိုကပ်ရောဂါတွေ ဖြစ်နေတဲ့အချိန်မှာ အခုလိုမျိုး မဲပေးဖို့စိတ်ဝင်စားတာကိုတွေ့ရတော့ ဝမ်းသာချီးကျူးမိတယ်” ဟု ကပုန်းနာရေးကူညီမှုအသင်းမှ ဦးစန်းဝင်းက ပြောသည်။

 

ကြိုတင်မဲပေးမှုကို နံနက် ၅ နာရီတွင်စတင်ခဲ့ပြီး အောက်တိုဘာ ၉ ရက်မှ ၁၁ ရက်အထိ သုံးရက် မဲပေးနိုင်မည်ဖြစ်ပြီးပထမဦးဆုံးနေ့၌ မြန်မာ နိုင်ငံသား (၁၄၅၁) ဦးခန့် လာရောက်မဲပေးခဲ့ကြကြောင်း မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံရုံးက ထုတ်ပြန်ထားသည်။

 

မဲစတင်ပေးနိုင်ချိန်မှ စတင်ပြီး သံရုံးဝန်းအတွင်း စနစ်တကျတန်းစီဝင်ရောက်နိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့ကြသည့် ပရဟိတအကျိုးဆောင်အဖွဲ့များ၊ ရေသန့်နှင့် စာသောက်ဖွယ်ရာများလှူဒါန်းခဲ့ကြသည့် စေတနာ့ရှင်များ၊ အဆင်ပြေချောမွေ့စွာ မဲပေးနိုင်ရေးအတွက် ကူညီဆောင်ရွက်ခဲ့ကြသူများအားလုံးကို ကျေးဇူးတင်ရှိကြောင်း သံရုံး၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

 

“အစစအရာရာ အဆင်ပြေတယ်လို့ ပြောလို့ရပါတယ်။ သံရုံးကစီစဉ်တာတွေမှာ အဆင်မပြေတာလေးတွေရှိပေမယ့် ဘေးမှာရှိတဲ့သူတွေကလည်း ကူညီကြတော့ မဲပေးတာကို အဆင်ပြေပြေဆောင်ရွက်နိုင်ခဲ့ပါတယ်” ဟု ကွာလာလမ်ပူမှ ကားဖြင့်သွားလျှင် တစ်နာရီခန့်ကြာမြင့်သည့်နေရာမှ လာရောက်၍ ကြိုတင်မဲပေးခဲ့သူ ဦးဇင်လင်းထက်က ပြောသည်။

 

ဆန္ဒမဲပေးရန် ဆက်လက်လာရောက်မည့် မြန်မာနိုင်ငံသားများအနေဖြင့် မြန်မာသံရုံး website နှင့် လူမှုကွန်ရက်စာမျက်နှာများတွင် လွှင့်တင်ထားပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် အမည်စာရင်းတွင် မိမိ၏အမည်စာရင်းကို  ကြိုတင်စစ်ဆေးထားရန် အသိပေးထားသည်။

 

ယင်းအပြင် မြို့နယ်အလိုက် အမှတ်စဉ်များကို လက်ကိုင်ဖုန်းများတွင် Screenshot ဖြင့် ဓာတ်ပုံရိုက်ကူးထားပါက သံရုံး၌ မဲအမှတ်စဉ်များ တိုက်ဆိုင်စစ်ဆေးရာတွင် ပိုမိုလွယ်ကူစေမည်ဖြစ်ကြောင်း သံရုံးက အကြံပြုတိုက်တွန်းထားသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...