ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့်မူဆလင်တစ်ဦး ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ချခံခဲ့ရကြောင်း သိရသည်။
အဆိုပါ ပယ်ချခံရသူသည် ဒီမိုကရေစီနှင့်လူ့အခွင့်ရေးပါတီ မောင်တောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအေးဝင်းဖြစ်ပြီး ယခင် ကိုယ်စားလှယ်လောင်းစစ်ဆေးစဉ်ကာလ၌ ပယ်ချမခံခဲ့ရသော်လည်း စစ်ဆေးသည့်ကာလကို ကျော်လွန်ပြီးနောက် အောက်တိုဘာ ၁ ရက်တွင် ပယ်ချခံရခြင်းဖြစ်သည်ဟု ဆိုသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ မောင်တောခရိုင် ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးကျော်သန်းက “သူ့မိဘတွေက (နိုင်) ကိုင်ခဲ့တယ်ဆိုပြီး ပြနိုင်တဲ့အတွက် ကျနော်တို့က သူကို pass ပေးလိုက်တယ်။ ခရိုင်အနေနဲ့ pass ပေးလိုက်ပါတယ်။ ခရိုင်အနေနဲ့ pass ပေးပြီးတော့ UEC ကိုပို့ရတယ်။ UEC ကနေပြီးတော့ သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ ထပ်စစ်တယ်။ ထပ်စစ်တဲ့အခါမှာ သူမွေးဖွားစဉ်အချိန်က သူမိဘတွေဟာ နိုင်ငံသားမဖြစ်သေးဘူး။ အဲအချက်နဲ့ပေါ့ ရွေးကောက်ပွဲဥပဒေပုဒ်မဆိုရင် (၁၀- င) နဲ့ ညှိတာပေါ့” ဟုပြောသည်။
ရွေးကောက်ပွဲကော်မရှင်၏ အကြောင်းပြချက်သည် အဓိပ္ပာယ်မရှိဘဲ ၎င်းမွေးဖွားစဉ်က မိဘများသည် မောင်တောတွင် စခန်းမှူးဖြစ်နေပြီး စခန်းမှူးတာဝန်ထမ်းဆောင်နေသူကို နိုင်ငံသားမဟုတ်ဟု ပြော၍မရကြောင်း ပယ်ချခံရသည့် ဦးအေးဝင်းကပြောသည်။
“အောက်တိုဘာ ၁ ရက်နေ့က ပယ်ချခံရတယ်ဆိုပြီး ကျွန်တော့်ဆီကို အကြောင်းကြားလာတယ်။ ပယ်ချခံရတဲ့ အကြောင်းပြချက်ကတော့ အဓိပ္ပာယ်မရှိဘူး။ ကျနော်ကိုမွေးဖွားစဉ်က ကျွန်တော့်အဖေ၊ အမေက နိုင်ငံသားမဟုတ်ဘူးဆိုပြီးတော့ အကြောင်းပြတယ်။ ကျနော်ကို မွေးဖွားတဲ့အချိန်မှာ ကျနော်အဖေက မောင်တောမှာ ရဲစခန်းမှူးလုပ်နေပြီ။ ရဲစခန်းမှူးလုပ်နေတဲ့ လူတစ်ယောက်ကို နိုင်ငံသားမဟုတ်ဘူးဆိုပြီးတော့ ပြောလို့ရမှာလား။ ဘယ်ဥပဒေနဲ့ အဲလိုမျိုးပြောတာလည်းဆိုတာကိုလည်း ကျနော်တို့ စဉ်စားလို့မရဘူး” ဟု ၎င်းကပြောသည်။
ယင်းသို့ ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ချခံရမှုအပေါ် ဆက်လက်အယူခံဝင်သွားမည်ဖြစ်ကြောင်း ဦးအေးဝင်းက ပြောသည်။
ရခိုင်ပြည်နယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းခဲ့သည့် မူလဆင်ခြောက်ဦးရှိပြီး ကိုယ်စားလှယ်လောင်းစစ်ဆေးစဉ်ကာလတွင် ငါးဦးပယ်ချခံခဲ့ရကာ ယခုအခါ နောက်ဆုံးကျန်နေသည့် ဦးအေးဝင်းပါ ထပ်မံပယ်ချခံရခြင်းဖြစ်ကြောင်းနှင့် ၎င်းတို့အားလုံးကို မိဘများ နိုင်ငံသားမဖြစ်ဟူသောအကြောင်းပြချက်ဖြင့် ပယ်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။