၂၀၂၀ ရွးကောက်ပွဲတွင် ကယားပြည်နယ်မှ မဲပေးပိုင်ခွင့်ရှိသည့် မသန်စွမ်းဦးရေ ရာနဲ့ချီရှိနေကြောင်း ကယားပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးကျော်ဆန်းဝင်းကပြောသည်။
ကယားပြည်နယ်ရွေးကောက်ပွဲကော်မရှင်၏ မဲစာရင်းအရပြည်နယ်တစ်ခုလုံးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ နှစ်သိန်းခုနစ်ထောင်ကျော်ရှိပြီး ယင်းအထဲတွင် အမျိုးသမီးမဲဆန္ဒရှင်ဦးရေ ၅၁ ရာခိုင်နှုန်းရှိပြီး ၎င်းအနက် မသန်စွမ်းမဲဆန္ဒရှင် ၆၀၀ ကျော်ရှိနေခြင်းဖြစ်သည်။
ဦးကျော်ဆန်းဝင်းက ”ကျတော်တို့ကယားပြည်နယ်မှာက မျက်မမြင်က ၉၀ ဦးရှိတယ်။ နားမကြားတာက ၆၆ ဦးရှိတယ်။ ဆွံ့အက ၇၇ ဦးရှိတယ် ကိုယ်အင်္ဂါချို့တဲ့က ၄၃၀ လောက်ရှိတယ်။ အဲထဲမှာမှ ဝှီးချဲအသုံးပြုတဲ့သူက ၅၀ လောက်ရှိတယ်” ဟုပြောသည်။
မသန်စွမ်းအတွက် သီးခြားမဲရုံဆောက်လုပ်ထားခြင်းမရှိသော်လည်း မသန်စွမ်းများ မဲပေးသည့်အခါ အဆင်ပြေစွာ မဲပေးနိုင်ရန်အတွက် မဲရုံမှူးသင်တန်းပို့ချသည့်အခါ သက်ဆိုင်ရာမဲရုံမှူးများ၊ မဲရုံအဖွဲ့ဝင်များက မသန်စွမ်းများ အဆင်ပြေစွာမဲပေးနိုင်အောင် စီမံဆောင်ရွက်ထားရှိကြောင်း ဦးကျော်ဆန်းဝင်းက ဆိုသည်။
အထွေထွေရွေးကောက်ပွဲကျင်းပမည့် နိုဝင်ဘာ ၈ ရက်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့်အညီ ဆောင်ရွက်ရမည့် ညွှန်ကြားချက်များကို လိုက်နာလုပ်ဆောင်သွားမည်ဖြစ်ပြီး အပူချိန်တိုင်းကိရိယာ၊ Mask၊ Face shield၊ Hand Gel များကို မြို့နယ်အသီးသီးရှိ မဲရုံအဖွဲ့ထံသို့ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကယားပြည်နယ်ရှိ မြို့နယ်ခုနစ်မြို့နယ်တွင် မဲဆန္ဒနယ် ၃၄ နေရာ၊ မဲရုံပေါင်း ၂၃၃ ရုံရှိပြီး ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ ၁၃ ပါတီနှင့် တစ်သီးပုဂ္ဂလ ၁၃ ဦးရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံးမှ သိရသည်။