“မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ ကျွန်တော့်ကိုမဲပေးလိုက်လို့ နောင်တမရစေပါဘူး”

“မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ ကျွန်တော့်ကိုမဲပေးလိုက်လို့ နောင်တမရစေပါဘူး”
by -
ရန်လင်းအောင် (MNA)

တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးအောင်နိုင်ဝင်းနှင့် အင်တာဗျူး

မြန်မာနိုင်ငံတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများအနေဖြင့် ရွေးကောက်ပွဲတွင် အောင်နိုင်ရန် ရာခိုင်နှုန်းအလွန်နည်းပါးလျက်ရှိသည်။ အထူးသဖြင့် မွန်ပြည်နယ်သည် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများ အောင်နိုင်ရန် အလွန်ခက်ခဲသည့် ပြည်နယ်တစ်ခုဖြစ်သည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှတ်တမ်းများအရ မွန်ပြည်နယ်၏ မဲဆန္ဒနယ် ၄၅ နေရာတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၂၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တစ်ဦးမှ အနိုင်မရရှိခဲ့ပေ။ မဲဆန္ဒနယ်နေရာအားလုံးကို NLD က အများဆုံးအနိုင်ရခဲ့သည်။

ထိုသို့အခြေအနေရှိနေသည့် မွန်ပြည်နယ်တွင် ယခုနှစ် ရွေးကောက်ပွဲဝင်ရောက်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၃၀၂ ဦးရှိပြီး ၎င်းတို့ထဲတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၁၁ ဦး ပါဝင်နေပြန်သည်။ အဆိုပါပြည်နယ်တွင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများအနေဖြင့် ရွေးကောက်ပွဲအောင်နိုင်ရန် အပုံတစ်ရာပုံလျှင် တစ်ပုံပင် မရှိသည့်အခြေအနေပင်ဖြစ်သော်လည်း တစ်သီးပုဂ္ဂလပိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်ရောက်ရသည့် တွန်းအားများနှင့် ရွေးကောက်ပွဲအောင်နိုင်ရေး မျှော်မှန်းချက်များအား သိရှိစေရန် မွန်ပြည်နယ် ရေးမြို့နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၆) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးအောင်နိုင်ဝင်းအား ယခုလို တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။

မေး။    ။ ဦးအောင်နိုင်ဝင်းအနေနဲ့ ရွေးကောက်ပွဲကို ဘာကြောင့် ဝင်ရောက်ယှဉပြိုင်ဖြစ်တာလဲ။

ဖြေ။    ။ ရွေးကောက်ပွဲ ဝင်ဖြစ်တဲ့အကြောင်းအရင်းကတော့ဗျာ အလွယ်ဆုံးပြောရရင် ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းနှစ်ခုမှာ ရေးမြို့နယ် ပြည်သူတွေကိုကိုယ်စားပြုတဲ့ သက်တမ်းနှစ်ခုလုံးမှာ လုပ်ခဲ့တဲ့ကိုယ်စားလှယ်တွေရဲ့ လုပ်ဆောင်မှုအပေါ်မှာ အားရကျေနပ်မှု နည်းတာရယ်။ အားမလိုအားမရဖြစ်တာရယ်။ အဲ့ဒါကြောင့် ပထမဦးဆုံးအနေနဲ့ ဒါကို လုပ်ဖြစ်တာပေါ့နော်။ ဒုတိယတစ်ချက်ကတော့ ကျွန်တော် အရပ်ဖက်အဖွဲ့အစည်းပုံစံနဲ့ ဒေသနဲ့ပတ်သက်တဲ့ ဒေသဖွံ့ဖြိုးရေးတွေလုပ်တဲ့အချိန်မှာ ဒီလွှတ်တော်ကိုယ်စားလှယ်ပုံစံနဲ့ လုပ်နိုင်လို့ရှိရင် ပိုပြီးတော့ အားကောင်းလာမယ်။ ပိုပြီးတော့ ထိရောက်လာမယ်လို့ မြင်လို့ရယ်။ ဒါကြောင့် ကျွန်တော် ရွေးကောက်ပွဲဝင်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

မေး။    ။ ဒေသဖွံ့ဖြိုးရေးလုပ်တဲ့အခါ ပိုပြီး အားကောင်းလာဖို့ ရွေးကောက်ပွဲဝင်မယ်လို့ ဆုံးဖြတ်လိုက်တယ်ပေါ့။ ဒါပေမဲ့ ပါတီတစ်ခုခုကို ကိုယ်စားဝင်မပြို်ငဘဲ တစ်သီးပုဂ္ဂလအနေနဲ့ ဘာကြောင့် ဝင်ပြိုင်ဖြစ်တာလဲ။

ဖြေ။    ။ တစ်သီးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်ဖြစ်တဲ့ အကြောင်းအရင်းကတော့ အဓိကကတော့ မိမိဒေသ၊ မိမိမဲဆန္ဒရှင်တွေအတွက် ကျွန်တော်က လွတ်လွတ်လပ်လပ်နဲ့ အနှောင်ဖွဲ့ကင်းကင်းနဲ့ လုပ်ချင်လို့ဖြစ်ပါတယ်၊ ဒုတိယတစ်ချက်က ပါတီတစ်ခုရဲ့ အလံအောက်မှာဝင်ပြီးတော့ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်အရွေးချယ်ခံရင် ပါတီကချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ သူတို့ရဲ့ ပုံစံတွေအပေါ်မှာ လိုက်လုပ်ရတဲ့အတွက် ကျွန်တော်ရဲ့ မဲဆန္ဒ္ဒရှင်တွေအပေါ်မှာ မဲဆန္ဒ္ဒရှင်တွေရဲ့ လိုအပ်ချက်တွေအပေါ်မှာ ဒေသဖွံ့ဖြိုးရေး လုပ်ဆောင်တဲ့အပေါ်မှာ ကန့်သတ်ချက်တွေဖြစ်မှာဆိုးတဲ့အတွက် တစ်သီးပုဂ္ဂ္ဂလအနေနဲ့ ဝင်တာပါ။ နောက်တစ်ချက်ကတော့ တစ်သီးပုဂ္ဂလဝင်ခြင်းအားဖြင့် ကျွန်တော်မှာရှိတဲ့ အရည်အချင်းတွေ၊ အတွေ့အကြုံကောင်းတွေကို အသုံးချဖို့အတွက် ပြည်သူလူထုနဲ့ ပိုပြီး နီးကပ်အောက် ဆက်ဆံနိုင်ဖို့အတွက် ဖြစ်ပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ လွှတ်တော်ထဲမှာ ကျွန်တော်တကယ်လို့ ရောက်သွားခဲ့လို့ရှိရင် လွတ်လွတ်လပ်လပ်နဲ့ အနှောင်အဖွဲ့ကင်းကင်းနဲ့ လုပ်တဲ့အချိန်မှာပေါ့လေ မည့်သည့်ပါတီကဖြစ်ဖြစ် မည့်သည့်ကိုယ်စားလှယ်ကဖြစ်ဖြစ် ဒေသကောင်းကျိုးကို လုပ်လို့ရှိရင် ပူးပေါင်းဆောင်ရွက်ချင်လို့ဖြစ်ပါတယ်။ ဒီလိုပဲ ဒေသကို ဒေသရဲ့လိုအပ်ချက်တွေ လျော့စေမယ့် အချက်တွေပါတဲ့ ကိစ္စတွေ၊ ဒေသအကျိုးစီးပွားကို ဖျက်စီးစေမယ့် ကိစ္စတွေလုပ်တဲ့သူတွေကိုလည်း လုပ်မယ့်မူဝါဒတွေ လုပ်ငန်းစဉ်တွေကိုလည်း လွတ်လွတ်လပ်လပ် အတိုက်အခံအဖြစ် ရပ်တည်ချင်လို့ ဖြစ်ပါတယ်ဗျာ။

မေး။    ။ အကယ်၍ ရွေးကောက်ပွဲအောင်နိုင်ခဲ့ရင် ဘာတွေအဓိကလုပ်ပေးမလဲ။ မဲဆန္ဒရှင်တွေကို ဘယ်လိုကတိကဝတတ်တွေ ပေးနိုင်မလဲ။

ဖြေ။    ။ ကိုယ်စားလှယ်လောင်းအနေနဲ့ မဲဆန္ဒပြည်သူတွေ လက်ခံတဲ့ အမှန်တရားအပေါ်မှာ အမြဲတည်း ရပ်တည်ဆောင်ရွက်သွားမယ်ဆိုတာ ပထမဦးဆုံး ကတိပေးပါတယ်။ ပြီးရင် တန်းတူညီမျှမှု တန်းတူညီမျှမှုဆိုတာက နိုင်ငံရေးပါတီတွေ နိုင်တဲ့လွှတ်တော်ကိုယ်စားလှယ်တွေက သူတို့ရဲ့ နိုင်တဲ့ဒေသတွေကိုပဲ အဓိကလုပ်ဆောင်ပြီးတော့မှ တစ်ချို့ဟာတွေမှာ တန်းတူညီမျှစွာ ဆောင်ရွက်မပေးတာတွေ၊ တစ်ပြေးညီ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်တဲ့ကိစ္စတွေမှာ လုပ်မပေးတာတွေ၊ နောက် လမ်း၊ တံတားကအစ ပညာရေး၊ ကျန်းမာရေး ကိစ္စတွေမှာ ဖွံ့ဖြိုးရေးကိစ္စတွေမှာ လုပ်တဲ့အချိန်မှာ တန်းတူညီမျှမှုမဖြစ်တဲ့အပေါ်မှာ တန်းတူညီမျှဖြစ်ဖို့ ကျွန်တော် တာဝန်ယူပါတယ်။ အဓိကတော့ တန်းတူညီမျှမှုကို ကျွန်တော်ဦးစားပေးပြီး လုပ်သွားမယ်။ နောက်တစ်ချက်က မူးယစ်ဆေးဝါး ပြဿနာတွေကို ယခင်က လုပ်တဲ့အတိုင်းပဲ ထိထိရောက်ရောက်ဖြစ်အောင် အတက်နိုင်ဆုံး ကာကွယ်နိုင်ဖို့၊ တားဆီးနိုင်ဖို့၊ လျော့ချနိုင်ဖို့ ကြိုးစားပါမယ်။ နောက်ပြီးတော့ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်ပြီးတော့ ဒီနိုင်ငံ့အုပ်ချုပ်ရေးယန္တရား နိုင်ငံ့ဝန်ထမ်းတွေရဲ့ လုပ်ဆောင်မှုတွေမှာ အဂတိကင်းစွာလုပ်တဲ့ အပိုင်းတွေမှာ အဂတိရှိနေတဲ့အပိုင်းတွေ ပွင့်ပွင့်လင်းလင်းပြောရင် ရစ်တာတွေ၊ ကျစ်တာတွေကို ကျွန်တော်က စနစ်တစ်ခုကိုပြောင်းပြီးတော့ အုပ်ချုပ်ရေးစနစ်တစ်ခုကိုသွားနိုင်အောင် ဒီအပေါ်မှာ မှန်ကန်တဲ့ဝန်ဆောင်မှုနဲ့ သွားနိုင်အောင် ကြိုးစားပါမယ်။ နောက်ဆုံးတစ်ချက်အနေနဲ့က စီးပွားရေး၊ ရေးဒေသမှာရှိတဲ့ သဘာဝအရင်းအမြစ်တွေရှိပြီးသား သဘာဝအရင်းအမြစ်တွေ အပေါ်မှာ ပြန်ပြီးတော့မှ သဘာဝပတ်ဝန်းကျင် မဖျက်စီးတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆောင်ရွက်နိုင်ဖို့ ကြိုးစားပါမယ်။ နောက်တစ်ခုက ဒေသထွက်ကုန်ဖြစ်တဲ့ ရော်ဘာ၊ ရော်ဘာစေး၊ ရော်ဘာသစ်နဲ့ ပင်လယ်ငါးဖမ်း ပင်လယ်သယံဇာတမှာ ဒါမျိုးတွေကို တန်ဖိုးမြင့် ထုတ်ကုန်တွေလုပ်နိုင်အောင်၊ စျေးကွက်တွေ ရှာဖွေဖော်ထုတ်နိုင်အောင်၊ နောက် နည်းပညာအရင်းအနှီးထောက်ပံ့တွေရရှိအောင် ကြိုးစားသွားမယ်လို့ ကျွန်တော်ကတိပေးပါတယ်။

မေး။    ။ လက်ရှိပေါ့လေ ကိုဗစ်ဖြစ်ပွားမှုတွေရှိနေတော့ မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေ ဘယ်လိုလုပ်ဆောင်နေရလဲ။

ဖြေ။    ။ ဒီဟာက ကျွန်တော် အထူးအလေးထားတဲ့ကိစ္စဖြစ်ပါတယ်။ ကျွန်တော်ရဲ့အမြင်ကတော့ လူတစ်ယောက်ရဲ့ လူမှုဝန်းကျင် လုံခြုံမှုကတော့ အဓိကကျပါတယ်။ အဲ့ဒီအတွက် ကျန်းမာရေးက ပြည်သူတွေအတွက် ကျွန်တော်မဲဆန္ဒရှင်တွေအတွက် အထူးအရေးကြီးတယ်လို့ မြင်တဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေ ကျွန်တော်တို့ ကိုယ်စားလှယ်လောင်းတွေကို သီးသန့်ညွှန်ကြားထားတဲ့ UEC က ညွှန်ကြားချက်တွေအပေါ်မှာ ကျွန်တော် တိတိကျကျလိုက်နာပါတယ်။

မေး။    ။ အဲဒီတော့ မဲဆွယ်စည်းရုံးရေးဟောပြောတာတွေကို ဘယ်လို ဆက်လုပ်နေလဲ။

ဖြေ။    ။ ကျွန်တော်ရဲ့ တွေ့ဆုံပွဲတွေ အစီအစဉ်တွေအားလုံးကို ကျွန်တော် ရပ်တန့်ထားတာကြာပါပြီ။ မြန်မာနိုင်ငံမှာ ကိုဗစ်ပိုးကူးလူနာတွေ ဒုတိယတစ်ကျော့စလာကတည်းက ရပ်တန့်ခဲ့တာဖြစ်ပါတယ်။ အဲ့အတွက် ကျွန်တော်က Social Media လူမှုကွန်ရက်ကနေ ပုံစံမျိုးနဲ့ ဒါတွေကို လူမှုကွန်ရက်ကနေ ကျွန်တော်ရဲ့ မဲဆွယ်စည်းရုံးမှုတွေ လုပ်ဆောင်နေပါတယ်။ ဒီဟာကိုပဲ ကျွန်တော် အဓိကထားပြီး လုပ်နေပါတယ်။ ကျန်တဲ့ ကျွန်တော်တို့ လက်ကမ်းစာစောင်ဝေတဲ့ကိစ္စတွေ၊ မဲပေးမယ့်စနစ်တွေကို ငါးယောက်ထက်မပိုတဲ့ပုံစံနဲ့ လုပ်တာတွေ၊ နောက်ပြီးတော့ ကျွန်တော်ရဲ့ ဗီနှိုင်း၊ ပိုစတာတွေထောင်တာလွဲလို့ရှိရင် လူထုနဲ့တွေ့ဆုံတဲ့အပိုင်းတွေကို ကျွန်တော် လျော့ချထားပါတယ်။ ကျွန်တော်ယုံကြည်ထားတာက လူမှုဘဝလုံခြုံဖို့လိုပါတယ်။ ပြည်သူ့ရဲ့ကျန်းမာရေးက အရေးကြီးဆုံးဖြစ်ပါတယ်။ ရွေးကောက်ပွဲဖြစ်စဉ် အောင်နိုင်ရေး၊ ပြီးမြောက်ရေးက ဒါထက် အရေးမကြီးဘူးလို့ ကျွန်တော်ခံယူပြီးတော့ လုပ်ဆောင်နေပါတယ်။

မေး။    ။ နောက်ဆုံးအနေနဲ့ မဲဆန္ဒရှင်တွေကို ဘာများပြောချင်လဲ။

ဖြေ။    ။ ရွေးကောက်ပွဲဝင်တဲ့ အဓိကက ဒေသအကျိုးကို လုပ်ချင်တဲ့ရည်ရွယ်ချက်နဲ့ လုပ်တာဖြစ်ပါတယ်။ အဲ့အတွက် ကျွန်တော်ကို မဲပေးမယ့် မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ ကျွန်တော့်ကို မဲပေးလိုက်လို့ နောင်တမရစေပါဘူး။ အဲ့ဒါကို အဓိကပြောချင်တယ်။ နောင်တမရစေရဘူးဆိုတာက မဲပေးလိုက်လို့ နိုင်သွားလို့ရှိရင် ကျွန်တော်လက်ရှိလုပ်နေတဲ့ လုပ်ဆောင်မှုတိုင်းကို မဲဆန္ဒရှင်တွေ သိပြီးသားဖြစ်ပါတယ်။ လုပ်နေတဲ့ဟာတွေထက် ကျွန်တော်ပိုပြီးတော့ ပိုမိုကောင်းမွန်အောင်လုပ်ပါ့မယ်။ တကယ်လို့များ အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော် မဲမနိုင်ခဲ့ဘူးဆိုလို့ရှိရင်လည်း လက်ရှိဒေသအကျိုးကို လုပ်နေတဲ့ ပရဟိတပုံစံ၊ သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေးပုံစံ၊ ဘေးအန္တရာယ်နဲ့ပတ်သက်ပြီးတော့ လုပ်တဲ့ပုံစံတွေ၊ ကပ်ရောဂါဘေးတဲ့ လုပ်တဲ့ဟာတွေ ကျွန်တော်ရဲ့ ပရဟိတလုပ်ငန်းတွေ အားလုံးကို လက်ရှိအချိန်ထက် မလျော့ဘဲ ဆက်ပြီး လုပ်သွားပါမယ်လို့ပဲ ကျွန်တော် ကတိပေးချင်ပါတယ်။ အဲ့အတွက် ကျွန်တော်ကို ဆိုလိုချင်တာက ဖြစ်လည်း လုပ်ပါမယ်။ မဖြစ်လည်းလုပ်မယ်။ ဒီအပေါ်မှာ ကျွန်တော်ကို ယုံကြည်စွာနဲ့ မဲဆန္ဒရှင်တွေကခိုင်းပါ။ နောင်တမရစေရပါဘူးလို့ ကျွန်တော်အနေနဲ့ ပြောချင်ပါတယ်ဗျာ။

ဦးအောင်နိုင်ဝင်း၏ ကိုယ်ရေးမှတ်တမ်း

အမည် - ဦးအောင်နိုင်ဝင်း

မွေးသက္ကရာဇ် - ၁၉၇၄ ခုနှစ်

လူမျိုးနှင့်ဘာသာ - ဗမာ၊ ဗုဒ္ဓ

ပညာအရည်အချင်း - BSc(DSA)

အမြဲတမ်းနေရပ်လိပ်စာ - အမှတ်-၁၂၊ အုန်းတောတိုးချဲ့ ၅ လမ်း၊ အောင်သုခရပ်ကွက်၊ ရေးမြို့။

ဖြတ်သန်းခဲ့သည့် ဘ၀မှတ်တမ်းများ

- ဦးအောင်နိုင်ဝင်းသည် မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ကြာပို့ကျေးရွာဇာတိဖြစ်၊

- အလယ်တန်းအဆင့်ထိ ဇာတိဒေသမှာပဲ ပညာသင်ကြားခဲ့ပြီး အခြေခံပညာအထက်တန်းအဆင့် (၁၀) တန်းကို မန္တလေးမြို့၊ အထက (၁၇) ကနေ ၁၉၉၁ ခုနှစ်မှာ အောင်မြင်ခဲ့။

- ၁၉၉၃ ကနေ ၁၉၉၇ ခုနှစ်အထိ စစ်တက္ကသိုလ်၊ အမှတ်စဉ် (၃၈) ဗိုလ်လောင်းသင်တန်းတွင် တက်ရောက်အောင်မြင်ခဲ့ပြီး၊ တပ်မတော်၌ ဗိုလ်မှူးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့။

- ၂၀၁၁ ခုနှစ်တွင် တပ်မတော်မှ အငြိမ်းစားရယူခဲ့ကာ ရေးမြို့တွင် အိမ်ထောင်ကျပြီး အခြေချနေထိုင်ခဲ့။

- ရေးမြို့တွင် အခြေချနေထိုင်စဉ် ဒေသခံတွေရဲ့အရေးကိစ္စများကို ပါဝင်လုပ်ကိုင်ခဲ့။

- ၂၀၁၂ ခုနှစ်မှစပြီး ယနေ့ကာလအထိ NGO,INGO,CSO တွေနဲ့ ချိတ်ဆက်၍ ဒေသတွင်းရှိ CSO များနှင့် ပူးပေါင်းကာ စွမ်းဆောင်ရည်မြှင့်သင်တန်းများ၊ အသိပညာပေးလှုပ်ရှားမှုများကို အကြိမ် ၅၀ ကျော် ဆောင်ရွက်ပေးခဲ့။

- ၂၀၁၄ ခုနှစ်တွင် ရေးမြို့နယ်လူမှုအကျိုးဆောင်အဖွဲ့ (Ye Social Society- YSS ) အဖွဲ့ကို ဖွဲ့စည်းရာတွင် ဦးဆောင်ဖွဲ့စည်းသူအဖြစ်ပါဝင်ခဲ့ပြီး အတွင်းရေးမှူတာဝန်ယူကာ အဖွဲ့နှင့်အတူ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာများ၊ အသိပညာပေးဆောင်ရွက်မှုများ၊ အဂတိတိုက်ဖျက်ရေးလုပ်ငန်းစဉ်များနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ၊ သဘာဝဘေးအန္တရာယ်အတွက် ကူညီကယ်ဆယ်ရေးဆိုင်ရာများ၊ ကပ်ရောဂါဘေးဆိုင်ရာ ကာကွယ်/ကူညီ/ထောက်ပံ့ရေးလုပ်ငန်းစဉ်များတွင် တက်ကြွစွာပါဝင်လုပ်ဆောင်ခဲ့။

- ရေးတော်ဝင် (အခမဲ့) သတင်းလွှာကို ၂၀၁၄ ခုနှစ်မှစတင်၍ တာဝန်ခံအယ်ဒီတာနှင့် ထုတ်ဝေသူအဖြစ်တာဝန်ယူကာ ၂၀၁၈ ခုနှစ်အထိ နှစ်ပတ်တစ်ကြိမ် ထုတ်ဝေဖြန့်ချိခဲ့၊ ရေးတော်ဝင်သတင်းလွှာတွင် စေစားရာ၊ တင်မိုးရွာကဗန်ဂိုး၊ ဖိုးသိ၊ အောင်နိုင်ဝင်း (ရင်တွင်းဖွင့်) စသော ကလောင်အမည်များဖြင့် ဆောင်းပါး၊ ကဗျာ၊ သရော်စာနှင့် သတင်းများကို ရေးသားခဲ့။

- ရေးမြို့နယ်တွင် ၂၀၁၃ ခုနှစ်၌ စတင်ဖွဲ့စည်းလုပ်ဆောင်ခဲ့သော ရေးမြို့နယ် ဓမ္မစကူးဖောင်ဒေးရှင်းတွင် နှစ်နှစ်ကျော်ကြာ အတွင်းရေးမှူးအဖြစ် တာဝန်ယူ၍လုပ်ဆောင်ခဲ့။

- စီးပွားရေးအနေဖြင့် ရောင်းဝယ်ရေးလုပ်ငန်း၊ ဥယျာဉ်ခြံလုပ်ငန်းများလုပ်ဆောင်နေ။

June 28, 2021
မင်းတပ် မြို့မိ/မြိုဖတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်   စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့်...
June 23, 2021
မင်းတပ်မြို့နယ်မှ စစ်ဘေးရှောင်ကူညီရေးတာဝန်ခံ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးနှင့် အင်တာဗျူး...
June 16, 2021
ကရင်နီတပ်မတော် (K-Army) အမှတ် (၁) နည်းဗျူဟာမှူး ဗိုလ်မှူးကြီးအယ်မွီးနှင့် အင်တာဗျူး  ...
June 11, 2021
ကာတွန်းဝေယံ (တောင်ကြီး) နှင့် အင်တာဗျူး   ကာတွန်းသည် အခြေအနေတရပ်၏အနေအထားကို သက်၀င်အောင်...