၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသမီးများကို အနိုင်ရနိုင်သည့် မဲဆန္ဒနယ်မြေများထက် ဟန်ပြပြိုင်ခိုင်းခြင်းမျိုးများ တွေ့ရသည်ဟု အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB ၏ တွဲဖက်အထွေထွေအတွင်းရေးမှူး-၂ လွေးပိုးငယ်က ဝေဖန်ပြောကြားခဲ့သည်။
“ဒီ ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့နေရာတွေမှလည်း တချို့နိုင်ငံရေးပါတီတွေဆိုလို့ယှဉ်ရင် မြင်ရတာက အမျိုးသမီးတွေကို မူအရ ထည့်ထားတာပဲရှိတယ်။ တကယ့်လက်တွေ့မှာ အမျိုးသမီးတွေ အောင်နိုင်မဲ့နေရာမှာ ထည့်ထားတာမရှိဘူး ဟို ဟန်ပြ ထည့်ထားတာမျိုးတွေ အများကြီးမြင်တွေ့နေရတာကို ကျမတို့ ဖော်ြပထားတာပေါ့နော်” ဟု ၎င်းက \ပြောသည်။
အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) အနေဖြင့် အော်တိုဘာ ၆ ရက်က ပြုလုပ်သည့် “၂၀၂၀ စိန်ခေါ်သံများ” အငြိမ့်ဗီဒီယို ပတ်သက်၍ ပြုလုပ်သည့် အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ဝေဖန်ပြောကြားလိုက်ခြင်းဖြစ်သည်။
အမျိုးသမီးများအား ဟန်ပြပြိုင်ခိုင်းခြင်းမျိုးကို ပါတီကြီးများတွင်သာမက တိုင်းရင်းသားပါတီများတွင်လည်း တွေ့ရှိရပြီး အထူးသဖြင့် တိုင်းရင်းသားပါတီများအနေဖြင့် အနိုင်ရရန် အခွင့်အလမ်းနည်းသည့်အတွက် လာရောက်ယှဉ်ပြိုင်ရန် စည်းရုံးရခြင်းမျိုးလည်းရှိကြောင်း ကရင်ပြည်သူ့ပါတီ တွဲဖက်အတွင်းရေးမှူး-၁ နန့်ခင်အေးဦးက ဖြည့်စွက်ပြောကြားခဲ့သည်။
“ဆရာမကိုတော့ နိုင်ခြေရှိလို့ပါတီကလက်မလွှတ်ပဲ ဝင်ပြိုင်ခိုင်းတာ။ တချို့အမျိုးသမီးတွေကျတော့ ပြိုင်ချင်တယ်ဆိုတော့ အတွေ့အကြုံရအောင် ပေးပြိုင်ရတာဘဲ။ ကိုယ့်တိုင်းရင်းသားပါတီတွေမှာတော့ အနှစ်အနာခံနိုင်ဖို့ အဓိကလိုတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာ ကိုယ်စားလှယ်လောင်း နန့်ခင်အေးဦးက မှတ်ချက်ပြုပြောသည်။
နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်းများ ယခင်ကထက် ပိုမိုယှဉ်ပြိုင်သွားမည်ဖြစ်ပြီး NLD ကိုယ်စားလှယ်လောင်းများထဲတွင် အမျိုးသမီး ၂၁ ရခိုင်နှုန်း၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) တွင် အမျိုးသမီး ၂၀ ရာခိုင်နှုန်းနှင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီတွင် အမျိုးသမီးကိုယ်စားလှယ်လောင်း ၅၀ ရာခိုင်းနှုန်းပါဝင်သည်ဟု ပါတီများ၏ ထုတ်ပြန်ချက်များအရ သိရသည်။
၂၀၁၀ ရွေးကောက်ပွဲအပြီး ပြည်ထောင်စုလွှတ်တော်၌ အမျိုးသမီးအမတ်ပါဝင်မှု ခြောက်ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲအပြီးတွင်မူ အမျိုးသမီးအမတ်ပါဝင်မှု ၁၃.၇ ရခိုင်နှုန်းထိ ရှိခဲ့သည်ဟု ရွေးကောက်ပွဲဆိုင်ရာ သုတေသနထုတ်ပြန်ချက်များတွင် ဖောပြထားသည်။
WLB ကထုတ်လွှင့်မည့် ၂၀၂၀ စိန်ခေါ်သံများအငြိမ့်တွင် အမျိုးသမီးလူရွှင်တော်များက ဦးဆောင်တင်ဆက်ထားပြီး လက်ရှိမြန်မာနိုင်ငံတွင် ကြုံတွေ့နေရသည့် နိုင်ငံရေးအခြေအနေများ၊ အမျိုးသမီးများကို စစ်ဘေးရှောင်နေရမှု၊ ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသမီးအမတ်များကို ပိုမိုမဲပေးရန် ရည်ရွယ်ထုတ်လွှင့်ခြင်းဖြစ်ကြောင်း သိရသည်။