ကယားပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီများအောင်နိုင်ရေး ဝန်းရံသူအင်းအားတစ်သောင်းကျော်က လွိုင်ကော်မြို့တွင်း စည်းရုံးလှည့်လည်

ကယားပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီများအောင်နိုင်ရေး ဝန်းရံသူအင်းအားတစ်သောင်းကျော်က လွိုင်ကော်မြို့တွင်း စည်းရုံးလှည့်လည်
by -
နော်ဒွေးအယ်ခူ (KT)

ကယားပြည်နယ်အခြေစိုက် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီနှင့် ကယန်းအမျိုးသားပါတီအောင်နိုင်ရေးအတွက် ဝန်းရံသူတစ်သောင်းကျော်က လွိုင်ကော်မြို့တွင်း စည်းရုံးလှည့်လည်မှုတစ်ခုကို အောက်တိုဘာ ၅ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စည်ရုံးလှည့်လည်ခြင်းကို ကရင်နီပြည် မျိုးနွယ်စုဦးဆောင်ကော်မတီက ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဝန်းရံသူတစ်သောင်းကျော်က ကား၊ ဆိုင်များဖြင့် စည်းရုံးလှည့်လည်ခဲ့ကြခြင်းဖြစ်သည်။

“ရှားတောရယ် ဒီမော့ဆိုရယ်၊ ဖရူဆိုရယ် လုပ်ခဲ့တဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီနဲ့ ကယန်းအမျိုးသားပါတီရဲ့ အောင်နိုင်ရေးနယ်လှည့်စည်းရုံးရေးခရီးစဉ်ပေါ့နော။ အဲဒီမှန်သမျှက ကျွန်တော်တို့ကရင်နီပြည်မျိုးနွယ် စုဦးဆောင်ကော်မတီကနေ ဦးစီးပြီးတော့မှ ကျတော်တို့ လုပ်ပေးခဲ့တာဖြစ်ပါတယ်။ ပါတီဝင်တွေအနေနဲ့လုပ်တာ မဟုတ်ပါဘူး” ဟု ကရင်နီပြည် မျိုးနွယ်စုဦးဆောင်ကော်မတီဝင် ဦးခူးရီးရယ်ကပြောသည်။

ကရင်နီပြည် မျိုးနွယ်စုဦးဆောင်ကော်မတီအနေဖြင့် ယင်းသို့ ကယားပြည်နယ်အခြေစိုက်တိုင်းရင်းသာပါတီများ အောင်နိုင်ရေးအတွက် ဝန်းရံခြင်းပေခြင်းမှာ ပြီးခဲ့သည့် မတ်လအတွင်းက ကျင်းပခဲ့သည့် ကရင်နီပြည် လူမျိုးစုလူငယ်နှီးနှောဖလှယ်ပွဲတွင် ချမှတ်ခဲ့သည့် မူဝါဒအရ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့သို့ ဝန်းရံမှုမျာရရှိနေသည့် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီနှင့် ကယန်းအမျိုးသားပါတီတို့အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတဆင့် ဌာနေတိုင်းရင်းသား ရပိုင်ခွင့်အရာများကို ပြန်လည်ရယူပြီး လွှတ်တော်၊ အစိုးရအဖွဲ့ကို ထိန်းကျောင်းသွားမည်ဟု ကယန်းအမျိုးသားပါတီမှ ဥက္ကဌခွန်းဘီထူးကဆိုသည်။

“KySDP နဲ့ ကယန်းအမျိုးသားပါတီက ကယားပြည်နယ်လွှတ်တော်ကို ထိန်းကျောင်းပြီးတော့မှ ကျတော်တို့ရဲ့ပြည်နယ်အစိုးရက လူထုကို ဂရုစိုက်တဲ့အစိုးရဖြစ်နိုင်ဖို့အတွက် ဒီ ၂၀၂၀ ကို ရအောင်တည်ဆောက်မှာဖြစ်တယ်။ ဒီ ၂၀၂၀ မှာ လူထုတွေကို အခွင့်အရေးအပြည့်အဝပြန်ပေးနိုင်ဖို့အတွက် ရွေးကောက်ပွဲကို ဖြတ်ရမှာဖြစ်တယ်။ ဘယ်လိုအခွင့်အရေးလဲဆိုရင်တော့ တပ်သိမ်းမြေတွေကို ပြန်ယူပြီးတော့ ကျွန်တော်တို့ရဲ့ ရပိုင်ခွင့် တောင်သူတွေရဲ့ ရပိုင်ခွင့်ကိုြပန်ပေးရမယ့်အရာတွေပါတယ်။ ကျတော်တို့ပြည်နယ်မှာရှိတဲ့ သယံဇာတတွေကို အခွန်ကောက်တဲ့နေရာမှာ ကျွန်တော်တို့ပြည်နယ်က လူထုတွေ ပြန်ပြီးအသုံးချပိုင်ခွင့်ရမယ့်အရာကို ဖန်တီးယူရမယ့် ရွေးကောက်ပွဲဖြစ်တယ်” ဟု ကယန်းအမျိုးသားပါတီဥက္ကဌ ခွန်းဘီထူးကပြောသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် လူ ၅၀ဦးထက်မပိုရ ဟုဆိုသော်လည်း မဲဆွယ်လှည့်လည်ရာတွင် လူဦးရေ များပြားလွန်းသည့်အတွက် တစ်ယောက်ခြင်းစီ Mask တပ်ထားရန် အထူးညွှန်ကြားထားပြီး မဲဆွယ်လှည့်လည်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း ဦးဆောင်သူများက ပြောသည်။

အဆိုပါ မဲဆွယ်လှည့်လည်မှုကို လွိုင်ကော်၊ ဒီမော့ဆို၊ ဖရူဆို၊ ရှားတောမြို့နယ်မှ ဝန်းရံသူအင်အား တစ်သောင်းကျော် ပါဝင်အားဖြည့်ခဲ့ကြပြီး ပြည်နယ်အဆင့် မဲဆွယ်စည်းရုံးမှုကို ထပ်မံလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) နှင့် ကယန်းအမျိုးသားပါတီ (KNP) သည် မဟာမိတ်ဖွဲ့ထားပြီး ကယားပြည်နယ် မြို့နယ် (၇) မြို့နယ်ရှိ မဲဆန္ဒနယ် ၃၄ နေရာအနက် KySDP က မဲဆန္ဒနယ် ၃၀ နှင့် KNP က ၄ နေရာဟူ၍ နေရာခွဲကာယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ်သည် လက်ရှိအချိန်ထိ ကိုဗစ်ကင်းစင်ပြည်နယ်ဖြစ်သည့်အတွက် လူစုလူဝေးဖြင့်စုဝေးခြင်း၊ မဲဆွယ်စည်းရုံးလှည့်လည်မှုကို မပြုလုပ်ကြရန် ပြည်နယ်ကျန်းမာရေးတာဝန်ရှိသူများက မေတ္တာရပ်ခံထားပြီး ကိုဗစ်ထိန်းချုပ်ကာကွယ်ရန်အတွက် ပြည်နယ်အစိုးရအဖွဲ့မှ ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...