ပြိုင်ဘက်နိုင်ငံရေးပါတီများ၏ မဟုတ်မမှန် ပြောဆိုတိုက်ခိုက်မှုခံနေရကြောင်း မွန်ညီညွှတ်ရေးပါတီ (MUP) တွဲဖက် အထွေထွေအတွင်းရေးမှူး ၁ နိုင်လယီတမက ပြောသည်။
မွန်ညီညွတ်ရေးပါတီသည် ပြည်ခိုင်ဖြိုးပါတီပါတီနှင့် မဟာမိတ်ဖွဲ့ထားပြီး ပူးပေါင်းထားကြောင်း သတင်းများနှင့်ပတ်သက်၍ မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့ကာ ၎င်းတို့အနေဖြင့် တိုင်းရင်းသားပါတီမှလွဲ၍ မည်သည့်ပါတီနှင့်မျှ မဟာမိတ်ဖွဲ့ထားခြင်းမရှိကြောင်းနှင့် ယင်းပြောဆိုချက်များသည် မွန်ညီညွတ်ရေးပါတီအား စွပ်စွဲပြောဆိုတိုက်ခိုက်မှုသာဖြစ်ကြောင်း နိုင်လယီတမကပြောသည်။
“လက်ရှိ မဲဆွယ်စည်းရုံးရေးကာလမှာ ကျွန်တော်တို့ အားကောင်းတဲ့ မြို့နယ်တွေမှာ ပြိုင်ဖက်ပါတီအချို့က ကျွန်တော်တို့ပါတီကို ဟိုပါတီနဲ့ ပေါင်းထားသလိုလို၊ ဘယ်အဖွဲ့အစည်းနဲ့ မဟာမိတ်ပြုထားသလိုလို ပြည်သူကြားမှာ ထင်ယောင်ထင်မှားဖြစ်အောင် ပြောနေတာတွေရှိတယ်။ ဒါက ရွေးကောက်ပွဲအတွက်ကို ရည်ရွယ်ပြီးတော့ ကျွန်တော်တို့ကို တိုက်ခိုက်လာတဲ့ အခြေအနေတွေရှိလာတာ အဲဒါကြောင့် ဘယ်သူပဲပြောသည်ဖြစ်စေ၊ ဘယ်ပါတီက ပြောသည်ဖြစ်စေ၊ ဘယ်အဖွဲ့က ပြောသည်ဖြစ်စေ အဲဒီစကားကို ကျနော်အနေနဲ့ ပယ်ချတယ်။ ကျနော်တို့က တိုင်းရင်းသားပါတီတွေကလွဲရင် အခြား ဘယ်ပါတီနဲ့မှ မဟာမိတ်ဖွဲ့ထားတာ မရှိသေးပါဘူး” ဟု ၎င်းကပြောသည်။
MUP မှ ကိုယ်စားလှယ်လောင်းများသည် အောက်တိုဘာလ ၅ ရက်က ရေးမြို့နယ်အတွင်းရှိ အစင်ကျေးရွာနှင့် ဇီးဖြူသောင်ကျေးရွာသို့ သွားရောက်မဲဆွယ်စည်းရုံးရေး ဟောပြောစဉ် ပြည်ခိုင်ဖြိုးပါတီဝင်အချို့ တက်ရောက်ဝန်းရံခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပြည်ခိုင်ဖြိုးပါတီဝင်အချို့ တက်ရောက်ဝန်းရံခဲ့သည့် ဟောပြောပွဲတွင် ပြည်နယ်လွှတ်တော် အမှတ် ၂ က မင်းအောင်ထူး၊ အမျိုးသားလွှတ်တော် အမှတ် ၇ က မိလဝီဟန်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာဗညားအောင်မိုးတို့ ဟောပြော မဲဆွယ်စည်းရုံးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
မည်သည့်မဲဆွယ်စည်းရုံးဟောပြောပွဲတွင်မဆို ပြည်သူများဖြစ်စေ၊ မည်သည့်ပါတီဝင်ဖြစ်စေ တက်ရောက်နားထောင်ခွင့်ရှိကြောင်း MUP က ပြန်လည်တုန့်ပြန်ခဲ့သည်။
“လက်ရှိ အနေအထားမှာ ကျနော်တို့က UNA နဲ့ မိတ်ဖက်ဆက်ဆံရေးရှိတယ်။ NBF နဲ့ မိတ်ဖက်ဆက်ဆံရေးရှိတယ်။ လူမျိုးတူပေါင်းစည်းထားတဲ့ ပြည်နယ်ငါးခုက တိုင်းရင်းသားပါတီတွေလည်း ကျနော်တို့ ပူးပေါင်းဆောင်ရွက်မှု ရှိတယ်။ အဲဒီအနေအထားပါပဲရှိတယ်။ အဲဒီ တိုင်းရင်းသားပါတီတွေကလွဲပြီးတော့ တစ်ခြား ဘယ်ပါတီနဲ့မှ ကျနော်တို့ မဟာမိတ်ဖွဲ့ခြင်းမရှိပါဘူး” ဟု နိုင်လယီတမက ပြောသည်။
မွန်ညီညွှတ်ရေးပါတီ MUP အနေဖြင့် တိုင်းရင်းသား နိုင်ငံရေးပါတီ ၁၃ ခုပါဝင်သည့် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA နှင့် တိုင်းရင်းသားပါတီ ၁၅ ခုဖြင့် ဖွဲ့စည်းထားသည့် ညီနောင်တိုင်းရင်းသားပါတီများဖက်ဒရေးရှင်း NBF တို့နှင့် မိတ်ဖက်ဆက်ဆံရေးရှိသည်ဟု ဆိုသည်။
ထို့အခြေအနေများကြောင့် ဖြစ်ပေါ်လာသည့် ဝေဖန်မှုများကို မဲဆန္ဒရှင်ပြည်သူများအနေဖြင့် နားမယောင်ကြရန် မွန်ညီညွှတ်ရေးပါတီက MUP က တိုက်တွန်းထားသည်။
မွန်ညီညွှတ်ရေးပါတီ MUP သည် မွန်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့နှင့် ပေါင်းစည်းထားသည့် ပေါင်းစည်းပါတီဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်နယ်အခြေစိုက်ပါတီများ အနိုင်ရရှိပါက ညွန့်ပေါင်းအစိုးရဖွဲ့ရန် သဘောထားရှိသည့် တိုင်းရင်းသား ပါတီတစ်ခုဖြစ်သည်။