မဟုတ်မမှန် ပြောဆိုမဲဆွယ်သည့် NLD ကိုယ်စားလှယ်လောင်းကို တိုင်ကြားထားမှု ပြန်လည်ကျေအေးပေးခဲ့ဟု ကချင်ပြည်နယ်ပြည်သူ့ပါတီပြော

မဟုတ်မမှန် ပြောဆိုမဲဆွယ်သည့် NLD ကိုယ်စားလှယ်လောင်းကို တိုင်ကြားထားမှု ပြန်လည်ကျေအေးပေးခဲ့ဟု ကချင်ပြည်နယ်ပြည်သူ့ပါတီပြော

မဟုတ်မမှန် ပြောဆိုမဲဆွယ်ခဲ့သည့် NLD ကိုယ်စားလှယ်လောင်းကို တိုင်ကြားထားမှု ကျေအေးပေးခဲ့ကြောင်း ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ဒုတိယဥက္ကဌ ၂ ဦးကွမ်ဂရောင်အောင်ခမ်းက ပြောသည်။

NLD ပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးသည် ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် အထက်ဆန်ဂေါ်ကျေးရွာသို့ စက်တင်ဘာလအတွင်းက မဲဆွယ်စည်းရုံးရာတွင် ကချင်ပြည်နယ်ပြည်သူ့ပါတီသည် ကချင်လက်နက်ကိုင်အဖွဲ့နှင့်ပူးပေါင်း၍ အုပ်ချုပ်မည်ဖြစ်ကြောင်း စွပ်စွဲပြောဆို မဲဆွယ်စည်းရုံးခဲ့သည်ဟု ဆိုသည်။

အဆိုပါ ပြောကြားချက်အပေါ် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ ရွေးကောက်ပွဲဆိုင်ရာကျင့်ဝတ်နှင့် မကိုက်ညီသော ဟောပြောမှုကို ဆက်လက်ဟောပြောခြင်း မပြုလုပ်ရန်နှင့် ကိုယ်စားလှယ်လောင်းကျင့်ဝတ်နှင့်အညီသာ စည်းရုံးဟောပြောရန် ပူတာအိုမြို့နယ် ကချင်ပြည်နယ်ပြည်သူ့ပါတီမှ အတွင်းရေးမှူး ဦးအောင်ခမ်းက စက်တင်ဘာ ၂၄ ရက်တွင် စာတင်တိုင်ကြားခဲ့ရာ NLD ပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအနေဖြင့် ရက်ပိုင်းအတွင်း ပြန်လည်တောင်းပန်ခဲ့သည့်အတွက် တိုင်ကြားထားမှုအား ကြေအေးပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ကို စွပ်စွဲပြီး ပြောနေတာရှိတယ်။ သူတို့အနေနဲ့ မှားတယ်ဆိုတဲ့ဟာကို နောက်နောင် ဆက်လက်ပြီးတော့ မလုပ်ပါဘူးဆိုတာကို ပြောပြီး ကျေအေးပေးခဲ့တာ ရှိပါတယ်။ ကော်မရှင်နဲ့ ညှိနှိုင်းဆောင်ရွက်ပြီးမှ စက်တင်ဘာ ၂၉ ရက်မှာ ဖြေရှင်ပြီးသွားပြီ သူတို့အနေနဲ့ တောင်းပန်လို့ ကျေအေးပေးလိုက်ပြီ” ဟု ၎င်းကပြောသည်။

စွပ်စွဲပြောဆိုသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းသည် မှားခဲ့ကြောင်းဝန်ခံကာ တောင်းပန်သည့်အတွက် ကျေအေးပေးခဲ့ခြင်းဖြစ်ကြောင်း ကိုယ်တိုင်စာတင်တိုင်ကြားခဲ့သည့် ပူတာအိုမြို့နယ် ကချင်ပြည်နယ်ပြည်သူ့ပါတီမှ အတွင်းရေးမှူး ဦးအောင်ခမ်းကပြောသည်။

“ကျွန်တော်တို့ကို အပုတ်ချပြီးပြောဆိုတဲ့သူကို တောင်းပန်ခိုင်းလိုက်တယ်။ သူကလည်း မှားခဲ့တယ်ဆိုပြီး တောင်းပန်လို့ နှစ်ဦးနှစ်ဖက် ကျေအေးပေးခဲ့တယ်” ဟု ၎င်းကပြောသည်။

မဟုတ်မမှန် ပြောဆိုမဲဆွယ်မှုနှင့်ပတ်သက်၍ ပူတာအိုခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ဆက်စပ်ညှိနှိုင်းရေးအဖွဲ့က နှစ်ဦးနှစ်ဖက်လုံးကို ခေါ်ယူစုံစမ်းမေးမြန်းကာ ဖြေရှင်းပေးခဲ့ခြင်းဖြစ်ကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ရွေးကောက်ပွဲအရာရှိ ဒေါ်အိအိဖြိုးက ပြောသည်။

“ဆက်စပ်ညှိနှိုင်းရေးကော်မတီက နှစ်ဦးနှစ်ဖက်ကိုခေါ်ပြီး ညှိနှိုင်းပေးလိုက်တော့ အဆင်ပြေသွားတယ်။ အသိသက်သေတွေနဲ့ ဝန်ခံကတိ လက်မှတ်ရေးထိုးသွားတယ်။ KSPP ကလည်း ဟိုဘက်ကတောင်းပန်တဲ့အတွက် ကျေအေးပေးတယ်” ဟု ဒေါ်အိအိဖြိုးကပြောသည်။

ရွေးကောက်ပွဲဆိုင်ရာ ဥပဒေကျင့်ဝတ်ဥပဒေနှင့်အညီ မှန်မှန်ကန်ကန်ဖြင့် မဲဆွယ်စည်းရုံးပြီး ယှသ်ပြိုင်စေလိုကြောင်း ကချင်ပြည်နယ်ပြည်သူ့ပါတီ ဒု-ဥက္ကဌ ၂ ကပြောသည်။

ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) သည် ကချင်ပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီလေးခု ပေါင်းစည်းထားသည့် ပါတီတစ်ခုဖြစ်ပြီး လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်အတွင်းက မြို့နယ် ၁၈ မြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...