အင်တာနက် 2G အဆင့်သာရရှိသဖြင့် အွန်လိုင်းမှ မဲစာရင်းကြည့်ရန် အခက်အခဲကြုံလျက်ရှိကြောင်း ရခိုင်ဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။
မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက “အင်တာနက်ကလည်း 2G အဆင့်သာ ရရှိတဲ့အတွက် အဝိုင်းလည်နေတာနဲ့ပဲ အချိန်ကုန်တယ်။ ဒါကြောင့် အင်တာနက်ကို အသုံးပြုပြီး၊ မဲဆွယ်ဖို့၊ မဲစာရင်းကြည့်ဖို့ဆိုတာက လက်တွေ့မကျဘူး” ဟု ပြောသည်။
ရွေးကောက်ပွဲအပေါ် ပြည်သူ့များ စိတ်ဝင်စားမှုရှိလာအောင် အစိုးရအနေဖြင့် စစ်ပွဲများရပ်ဆိုင်းပြီး၊ အင်တာနက်ကို 2G မှ 4G အဆင့်ထိ ဖွင့်ပေးရန်လိုကြောင်းနှင့် ရွေးကောက်ပွဲအပေါ် လူထုစိတ်ဝင်စားမှုရှိလာစေရန် အစိုးရအနေဖြင့် စည်းရုံးလှုံဆော်မှုများ လုပ်ရန်လိုအပ်ကြောင်း ၎င်းက ဝေဖန်ပြောကြားခဲ့သည်။
“အစိုးရအနေဖြင့် ရွေးကောက်ပွဲကို ပြည်သူတွေစိတ်ဝင်စားမှုရှိလာအောင် အင်တာနက်ကို အပြည့်အဝဖွင့် ပေးဖို့လိုတယ်။ 2G အင်တာနက်နဲ့ ဘာတစ်ခုမှ လုပ်လို့မရဘူး။ အင်တာနက်ကို ပုံမှန်ဖွင့်ပေးထားရင်တောင်မှ ကျေးလက်တွေ့မှာ အင်တာနက်လိုင်းမကောင်းတာတွေရှိတယ်။ ကိုဗစ်အခက်အခဲကြောင့် မဲစာရင်းကို အင်တာ နက်က ကြည့်ခွင့်ရဖို့အတွက် ကျနော်တို့ဒေသမှာ လုံးဝမဖြစ်နိုင်ဘူး” ဟု ရခိုင်ဒေသခံတစ်ဦးဖြစ်သူ ကိုကျော်မင်း ခိုင်က ပြောသည်။
သက်ဆိုင်ရာ အချိန်ကာလ/နေရာဒေသအလိုက်ထုတ်ပြန်သည့် ကျန်းမာရေးညွှန်ကြားချက်နှင့် အခြားအကြောင်း အမျိုးမျိုးကြောင့် မဲစာရင်းလာရောက်ကြည့်ရှုရန် အခက်အခဲရှိသည့် မဲဆန္ဒရှင်များအနေဖြင့် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၄ ရက်အထိ ပြုစုထားသော မဲဆန္ဒရှင်စာရင်းများကို ထည့်သွင်းထားသည့် Web Application ဖြစ်သော findyourpollingstation.uec.gov.mm တွင် ဝင်ရောက်ကြည့်ရှုစစ်ဆေးနိုင်ကြောင်း၊ ထို့အပြင် Mobile Application ဖြစ်သည့် findyourpollingstation.apk ကို Google Play Store တွင် Dowload ရယူပြီး မိမိတို့၏အမည် မဲစာရင်းတွင် ပါ/မပါ စစ်ဆေးနိုင်ရန်လည်း စီစဉ်းထားကြောင်း မြန်မာနိုင်ငံရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ပြန်ခဲ့သည်။
ကိုဗစ်ဖြစ်ပွားမှုကြောင့် Stay at home နေထိုင်ရသည့် ရခိုင်ပြည်သူများအနေဖြင့် မဲစာရင်းကို သွားရောက်ကြည့်ရှုရန် အခက်အခဲဖြစ်နေပြီး မဲစာရင်းအား အွန်လိုင်းမှစစ်ဆေးနိုင်သဖြင့် ကောင်းမွန်သော်လည်း အင်တာနက် 2G အဆင့်သာ ရရှိသော ရခိုင်ပြည်နယ်၊ မြို့နယ် ခုနစ်ခုမှ ပြည်သူများအဖြင့် မဲစာရင်းအား အွန်လိုင်းမှ ကြည့်ရှုမရ၍ နစ်နာလျက်ကြောင်း ဒေသခံများက ပြောသည်။