၂၀၁၅ ရွေးကောက်ပွဲတွင် မဲရုံမလုံလောက်မှုဖြစ်ပေါ်ခဲ့ရသည့် အင်းတော်ကြီးဒေသ၏ အကြီးဆုံးကျေးရွာအုပ်စုဖြစ်သော မိုင်းနောင်ကျေးရွာအုပ်စု၌ မဲရုံထပ်တိုးဖွင့်လှစ်ရန် စီစဉ်ထားပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ အင်းတော်ကြီးဒေသသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မိုးညှင်းမြို့နယ်တွင်တည်ရှိပြီး ယခုရွေးကောက်ပွဲတွင် မဲရုံတစ်ရုံ တိုးချဲ့ဖွင့်လှစ်သွားမည်ဟု မိုင်းနောင်ကျေးရွာ ရွေးကော်ပွဲကော်မရှင်ဥက္ကဌ ဦးသန်းစိန်က ပြောသည်။
"၂၀၁၅ တုန်းက ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ လေးထောင်ကျော်ပဲရှိပေမယ့် မဲရုံတစ်ရုံဖွင့်ခဲ့မိတယ်။ လူလေးထောင်အတွက် တစ်ရုံထဲဆိုတာ မလုံလောက်ဘူး။ အခု ၂၀၂၀ မှာကျတော့ ဆန္ဒမဲပေးပိုင်ခွင်ရှိသူ ငါးထောင်လောက်ရှိလာပြီ။ ဒါကြောင့် နောက်ထပ်မဲရုံတစ်ရုံ ထပ်တိုးမှာဖြစ်ပါတယ်" ဟု ၄င်းကပြောသည်။
ယင်းကျေးရွာအုပ်စုတွင် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပစဉ်ကာလ မဲရုံလုံလောက်မှုမရှိသော်လည်း အချိန်မရခြင်းနှင့် မဲရုံထပ်တိုးရန် တောင်းဆိုခြင်းများကို လုပ်ဆောင်ရန် အသိပညာအားနည်းခဲ့ခြင်းကြောင့် မလုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ၄င်းက ပြောသည်။
"ပြီးခဲ့တဲ့ရွေးကောက်ပွဲတုန်းက မဲလာပေးတဲ့လူဦးရေများပြီး မဲရုံက တစ်ရုံပဲရှိတော့ မဲပေးရတာ မလုံလောက်ဘူးဖြစ်သွားတယ်။ အခု ရွေးကောက်ပွဲမှာတော့ မဲရုံတစ်ရုံ ထပ်တိုးတယ်ကြားတော့ အစဉ်ပြေတာပေါ့။ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ အချိန်နဲ့ မဲရုံမလောက်လို့ မဲမပေးလိုက်ရတဲ့ လူတစ်ချို့လည်းရှိတယ်" ဟု မိုင်းနောင်ဒေသခံ ဦးသိန်း၀င်ကပြောသည်။
လက်ရှိကျင်းပမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မိုင်းနောင်ကျေးရွာရှိစာသင်ကျောင်းတွင်မဲရုံတစ်ရုံနှင့် မိုင်းနောင်ကျေးရွာ၏ ဘုန်းကြီးကျောင်းတွင် တစ်ရုံဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
မိုင်းနောင်ကျေးရွာအုပ်စုသည် အင်းတော်ကြီးဒေသတွင် အကြီးဆုံးကျေးရွာတစ်ခုဖြစ်ပြီး အိမ်ခြေ ၁၅၀၀ ကျော်ရှိပြီး လူဦးရေရှစ်ထောင်ကျော်နေထိုင်ကာ ရှမ်းနီတိုင်းရင်းသားအများစုနေထိုင်ကြသော ကျေးရွာအုပ်စုတစ်ခု ဖြစ်သည်။