ကချင်ပြည်နယ်တွင် ယခင်ထက် မဲရုံပေါင်း ၁၀၀ ကျော် တိုးဖွင့်ရန်လျာထား

ကချင်ပြည်နယ်တွင် ယခင်ထက် မဲရုံပေါင်း ၁၀၀ ကျော် တိုးဖွင့်ရန်လျာထား

ကချင်ပြည်နယ်တွင် ယခင် ၂၀၁၅ ရွေးကောက်ပွဲထက် မဲရုံပေါင်း ၁၀၀ ကျော် တိုးဖွင့်ရန်လျာထားကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ထုတ်ပြန်ချက်များအရသိရသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်အတွင်း မဲရုံစုစုပေါင်း ၉၁၈ ရုံဖွင့်လှစ်ရန် လျာထားကြောင်း ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက စက်တင်ဘာ ၂၀ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်ရာ အဆိုပါစာရင်းအား ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က အထွေထွေရွေးကောက်ပွဲတွင် မဲရုံပေါင်း ၈၃၃ ရုံ ဖွင့်လှစ်မှုနှင့်နှိုင်းယှဉ်ပါက မဲရုံပေါင်း ၁၀၅ ရုံ တိုးလာခြင်းဖြစ်သည်။

ကချင်ပြည်နယ်တွင် မြို့နယ် ၁၈ မြို့နယ်ရှိပြီး မြစ်ကြီးနားမြို့နယ်တွင် ၁၄၀ ရုံ၊ မိုးညှင်းမြို့နယ်တွင် ၁၀၆ ရုံ၊ ဖားကန့်မြို့နယ်တွင် ၁၀၄ ရုံ၊ ဗန်းမော်မြို့နယ်တွင် ၆၉ ရုံ၊ မံစီမြို့နယ်တွင် ၃၉ ရုံ၊ မိုးမောက်မြို့နယ်တွင် ၄၅ ရုံ၊ ပူတာအိုမြို့နယ်တွင် ၄၈ ရုံ၊ မချမ်းဘောမြို့နယ်တွင် ၁၇ ရုံ၊ ခေါင်လန်ဖူးမြို့နယ်တွင် ၃၆ ရုံ၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် ၁၂ ရုံ၊ နောင်မွန်းမြို့နယ်တွင် ၂၅ ရုံ၊ ရွှေကူမြို့နယ်တွင် ၅၄၊ မိုးကောင်းမြို့နယ်တွင် ၇၀ ရုံ၊ ချီဖွေမြို့နယ်တွင် ၄၇ ရုံ၊ ဆော့လော်မြို့နယ်တွင် ၁၈ ရုံ၊ တနိုင်းမြို့နယ်တွင် ၂၃ ရုံ၊ ဝိုင်းမော်မြို့နယ် တွင် ၅၈ ရုံနှင့် အင်ဂျန်းယန်မြို့နယ်တွင် ခုနစ်ရုံ ဖွင့်လှစ်ရန်လျာထားခြင်းဖြစ်သည်။

ပြည်နယ်ကော်မရှင်အနေဖြင့် ပြီးခဲ့သည့်လများအတွင်းက ကချင်ပြည်နယ်တွင် မဲဆန္ဒရှင် ဆယ်သိန်းရှစ်သောင်းကျော်ရှိသဖြင့် မဲရုံပေါင်း ၈၉၀ ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သော်လည်း ကျန်မာရေးဆိုင်ရာ ကန့်သတ်ချက်များနှင့် ဒုတိယအကြိမ် မဲစာရင်းတွင် လူဦးရေထပ်မံတိုးလာမည့် အခြေအနေများကြောင့် ယခုလို ၉၀၀ ကျော်ဖွင့်လှစ်ရန် လျာထားခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး တစ်နိုင်ငံလုံးအနေဖြင့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၃၃၀ နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၆၈ နယ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၆၄၄ နယ်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၂၉ နယ် သတ်မှတ်ထားပြီး အကြောင်းအမျိုးမျိုးကြောင့် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် မဲဆန္ဒနယ်များကို အောက်တိုဘာလအတွင်း ထုတ်ပြန်သွားမည်ဖြစ်ကြောင်းနှင့် မဲရုံပေါင်း ၄၁၀၀၀ ကျော် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်များအရ သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...