လက်ရှိချိန်တွင် ရွေးကောက်ပွဲနှင့် ပြည်တွင်းစစ်ပွဲများမှာ တစ်ပြိုင်နက်တည်းဖြစ်ပွားနေပြီး အစိုးရအနေနှင့် ရွေးကောက်ပွဲအပေါ် အာရုံစိုက်သလို ဖြစ်ပွားနေသော စစ်ပွဲများနှင့်ပတ်သက်ပြီး ဥပက္ခာမပြုရန်လိုအပ်ကြောင်း မြန်မာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးသိပ္ပံမှ ကိုဝင့်ထည်ကောင်းမြတ် ပြောသည်။
“ကျွန်တော်တို့နိုင်ငံမှာ စစ်ပွဲကနေ့စဉ်ရက်ဆက် ဖြစ်နေတာဖြစ်တယ်။ နောက်တစ်ခုက ရွေးကောက်ပွဲလည်း ရှိနေတယ်။ နိုင်ငံရေးမဲဆွယ်စည်းရုံးမှုတွေကလဲ ရှိနေတယ်။ ရွေးကောက်ပွဲအပေါ် အစိုးရအနေနဲ့ အာရုံစိုက်တာကလည်းတစ်ပိုင်း၊ ပြည်တွင်းစစ်ကိုလဲ ဥပက္ခာမပြု သင့်ဘူး။ အစိုးရမှာ တာဝန်ရှိတယ်။ ရခိုင်ပြည်နဲ့ ချင်းပြည်နယ် ပလက်၀မှာ တကယ့်ကို ကြီးမားတဲ့ လူထုထိခိုက်မှုဖြစ်သွားပေမဲ့ ဒီကိစ္စကို လူထုသိရှိမှု အားနည်းတယ်။ အစိုးရကလဲ သိပေမဲ့ ဒီအပေါ်မှာ ကျယ်ကျယ်လောင်လောင်နဲ့ ပြည်သူထိခိုက်မှုတွေကို လုပ်ဆောင်ပေးဖို့ပျက်ကွက်နေတယ်” ဟု ၎င်းကပြောသည်။
စက်တင်ဘာ ၂၁ ရက်တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ကို တောင်ကြီးမြို့၊ ချမ်းသာရပ်ကွက်ရှိ Myanmar Institute of peace and security studies (MIPSS) ရုံးခန်းတွင် အရပ်ဖက်အဖွဲ့အစည်းများပါဝင်သော ပြည်တွင်းစစ်ကို ဆန့်ကျင်ကြ Photo campaing ပြုလုပ်ခဲ့ရာတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။
ထို့ကြောင့် လွှတ်တော်ထဲတွင် ငြိမ်းချမ်းရေးအတွက် အဆိုတင်သွင်းနိုင်မည့် တိုင်းရင်းသားအမတ်များ ၂၀၂၀ ရွေးကောက်ပွဲမှတဆင့် ပေါ်ထွက်လာရန်လိုအပ်ကြောင်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ရှမ်းပြည်နယ် တောင်ကြီးအခြေစိုက် အရပ်ဖက်အဖွဲ့အစည်းများက ပြောသည်။
“၂၀၂၀ ရွေးကောက်ပွဲမှာ တိုင်းရင်းသားဒေသက ကိုယ်စားလှယ်တွေ ပိုပြီးပါမှ အမျိုးသမီးတွေ ပိုပြီးပါမှသာလျှင် ငြိမ်းချမ်းရေးအတွက် သူတို့က ပိုပြီးဆွေးနွေးနိုင်မယ်။ ဖယ်ဒရယ်မူဝါဒနဲ့သွားဖို့ အဆိုတွေတင်သွင်းပြီးမှ ညှိနှိုင်းလို့အဆင်ပြေမယ့် အမတ်မျိုးတွေ ရွေးစေချင်တယ်။ ဒေသခံလဲဖြစ်ရမယ် တိုင်းရင်သားတွေလဲဖြစ်ရမယ်။ အဲ့လိုမျိုးတွေ ရွေးချယ်ပေါ်ထွက်လာစေချင်ပါတယ်” ဟု Legal Aid For Human Right အဖွဲ့မှ သော်တာဆွေကပြောသည်။
ပြည်တွင်းစစ်ပွဲများကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နေရပ်မပြန်နိုင်သေးပဲ IDP camps တွင် ရေရှည်နေထိုင်သည့် စစ်ရှောင် ဒုက္ခသည်ပေါင်း နှစ်ထောင်ကျော်ရှပြီး ရခိုင်ပြည်နယ်တွင် ၂၀၁၈ ဒီဇင်ဘာမှ ယနေ့အထိ သေဆုံးသူပေါင်း ၂၉၀ ကျော်ရှိပြီး၊ ကိုယ်လက်အင်္ဂါ မသန်စွမ်းဖြစ်သူ စုစုပေါင်း ၆၅၀ ဦးရှိကာ စစ်ပြေးဒုက္ခသည်များအနေနဲ့ နှစ်သိန်းကျော်ရှိပြီဖြစ်ကြောင်း (MIPSS) ရုံး၏ အချက်အလက်များအရ သိရသည်။
ရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများကို သံလွင် သစ္စာ ဥပဒေအထောက် အကူပြု အဖွဲ့မှ ဦးထွန်းထွန်းမြင့် က “ရှမ်းပြည်နယ်က လွတ်တော်ကိုယ်စားလှယ်တွေ လွတ်တော်ထဲမှာ ရှမ်းပြည်ရဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ ဆွေးနွေးတာတွေ၊အဆိုတင်သွင်းတာတွေ ရှိလာစေချင်တယ်” ဟု တိုက်တွန်းပြောဆိုသည်။