ရွေးကောက်ပွဲရွှေ့ဆိုင်းရေး UEC ၏ ဆုံးဖြတ်ချက်အတိုင်း လိုက်နာမည်ဟု ကချင်နိုင်ငံရေးပါတီများပြော

ရွေးကောက်ပွဲရွှေ့ဆိုင်းရေး UEC ၏ ဆုံးဖြတ်ချက်အတိုင်း လိုက်နာမည်ဟု ကချင်နိုင်ငံရေးပါတီများပြော

ရွေးကောက်ပွဲရွှေ့ဆိုင်းရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ၏ဆုံးဖြတ်ချက်အတိုင်း လိုက်နာဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကချင်ပြည်နယ်ရှိ နိုင်ငံရေးပါတီများက ပြောသည်။

သို့သော်လည်း ယခုကဲ့သို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုမြင့်မားလာသည့်အတွက် ရွေးကောက်ပွဲကျင်းပမည့် ကိစ္စရပ်ကို ဒုတိယအနေဖြင့် လုပ်ဆောင်သင့်ပြီး ပြည်သူများ၏ ကျန်းမာရေးသည် ပထမဦးစားပေးဖြစ်သည့်အတွက် ရက်ရွှေ့ပြောင်းကျင်းပမည်ဆိုပါကလည်း သင့်လျော်သည့် ကိစ္စရပ်ဖြစ်သည်ဟု လီဆူအမျိုးသားဖွံ့ဖြိုးရေးပါတီ (ဒူးလေးပါတီ) ဥက္ကဌ ဦးရွှေမင်းက အကြံပြုပြောကြားသည်။

"ပြည်သူတွေရဲ့ ကျန်းမာရေးကို အဓိကထားချင်တယ်။ ကူးစက်မှုဟာ တစ်နေ့တစ်ခြား ပိုများလာတယ်။ လျှင်မြန်လာတယ်။ ပြည်သူတွေရဲ့ ကျန်းမာရေးလုံခြံမှုကို အဓိကထားရမှာဖြစ်တဲ့အတွက် ရွေးကောက်ပွဲကို နံပါတ် ၂ အဆင့်မှာပဲ ထားစေချင်တယ်။ ရွေးကောက်ပွဲကို  နောက်ကို ရက်ရွှေ့ဆိုင်းနိုင်တယ်ဆိုရင်လည်း သင့်လျော်တဲ့ ကိစ္စတစ်ခုဖြစ်တယ်လို့ မြင်တယ်။ တကယ်လို့ မရွှေ့ရင်လည်း မဖြစ်ဖြစ်တဲ့နည်းနဲ့ ပြိုင်ကြရမှာပဲ" ဟုဦးရွှေမင်းက ပြောသည်။

ထို့အပြင် ကိုဗစ်ကာလအတွင်း မဲဆွယ်စည်းရုံးရာတွင်လည်း အကန့်အသတ်၊ အတားအဆီးများနှင့် လုပ်ဆောင်နေရပြီး လွတ်လပ်စွာ မဲဆွယ်စည်းရုံးခွင့် မရှိသည့်အတွက် မျှတသည့် ရွေးကောက်ပွဲမဖြစ်နိုင်ကြောင်း ဦးရွှေမင်းက ဆက်လက်ပြောသည်။

"မဲဆွယ်စည်းရုံးရေးမှာလည်း အကန့်အသတ်တွေ၊ အတားအဆီးတွေ အများကြီးရှိတဲ့အတွက် လွတ်လွတ်လပ်လပ် မဲဆွယ်နိုင်ခွင့်မရှိသလို မျှတမှုလည်းမရှိတဲ့အတွက် နောကရွှေ့နိုင်တယ်ဆိုရင် ရွှေ့ပေးတာတော့ ကောင်းတယ်လို့ ကျွန်တော့်အမြင်ကတော့ အဲ့လိုမြင်ပါတယ်" ဟု ၎င်းက ပြောသည်။

မဲဆွယ်စည်းရုံးရာတွင် ပြည်သူများနှင့် ထိပ်တိုက်တွေ့မှုမရှိသည့်အတွက် အခက်အခဲများကြုံတွေ့နေရသော်လည်း ရွေးကောက်ပွဲကျင်းပမယ့်မည့်ရက်ကို အများသဘောတူဆုံးဖြတ်ချက်ပေါ်မူတည်ပြီး လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ဒု-ဥက္ကဌ (၁) ဒေါ်ဒွဲဘူက ပြောသည်။

"လူထုနဲ့ ထိပ်တိုက်မတွေ့နိုင်ဘူး။ အခက်အခဲအမျိုးမျိုးရှိပေမယ့် ရွေးကောက်ပွဲရက်ရွေ့ဆိုင်းဖို့ မရွှေ့ဆိုင်းဖို့က ကျွန်မတို့ပါတီအနေနဲ့ မှတ်ချက်မပေးနိုင်ဘူး။ အများသဘောတူချက်ကိုပဲ ကျွန်မတို့ လိုက်နာမှာပါ" ဟု ဒေါ်ဒွဲဘူကပြောသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ မဲဆွယ်စည်းရုံးရေးလုပ်ငန်းများကို ဆောင်ရွက်နေသည်သာမက အချို့ဒေသများ၌ ရောဂါထိန်းချုပ်မှုများ လုပ်ဆောင်လာနိုင်သည်ကို မြင်တွေ့လာရသည့်အတွက် ရွေးကောက်ပွဲကျင်းပမည့်ရက်ကို မူလသတ်မှတ်ထားသည့်အတိုင်းသာ ကျင်းပသင့်ကြောင်း ဒီမိုကရေစီပါတီသစ် (ကချင်) ဥက္ကဌ ဦးတိန့်ဆောင်က ပြောသည်။

"ကျန်းမာရေးဝန်ကြီးဌာနကနေ ညွှန်ကြားထားတဲ့အတိုင်း ကြိုးစားပြီးတော့ စည်းရုံးရေးတွေ ဆောင်ရွက်နေတဲ့အတွက် ရွှေ့နေစရာမလိုဘူးလို့ မြင်ပါတယ်။ ဒီရောဂါက တချို့ဒေသမှာလည်း စနစ်တကျ ထိန်းချုပ်လို့ရတဲ့အပိုင်းတွေလည်း ရှိလာတယ်။ ဒီရောဂါက ဘယ်အချိန်ထိ သွားနေအုံးမယ်ဆိုတာ ပြောလို့ မရသေးဘူး။ နိုင်ငံရေး အပြောင်းအလဲ၊ အစိုးရ၊ လွှတ်တော် အပြောင်းအလဲတွေကလည်း အချိန်နဲ့ တပြေးညီ သွားကြရမှာဖြစ်တာကိုး။ အဲ့ဒါကြောင့် အချိန်ရွှေ့ပြောင်းတာတို့ မဖြစ်စေချင်တော့ဘူး။ လှုပ်ရှားမှုအရလည်း အရှိန်အဟုတ်နဲ့လည်း သွားနေပြီ။ ဒီအတိုင်းပဲ ဆက်သွားဖို့ ဆန္ဒရှိပါတယ်" ဟု ဦးတိန့်ဆောင်က ဆိုသည်။

ပါတီစုံအထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၈ ရကတွင် ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၄ ပါတီက မဲဆန္ဒရှင်ပြည်သူများ၏ အသက်ဘေးအန္တရယ်ကင်းရှင်းရေးကို အလေးထားသည့်အနေဖြင့် သတ်မှတ်ထားသည့် ရွေးကောက်ပွဲရက်ကို ရွှေ့ဆိုင်းရန် ပြန်လည်သုံးသပ်သင့်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ စက်တင်ဘာ ၁၅ ရက်က အိတ်ဖွင့်စာပေးပို့ခဲ့ကြသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...