ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကြီးစိုးနေသည့်အစဉ်အလာကို ချိုးဖျက်မည်ဟု ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ (KNDP) ဖာပွန်မြို့နယ်၊ ပြည်နယ်လွှတ်တော် အမှတ် ၂ ကိုယ်စားလှယ်လောင်း နော်သဇင်တုတ်က စက်တင်ဘာ ၁၇ ရက်တွင် ပြောသည်။
“ဖာပွန်မှာ စည်းရုံးရေးဆင်းတော့ ကိုယ့်ဖက်တချို့ပြန်ပါလာတယ်။ အမျိုးသမီးကိုယ်စားလှယ်လည်းဖြစ်တော့။ အရင်က ရွေးကောက်ပွဲ အတွေ့အကြုံမရှိပေမဲ့ ကြံခိုင်ရေးကြီးစိုးတဲ့အစဉ်အလာကို ထိုးဖောက်သွားမယ်။ ကရင်ပါတီအတွက် အခြေကုတ်တခုခုရဖို့ ရည်ရွယ်ထားတယ်” ဟု သူမကပြောသည်။
ဖာပွန်တွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ အများအပြားရှိသည့်အတွက် မြို့ပေါ်အနီးတဝိုက်တွင်သာ ရွေးကောက်ပွဲကျင်းပနိုင်ပြီး ၂၀၁၀၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ရာနှုန်းပြည့် အနိုင်ရရှိခဲ့သည့် နယ်မြေဖြစ်သည်။
“အခုတခေါက်ပြောနေကြတာရှိတယ် တိုင်းရင်းသားပါတီတွေ အလှည့်လို့လေ။ ကျနော်တို့တော့ ဒီလိုမမှတ်ယူထားဘူး။ အတတ်နိင်ဆုံး ကြိုးစားမယ်။ ရတာ/မရတာ တစ်ပိုင်းပေါ့ ကိုယ်လုပ်နိုင်သလောက် လုပ်သွားမယ်” ဟု KNDP ဥက္ကဌ မန်းအောင်ပြည်စိုးက ပြောသည်။
လာမည့်ရွေးကောက်ပွဲတွင် ဖာပွန်မြို့နယ်၌ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ ရာနှုန်းပြည့် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
ယင်းတို့ထဲတွင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး စောမြင့်ဦးသည် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု၍ ဖာပွန်မြို့နယ်၊ ပြည်နယ်လွှတ်တော် အမှတ် ၁ မဲဆန္ဒနယ်တွင် ထပ်မံဝင်ပြိုင်သွားမည်ဖြစ်ကြောင်း ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။