ရွေးကောက်ပွဲရွှေ့ဆိုင်းပေးရေးအပေါ် နိုင်ငံရေးပါတီများအကြား သဘောထားကွဲလွဲမှုဖြစ်ပေါ်

ရွေးကောက်ပွဲရွှေ့ဆိုင်းပေးရေးအပေါ် နိုင်ငံရေးပါတီများအကြား သဘောထားကွဲလွဲမှုဖြစ်ပေါ်
by -
စောဇင်မောင် (Hintha)

ရွေးကောက်ပွဲရွှေ့ဆိုင်းပေးရန် တောင်းဆိုမှုအပေါ် နိုင်ငံရေးပါတီများအကြား သဘောထားကွဲလွဲလျက်ရှိကြောင်း သိရသည်။

 

ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှုကို အခြေခံ၍ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပမည့်ရက်အား ပြန်လည်သုံးသပ်ပေးရန် ပါတီ ၂၄ ပါတီက လက်မှတ်ရေးထိုးထားသည့် တောင်းဆိုစာအား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ စက်တင်ဘာ ၁၅ ရက် နေ့စွဲဖြင့် ပေးပို့ခဲ့သည်။

 

အဆိုပါ တောင်းဆိုမှုနှင့်ပတ်သက်၍ မလိုလားအပ်သည့် ပြသနာများဖြစ်ပေါ်လာမည်ကို ပါတီတချို့က စိုးရိမ်လျက်ရှိပြီး မဲဆွယ်စည်းရုံးရေးကာလ ရောက်ရှိနေပြီဖြစ်သဖြင့် ရွေးကောက်ပွဲအား စီစဉ်ထားသည့်အတိုင်း ဆက်လက်လုပ်ဆောင်ရန် လိုလားလျက်ရှိသည်။

 

"ပါတီအနေနဲ့က ရွေးကောက်ပွဲနောက်ဆုတ်ဖို့ကို တစ်စုံတရာစဉ်းစားထားတာမရှိဘူး။ အများဆန္ဒတိုင်းပါပဲ။ ကျွန်တော့်ပုဂ္ဂလအမြင်နဲ့ပြောရမယ်ဆိုရင် ရွေးကောက်ပွဲကျင်းပဖို့ရက်ကလည်း ကြေငြာပြီးပြီ။ မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေလည်း စနေကြပြီ။ ရွေးကောက်ပွဲအတွက် ကုန်ကျစရိတ်တွေလည်း ကုန်နေကြပြီဆိုတော့ ဒီရွေးကောက်ပွဲက ဒီအတိုင်းပဲ ဆက်လုပ်ဖို့ရှိတယ်လို့မြင်တယ်။ ရွေးကောက်ပွဲက ပုံမှန်အတိုင်း မကျင်းပနိုင်ခဲ့ဘူးဆိုရင် မလိုလားအပ်တဲ့ နိုင်ငံရေးအကျိုးဆက်တွေ ဖြစ်ပေါ်လာနိုင်တယ်။ စိုးရိမ်စရာရှိလာနိုင်တယ်” ဟု မွန်ညီညွတ်ရေးပါတီအတွင်းရေးမှူး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်သူ နိုင်လယိတမကပြောသည်။

 

နိုင်ငံရေးပါတီများအနေဖြင့် ကျန်းမာရေးဝန်ကြီဌာနထုတ်ပြန်ချက်များကို အတိအကျလိုက်နာပါက ရွေးကောက်ပွဲအား ရွှေ့ဆိုင်းရန်မလိုအပ်ကြောင်း ၎င်းက ယူဆလျက်ရှိသည်။

 

ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) မှ ဘီလင်းမြို့နယ်အတွင်းရေးမှူး ဦးဇင်ငြိမ်းထွန်းက လက်ရှိကျန်းမာရေးအခြေအနေအရ ရွေးကောက်ပွဲအား ဒီဇင်ဘာလအထိ နောက်ဆုတ်သင့်ပြီး ၎င်းတို့ပါတီအနေနှင့်လည်း ရွေးကောက်ပွဲရွှေ့ဆိုင်းပေးရန် ပြည်ထံစုရွေးကောက်ပွဲကော်မရှင်ထံ အိတ်ဖွင့်ပေးစာတစ်စောင် ပို့ထားသည်ဟုဆိုသည်။

 

"ကျွန်တော်တို့ပါတီဘက်က UEC ထံကို အိတ်ဖွင့်ပေးစာပေးထားတာရှိတယ်။ အဲဒါက ကိုဗစ်ကပ်ရောဂါဖြစ်နေတာကြောင့် ဒီဇင်ဘာ (၁၇) ရက်နေ့အထိ ဆုတ်ပေးဖို့အတွက် အကြံပြုထားတယ်။ UEC ကို အကြံပေးချင်တာက လူတွေက ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီးတော ရွေးကောက်ပွဲရက်ကို ရွှေပေးဖို့ပေါ့။ အဓိက ကျန်းမာရေးအခြေအနေနဲ့ပတ်သက်နေတာပေါ့" ဟု ၎င်းကပြောသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပမည့်ရက်အား ပြန်လည်သုံးသပ်ပေးရန် ပြည်ခိုင်ဖြိုးပါတီ၊ အမျိုးသားဒီမိုကစီပါတီသစ်၊ အမျိုးသားတိုးတက်ရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ခေတ်သစ်ပြည်သူ့ပါတီ၊ အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်ပါတီ၊ ဝံသာနုဒီမိုကရက်တစ်ပါတီ၊ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ ပြည်သူအကျိုးပြုကျောင်းသားများပါတီ၊ ခေတ်သစ်ပြည်ထောင်စုပါတီ၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ၈၈ မျိုးဆက်ဒီမိုကရေစီပါတီ၊ ပြည်ထောင်စုလယ်သူမားအလုပ်သမားအင်အားစုပါတီ၊ ဗမာပြည်သူ့ပါတီ၊ မြန်မာနိုင်ငံ တောင်သူလယ်သမားအလုပ်သမားပြည်သူ့ပါတီ၊ လူထုပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ပြည်သူ့အလုပ်သမားပါတီ၊ ပြည်သူ့အင်အားပါတီ၊ အမျိုးသားတိုးတက်မြင့်မားရေးပါတီ၊ မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့က လက်မှတ်ရေးထိုး၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံတွင် တည်ဆဲနိုင်ငံရေးပါတီ ၉၄ ပါတီရှိသည့်အနက် ယာယီရပ်ဆိုင်းထားသည့် ပါတီနှစ်ပါတီရှိကာ လက်ရှိ ဆက်သွယ်ဆောင်ရွက်နေသောပါတီ ၉၂ ပါတီရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်များအရ သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...