ကိုဗစ်ကာလ မဲဆွယ်ရာတွင် ဟောပြောပွဲများပြုလုပ်ခြင်းထက် Door to Door စနစ်ဖြင့် မဲဆွယ်ရန်စီစဉ်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တောင်ကြီးမြို့နယ်၌ ရွေးကောက်ပွဲထပ်မံဝင်ရောက်မည့် လက်ရှိပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသန်းငွေ ကပြောသည်။
“အရင်တုန်းကလို လူတွေစုပြီးတော့ ခေါ်ပြီးတော့ ဟောပြောတာတို့၊ ရုံးတွေမှာစုပြီးတော့ ဟောပြောတာတို့ကို ကျွန်မတို့ တတ်နိုင်သလောက်ရှောင်တယ်။ Door to Door ဆင်းဖို့ပဲ အားသာနေတယ်” ဟု ကိုဗစ်ကာလတွင်း မဲဆွယ်စည်းရုံးမှုနှင့်ပတ်သက်၍ ၎င်းက ရှင်းပြသည်။
ယခုအခါ ရှမ်းပြည်နယ်ရှိ NLD ကိုယ်စားလှယ်လောင်းများအနေဖြင့် မဲဆွယ်ရေးဆိုင်းဘုတ်များကို တောင်ကြီးမြို့၏ အထင်ကရနေရာ ဖြစ်သော မြင်းစီးရုပ်တုရှေ့နှင့် မင်္ဂလာဦးရပ်ကွက်တို့တွင် စက်တင်ဘာလ (၁၅) ရက်မှ စတင်စိုက်ထူလျက်ရှိပြီး ဆိုင်းဘုတ်အကြီးငါးခုစိုက်ထူမည်ဖြစ်ကာ ဆိုင်းဘုတ်အသေးများကို ရပ်ကွက်တိုင်းတွင် စိုက်ထူသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရှမ်းပြည်နယ် NLD ပါတီအောင်နိုင်ရေးအဖွဲ့အနေဖြင့် ကိုယ်စားလှယ်လောင်းများ၏ ဆိုင်းဘုတ်များ လိုက်လံစိုက်ထူခြင်းအပြင် တောင်ကြီးမြို့အတွင်း ဆိုင်ကယ်စီးလှည့်လည်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ဒေါက်တာဒေါ်သန်းငွေအနေနှင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ထပ်မံအနိုင်ရခဲ့မည်ဆိုပါက ပညာရေးနှင့် ကျန်းမာရေးကို အဓိကဦးစားပေးလုပ်ဆောင်သွားမည်ဖြစ်ပြီး ရပ်ရွာဖွံ့ဖြိုးရေးနှင့် စီးပွားရေးစသည့်ကဏ္ဍများကိုလည်း ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားမည်ဟု ကတိပြုပြောကြားခဲ့သည်။
၂၀၂၀ ရွေးကောက်ပွဲတွင် တောင်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ ၌ လက်ရှိ ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်းနဲ့စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ မဲဆန္ဒနယ်အမှတ် ၂ တွင် လက်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသန်းငွေ၊ ပြည်သူ့လွှတ်တော်နေရာတွင် လက်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေး ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်း၊ အမျိုးသားလွှတ်တော်နေရာတွင် ဦးအောင်ကိုကိုနဲ့ ဗမာတိုင်းရင်းသားဝန်ကြီးနေရာအား ဒေါက်တာအောင်နိုင်ဝင်းတို့ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံသွားမည်ဖြစ်ကြောင်း သိရသည်။