ကချင်ပြည်နယ်ပြည့်သူပါတီ (KSPP) မူဝါဒနှင့် ရွေးကောက်ပွဲကတိကဝတ်များ

ကချင်ပြည်နယ်ပြည့်သူပါတီ (KSPP) မူဝါဒနှင့် ရွေးကောက်ပွဲကတိကဝတ်များ
by -
ခေါင်ညွယ် (KNG)

ကချင်ပြည်နယ်ပြည့်သူပါတီ (KSPP) သည် ရွေးကောက်ပွဲအနိုင်ရရှိပါက ပြည်သူလူထုသဘောထားအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ်ပြည်သူ့ပါတီမှ ဒု-ဥက္ကဌ ဦးအောင်ခမ်းက ကတိပြုပြောကြားခဲ့သည်။

 

“ကျနော်တို့က ပါတီအနေနဲ့ မဲအောင်နိုင်ခဲ့ရင် ပြည်သူတွေကို ပေးချင်တဲ့ကတိကဝတ်ဆိုတာထက် ပြည်သူတွေခိုင်းတဲ့ဟာ အကျိုးရှိမယ့်ဟာတွေကို ပြည်သူနဲ့အတူတစ်ကွပေါင်းပြီး လုပ်ကိုင်ချင်ပါတယ်။ ဒါကြောင့်မို့ ပြောချင်တာက ၂၀၂ဝ ရွေးကောက်ပွဲဟာ အရမ်းကို အရေးကြီးတယ်။ ပြည်သူလူထုတစ်ရပ်လုံးကိုလည်း မဲပေးဖို့ လိုလားပါတယ်” ဦးအောင်ခမ်းကပြောသည်။

 

ကချင်ပြည်နယ်ပြည်သူ့ပါတီသည် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်)၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ၊ ကချင်ဒီမိုကရက်တစ်ပါတီနှင့် ပြည်ထောင်စုတိုင်းရင်းသားများ ဖက်ဒရယ်ဒီမိုကရေစီပါတီဟူသည့် တိုင်းရင်းသားပါတီ လေးခုပေါင်းစည်းထားသောပါတီဖြစ်ပြီး လာမည့် ၂၀၂ဝ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်ရှိ မြို့နယ် ၁၈ မြို့နယ်၌ ဆော့်လော်မဲဆန္ဒနယ်မှလွဲ၍ ကျန်မြို့နယ်များအာလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

 

လာမည့် ၂၀၂ဝ အထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်ပြည်သူ့ပါတီအနေနှင့် ပြည်နယ်လွှတ်တော်နေရာအတွက် ၃၅ ဦး၊ပြည်သူ့လွှတ်တော်နေရာအတွက် ၁၈ ဦး၊ အမျိုးသားလွှတ်တော်နေရာအတွက် ၁၂ ဦး၊ ဗမာရေးရာဝန်ကြီးနေရာအတွက်တစ်ဦး၊ ရှမ်းရေးရာဝန်ကြီးနေရာအတွက်တစ်ဦး၊ စုစုပေါင်း ၆၇ ဦးဖြစ်ပြီး အမျိုးသမီးကိုယ်စားလှယ်လောင်း ၁၃ ဦးပါဝင်ကြောင်း သိရသည်။

 

ကချင်ပြည်နယ်ပြည်သူ့ပါတီသည် ကိုယ်စားလှယ်လောင်းရွေးချယ်ရာတွင်လည်း လုပ်ရည်ကိုင်ရည်ပေါ်မူတည်၍ အနိမ့်ဆုံးပညာအရည်အချင်းအဖြစ် ဘွဲ့တစ်ခုခုရရှိထားသူများကို ရွေးချယ်ထားခြင်းဖြစ်ပြီး ပါတီမူဝါအနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ပတ်သက်သည်များကို ချမှတ်ထားပြီး သေချာစီစစ်ရွေးချယ်ထားကြောင်း ဒု-ဥက္ကဌ ဦးအောင်ခမ်းကပြောသည်။

 

ကချင်ပြည်နယ်ပြည်သူ့ပါတီသည် လာမည့် ၂၀၂ဝ ရွေးကောက်ပွဲတွင် မဲအနိုင်ရရှိခဲ့ပါက ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ရန် မျှော်လင့်ထားပြီး ၎င်းတို့ ချမှတ်ထားသည့်မူဝါဒအား အတတ်နိုင်ဆုံး အကောင်ထည်ဖော်လုပ်ဆောင်မည်ဟု ဆိုသည်။

 

 

အဆိုပါ ပါတီအနေဖြင့် တပ်မတော်အား အရပ်သားအုပ်ချုပ်မှုအောက်တွင် ပရော်ဖက်ရှင်နယ်ဆန်ဆန် တာဝန်ထမ်းဆောင်စေလိုပြီး လွှတ်တော်ထဲမှလည်း ဆုတ်ခွာစေလိုသည့် သဘောထားများရှိနေသည်။

 

 

၂၀၁၅ ရွေးကောက်ပွဲကထက် ၂၀၂၀ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်ပြည်သူ့ပါတီအပေါ် ပြည်သူများ ပိုမိုယုံကြည်လက်ခံလာသဖြင့် ရွေးကောက်ပွဲအောင်နိုင်ခြေများမည်ဟု ပါတီက ယုံကြည်လျက်ရှိသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...