ကိုဗစ်ကာလ မဲဆွယ်ရေးအခက်အခဲနှင့် တိုင်းရင်းသားပါတီများ ရွေးကောက်ပွဲရွှေ့ဆိုင်းပေးရေး

ကိုဗစ်ကာလ မဲဆွယ်ရေးအခက်အခဲနှင့် တိုင်းရင်းသားပါတီများ ရွေးကောက်ပွဲရွှေ့ဆိုင်းပေးရေး

မဲဆွယ်စည်းရုံးရေးကို ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်များဖြင့် လုပ်ဆောင်ခွင့်ပေးသည့်အပေါ် တိုင်းရင်းသားပါတီတစ်ချို့ ဝေဖန်ပြောကြားလိုက်သည်။

ကျန်းမာရေးဆိုင်ရာကန့်သတ်ချက်များကြောင့် တိုင်းရင်းသားပါတီများအနေဖြင့် မဲဆွယ်စည်းရုံးရေးလုပ်ဆောင်ရာတွင် အခက်အခဲများကို ဖြစ်ပေါ်စေသည်သာမက ပါတီအောင်နိုင်ရေးအတွက်လည်း အဟန့်အတားဖြစ်စေသည်ဟုဆိုသည်။

“ဒီရောဂါအခြေအနေအရ ဒီလိုလုပ်လိုက်သည့်အတွက် တို့ပါတီတွေတော့ အခက်အခဲရှိတယ်ပေါ့။ တိုင်းရင်းသားပါတီတွေပဲ မဟုတ်ဘူး ပါတီကြီးတွေလည်း ဖြစ်မှာပါ။ တကယ်တမ်း စည်းကမ်း ဥပဒေကိုလိုက်နာမယ်ဆိုလို့ရှိရင်တော့ အခက်အခဲမျိုးစုံဖြစ်မှာပါ။ လူ ၅၀ လောက်နဲ့ အလုပ်မဖြစ်ဘူး။ စည်းရုံးခွင့်မရဘူး။ စည်းရုံးလို့ အခြေအနေမပေးဘူးဆိုလို့ရှိရင် လူထုတွေကလည်း တို့ပါတီရဲ့အခြေအနေကို မသိရဘူး။ ပြောပြလို့လည်း မရဘူးဆိုလို့ရှိရင် အောင်နိုင်ရေးအတွက်ကတော့ ဘယ်လိုပဲဖြစ်ဖြစ် အခက်အခဲကတော့ ရှိမှာပဲ။ စည်းရုံးပြောဆိုဆွေးနွေးညှိနှိုင်းလို့ ရတယ်ဆိုလို့ရှိရင်တော့ မဆိုးဘူးပေါ့။ ဆွေးနွေးပြောဆိုညှိနှိုင်းလို့မရဘူး။ ရရင်လည်း လူနည်းနည်းပါးပါးလောက်ပဲ ရမယ်ဆိုရင် ဒီအောင်နိုင်ရေးအတွက် အကျိုးမရှိဘူး” ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ KNDP ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပြောသည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲအတွက် စုဝေးဟောပြောခြင်း နှင့် မဲဆွယ်စည်းရုံးရေးကာလကို ရက်ပေါင်း ၆၀ (၂၀၂၀ခုနှစ်  စက်တင်ဘာ ၈ရက် နံနက် ၆:၀၀ နာရီမှ နိုဝင်ဘာ၆ရက် ည ၁၂:၀၀ နာရီအထိ) ခွင့်ပြုကြောင်း ပြည်ထောင်စု ရွေေးကာက်ပွဲ ကော်မရှင်က စက်တင်ဘာ ၆ ရက်က ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်ထဲတွင် သက်ဆိုင်ရာ နိုင်ငံရေးပါတီများ အနေဖြင့် မဲဆွယ်စည်းရုံးရာတွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်း ချုပ်ရေးဆိုင်ရာ ကျန်းမာရေး စံလုပ်ငန်းလမ်းညွှန် (Standard Opera ting Procedure – SOP) နှင့် သက်ဆိုင်ရာက အချိန်ကာလ/နေရာဒေသအလိုက် ထုတ်ပြန်သည့် ကျန်းမာရေးဆိုင်ရာ အမိန့်များ လမ်းညွှန်ချက်များလည်း လိုက်နာရမည် ဖြစ်သည်ဟု ထည့်သွင်းဖော်ပြထားသည်။

အဆိုပါ ကန့်သတ်ချက်များကြောင့် တိုင်းရင်းသား ပါတီများအနေဖြင့် မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ရာ တွင် အခက်အခဲများကို ဖြစ်ပေါ်စေသည်သာမက ပါတီအောင်နိုင်ရေးအတွက်လည်း အဟန့်အတားဖြစ်စေသည်ဟု ဆိုသည်။

ညီညွှတ်သော တိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ (UNDP) အထွေထွေအတွင်းရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နော်အုန်းလှက “အခုဟာက အခက်အခဲကတော့ သူတို့က Stay at home မြို့နယ်တွေ မသွားရဘူးလို့ ပြောထားတာလေ ဘာလုပ်လို့ရတော့မှာလဲ တကယ်တမ်းကျတော့လေ။ ရွေးကောက်ပွဲ အောင်နိုင်ရေးလုပ်ဖို့ကတော့ တော်တော်လေးခက်ခဲတယ် ဘာဖြစ်လို့လဲဆိုတော့ ရောဂါကြောင့်လဲ ရန်ကုန်တိုင်းမှာ ၂၈ မြို့နယ်လုံး ချပြီးပြီ ဘယ်လိုမှ သွားလို့မရဘူး သူတို့ကြေညာထားတဲ့ကိစ္စဖြစ်တယ်။ ၄၅ မြို့နယ်လောက်ရှိတဲ့ ရန်ကုန်တိုင်းမှာ ၂၈ မြို့နယ်ကို Stay at home လုပ်ပြီဆိုလို့ရှိရင် ကျန်တာ ဘာမှလုပ်လို့မရဘူးလေ” ဟုပြောသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ကလည်း ကိုဗစ်ကာလ ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်များကြောင့် စည်းရုံးရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် ပါတီ၏ မူဝါဒ ကတိကဝတ် သတင်းစကားများကို လူထုထံသို့ ရောက်ရှိအောင် ပြောဆိုစည်းရုံးနိုင်ရန် ခက်ခဲနေသည့် အနေအထားများအောက်တွင် ပါတီအောင်နိုင်ရေးကို ထိခိုက်စေနိုင်သည်ဟု SNLD အထွေထွေအတွင်းရေးမှူးချုပ် စိုင်းလိတ်ကပြောသည်။

“ကျနော်တို့ရဲ့ ပါတီရဲ့ သတင်းစကားတွေကို လူထုကြားထဲ ပြန့်နှံ့ရောက်ရှိအောင် စိတ်ထင်သလောက် မလုပ်နိုင်သလို လူထုကိုယ်တိုင်ကလည်းပဲ မဲထည့်ဖို့အတွက်ကို သိပ်ပြီး တက်တက်ကြွကြွ မရှိတော့ဘူးပေါ့ဗျား။ အဲဒါကြောင့်မို့လို့ ဒီ ၂၀၂၀ ရွေးကောက်ပွဲအပေါ်မှာ စိတ်ပါဝင်စားမှု အားနည်းစေနိုင်သလို ဆန္ဒမဲ ခိုင်လုံမှုကိုလည်းပဲ ထိခိုက်စေနိုင်ပါတယ်ခင်ဗျား” ဟု ၎င်းကပြောသည်။

ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်များ ရှိနေသော်လည်း နိုင်ငံရေးပါတီများအနေဖြင့် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ပါတီမဲဆွယ်စည်းရုံးရေးများကို လုပ်ဆောင်လျက်ရှိပြီး ထိုသို့ လုပ်ဆောင်ရာတွင် လူဦးရေ ကန့်သတ်ချက်များကြောင့်သော်လည်းကောင်း၊ ကျန်းမာရေးဆိုင်ရာ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကြောင့်သော်လည်းကောင်း မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ရာတွင် စိုးရိမ်မှု များ ရှိနေသည်ဟု တိုင်းရင်းသားပါတီများက ဆိုသည်။

ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ KySDP အတွင်းရေးမှူး ဦးသဲရယ်က “ကိုယ်ကလည်း တစ်ဖက်က ဒီလိုစည်းရုံးရေးဆင်းပြီးတော့မှ ရောဂါဖြန့်ဝေတဲ့ ပုံစံမျိုးဖြစ်သွားမှာလည်း စိုးရိမ်ရတာပေါ့နော်။ နောက်ပြီးတော့မှ ကျန်းမာရေးဝန်ကြီးဌာနကနေ ထုတ်ပြန်ထားတဲ့ သတ်မှတ်ချက်တွေ စည်းမျဉ်းစည်းကမ်းတွေကလည်း ကျနော်တို့က လိုက်နာဖို့ဆိုတဲ့နေရာမှာ အကာအကွယ်ပစ္စည်းတွေပေါ့ mask တို့ hand gel တို့ သုံးတဲ့နေရာမှာလည်း တစ်ချို့နေရာမှာဆိုရင် ကျွန်တော်တို့အတွက် အခက်အခဲရှိတယ်။ အဲလိုမျိုးတွေပေါ့ နောက်ပြီး တော့ တစ်ချို့ရွာတွေမှာလည်း အပြင်ကဧည့်သည် ရွာထဲဝင်လာတာမျိုးဆိုရင် စိုးရိမ်တာတွေရှိတယ်” ဟုပြောသည်။

လက်ရှိ အခြေအနေအမျိုးမျိုးကြောင့် လွတ်လပ်တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်မလာမည်ကို တိုင်းရင်းသားပါတီများက စိုးရိမ်နေကြသည်ဟု ဆိုသည်။

မွန်ညီညွှတ်ရေးပါတီ MUP မှ တွဲဖက်အထွေထွေအတွင်းရေးမှူး ၁ နိုင်လယီတမက “ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြီးကြပ်ဆောင်ရွက်သွားမယ်ဆိုလို့ရှိရင် တရားမျှတတဲ့ ရွေးကောက်ပွဲကို မထိခိုက်နိုင်ဘူးလို့ မျှော်လင့်တာပေါ့နော သို့သော်လည်း ခုနက ပါတီကြီး ပါတီငယ် မခွဲခြားပဲနဲ့ ပါတီတိုင်းအပေါ်မှာ တန်းတူသဘောထားပြီးတော့ ညွှန်ကြားချက်အတိုင်း ကြီးကြပ်ဆောင်ရွက်ပေးဖို့တော့ လိုအပ်တာပေါ့” ဟုပြောသည်။

ထိုကြောင့် ရွေးကောက်ပွဲအား ရွှေ့ဆိုင်းပေးရန် ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံစဉ်က အကြံပြုဆွေးနွေးခဲ့သည်ဟု နော်အုန်းလှက ပြောသည်။

“တိုင်းပြည်ရဲ့ အနာဂတ်အတွက် ရွေးကောက်ပွဲက အရေးကြီးတယ်။ ဒါပေမယ့်လို့ တိုင်းပြည်ကျန်းမာရေး ပိုအရေးကြီးပါတယ်လို့ အဲတော့ ကျွန်မအကြံပေးချင်တာက ကျန်းမာရေးကို ပြောမယ်ဆိုရင် ကျောင်းတက်တဲ့ ကျောင်းသားတွေက ကျောင်းနဲ့အိမ်ပဲသွားတာတောင်မှ နောက်ဆုံး ရောဂါတွေကူးကြတယ်။ အဲဒီအတွက် ဒီပါတီတွေအများကြီး မဲလျှောက်ဆွယ်မယ်ဆိုရင် လူ ၅၀ လည်းပေးထားတယ်။ အဲဒီအခါကျတော့ ဒီ ၅၀ က သွားလာတာ အုပ်စုအများကြီးနဲ့လေ အဲဒါရောဂါတွေ ပိုပွားစေတယ်။ ကျန်းမာရေးအရပြောရမယ်ဆိုရင် ကျမဒီလိုပဲမြင်တယ်။ အဲဒီအတွက် ကျွန်မတို့ကတော့ ရွေးကောက်ပွဲကို ရွှေ့ပေးစေချင်ပါတယ်လို့ ရွေးကောက်ပွဲကော်မရှင်ကို ပြောခဲ့ပါတယ် ဒါပေမယ့်လို့ သူတို့က မှတ်တမ်းတင်ထားမယ်လို့ ပြောတယ်ပေါ့နော်” ဟု ၎င်းကပြောသည်။

ဆိုရလျှင် ကိုဗစ်ကာလ မဲဆွယ်စည်းရုံးရေးနှင့်ပတ်သက်၍ အကန့်အသတ်ကြီးမားခြင်းက နိုင်ငံရေးပါတီတချို့အတွက် အခက်အခဲဖြစ်ပေါ်စေပြီး ပါတီများ၏ မူဝါဒများ၊ ကတိကဝတ်များ လူထုထံရောက်ရှိရန် မသေချာခြင်း၊ ပြည်သူများရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုနည်းပါးလာနိုင်ခြင်း၊ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလနှင့် ရွေးကောက်ပွဲနေ့ လူစုလူဝေးဖြစ်ပါက ရောဂါပိုမိုပြန့်နှံ့နိုင်ခြင်း စသည့် အချက်များကြောင့် ရွေးကောက်ပွဲအား အချိန်အတိုင်းအတာတစ်ခုအထိ ရွှေ့ဆိုင်းရန် တိုင်းရင်းသားပါတီတချို့က လိုလားနေခြင်းဖြစ်သည်။

July 3, 2021
“ဒီမှာဘဲနေပြီး ဒီမှာပဲသေမယ် ရွာပြန်မနေတော့ဘူး။ ကျမလုံး၀ ပြန်မနေချင်တော့ဘူး။ အရမ်းကြောက်တယ်။ သူ...
June 19, 2021
စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက်မှာ ရှမ်းပြည်နယ်အတွင်း CDM လှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့...
January 26, 2021
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့အတွက် အရေးအကြီးဆုံးအချက်က တိုင်းရင်းသား...
January 21, 2021
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုတွေကို ဖေဖော်ဝါရီ ၁...