လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံပေါင်း ၅၀၀ စောင့်ကြည့်ရန်လျာထားကြောင်း ရခိုင်ပြည်ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်လေ့လာရေးအဖွဲ့မှ သိရသည်။
“ကျနော်တို့ စောင့်ကြည့်မယ့်မဲရုံအရေအတွက်က ၅၀၀ လျာထားပါ တယ်။ မဲရုံစောင့်ကြည့်မယ့်လူတွေကိုလည်း ဆင့်ပွားသင်တန်းတွေပေးဖို့တော့ ပြင်ဆင်ထားတယ်။ အဲဒီမဲရုံ ၅၀၀ အတွက်တော့ အနည်းဆုံးမဲရုံ စောင့်ကြည့်မယ့်လူ ၅၀၀ နီးနီးလောက်ကို ပေးမှာပေါ့” ဟု ရခိုင်ပြည်ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်လေ့လာရေးအဖွဲ့မှ ဒါရိုက်တာအဖွဲ့ဝင် ဦးခိုင်ကောင်းစံကပြောသည်။
အဆိုပါအဖွဲ့အနေဖြင့် ရွေးကောက်ပွဲစောင့်ကြည့်ရေးကို ရခိုင်ပြည်နယ်တောင်ပိုင်းတွင် အဓိက ဦးစားပေးလုပ်ဆောင်ရန် လျာထားပြီး ထိုသို့ ရခိုင်တောင်ပိုင်းကို အဓိကဦးစားပေးရခြင်းသည် ရခိုင်မြောက်ပိုင်း၌ တိုက်ပွဲများ ဖြစ်ပွားနေခြင်း၊ နေရပ်ကိုစွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များ တိုးလာနေခြင်း၊ ပြည်သူများအနေဖြင့် ရွေးကောက်ပွဲအပေါ်တွင် စိတ်ဝင်စားမှုနည်းပါးနေခြင်းတို့ကြောင် အဆိုပါနေရာများတွင် ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း ယူဆသည့်အတွက်ကြောင့် ဖြစ်သည်ဟုဆိုသည်။
ထိုအဖွဲ့အနေဖြင့် လက်ရှိတွင် နိုင်ငံရေးပါတီများ၏ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ချက်များကို အသေးစိတ် စောင့်ကြည့်ရန် စီစဉ်ထားပြီး လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲတစ်ခု ဖြစ်/မဖြစ်ကို အထူးအလေးထား စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ဦးခိုင်ကောင်းစံက ဆက်လက်သည်။
“ကျနော်တို့ စောင့်ကြည့်မယ်ဆိုရင် နိုင်ငံရေးပါတီတွေရဲ့ စည်းရုံးလှုံဆော်မှုတွေ၊ ပါတီတစ်ခုနဲ့တစ်ခု တိုက်ခိုက်ပြီး ပြောဆိုမှုတွေ၊ နောက်ဗီနိုင်းထောင်တာတွေက အစပေါ့။ အဲဒီကနေ ရွေးကောက်ပွဲနေ့မှာ မဲရုံတွေ တည်ဆောက်ပုံစနစ်ကျရဲ့လား၊ နောက် တရားမျှတပြီးမှ လွတ်လပ်တဲ့ ရွေးကောက်ပွဲတစ်ခုဖြစ်ရဲ့လားပေါ့၊ အဲတာမျိုးတွေအထိ စောင့်ကြည့်မှာပါ” ဟု၎င်းကပြောသည်။
ယခုအခါ ပါတီများမဲဆွယ်စည်းရုံးခွင့် ရရှိနေပြီဖြစ်သော်လည်း ရခိုင်ပြည်နယ်တွင် မြို့နယ်များကို Stay at home သတ်မှတ်ထားသည့်အတွက် နိုင်ငံရေးပါတီများ မဲဆွယ်ရေးအတွက် ခက်ခဲနေလျက်ရှိကြောင်း သိရသည်။
ရခိုင်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တစ်ဆယ့်ခြောက်သိန်းလေးသောင်းကျော်ရှိပြီး မဲရုံစုစုပေါင်း ၂၅၉၆ ရုံဖွင့်လှစ်ရန် စီစဉ်ထားကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှသိရသည်။