ကယားတိုင်းရင်းသားများ ဒေသခံပါတီများကိုသာ ဝန်းရံပေးရန် ကယားကိုယ်စားလှယ်လောင်းများ တိုက်တွန်း

ကယားတိုင်းရင်းသားများ ဒေသခံပါတီများကိုသာ ဝန်းရံပေးရန် ကယားကိုယ်စားလှယ်လောင်းများ တိုက်တွန်း
by -
နော်ဒွေးအယ်ခူ (KT)

၂၀၂၀ ရွေးကောက်ပွဲတွင် ကယားတိုင်းရင်းသားများ ဒေသခံပါတီများကိုသာ ဝန်းရံပေးရန် ကယားကိုယ်ယ်စားလှယ်လောင်းများက တိုက်တွန်းပြောကြားခဲ့သည်။

ကယားပြည်နယ်အခြေစိုက် ပါတီတစ်ခုဖြစ်သည့် ကယန်းအမျိုးသားပါတီမှ ဒီမော့ဆိုမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ခွန်းမြင့်နိုင်က “ဒေသခံပါတီကိုယ်တိုင် ရုန်းထရမယ့်အချိန်ကာလဖြစ်တယ်။ ဒေသခံလူထုတွေအတွက် ဒေသခံပါတီဟာ အရေးကြီးတယ်။ အရေးကြီးတဲ့အတွက်ကြောင့်မလို့ ဒီပါတီက အားကောင်းကောင်းနဲ့ ရုန်းထဖို့လိုနေတဲ့အချိန်မှာ ပြည်သူလူထုက ဝန်းရံအားပေးဖို့လိုပါတယ်။ ပြည်သူလူထုမပါဘဲနဲ့တော့ ဒေသခံပါတီအားကောင်းလာဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါကြောင့်မလို့ ဒီ ၂၀၂၀ ရဲ့နိုင်ငံရေးအချိုးအကွေ့ဟာ အရေးကြီးတဲ့အတွက်ကြောင့် ပြည်သူလူထုတွေ ကျွန်တော်တို့ဒေသခံပါတီကို မဲပေးသင့်တယ်” ဟုပြောသည်။

ကယားပြည်နယ်တွင် မြို့နယ် ခုနစ်မြို့နယ်၌ မဲဆန္ဒနယ် ၃၄ နေရာရှိသည့်အနက် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီသည် နေရာ ၃၀ တွင် ဝင်ပြိုင်သွားမည်ဖြစ်ပြီး ကယန်းအမျိုးသားပါတီက လေးနေရာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်‌ကာ ၎င်းပါတီနှစ်ခုသည် မဟာမိတ်ဖွဲ့ထားသည့် ပါတီများဖြစ်ကြောင်း သိရသည်။

အဆိုပါ ပါတီများအနေဖြင့် ‌ရွေးကောက်ပွဲတွင် အောင်နိုင်ပါက ပြည်နယ်ငြိမ်းချမ်းရေးဖြစ်စဉ်များ ဆက်လက်ထိန်းသိမ်းရန်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများတွင် ပိုမိုအဆင်ပြေချောမွေ့နိုင်ရန် ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ပြီး လူငယ်များ၏ အလုပ်အကိုင်အခွင့်အလမ်းနှင့်ပတ်သက်၍လည်း ပါတီ၏မူဝါဒနှင့်အညီ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

“ပြည်သူတွေနဲ့တစ်သားတည်းပေါ့လေ မခိုးဘူး။ ကိုယ့်ရဲ့ပြည်နယ်အတွက် အတတ်နိုင်ဆုံး ငြိမ်းချမ်းရေးနဲ့ ဒေသန္တရအုပ်ချုပ်ရေးကို အကောင်းဆုံးလုပ်သွားမယ်ဆိုတဲ့ကတိတော့ ကျွန်တော်ပေးပါတယ်” ဟု ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီမှ ကိုယ်စားလှယ်လောင်းခူးပလုရယ်က‌ ပြောသည်။

ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီမှ ကိုယ်စားလှယ်လောင်းခူးပလုရယ်သည် ဒေသ၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ထဲထဲဝင်ဝင် ပါဝင်လှုပ်ရှားနေသူတစ်ဦး ဖြစ်သည့်အပြင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ဌာနေတိုင်းရင်းသားများ၏ စာပေ၊ ယဉ်ကျေးမှု၊ ဘာသာစကားများကို ပိုမိုမြှင့်တင်နိုင်ရန်ရည်မှန်း၍ ၎င်းအနေဖြင့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါပါတီများတွင် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီသည် ၂၀၂၀ ရွေးကောက်ပွဲကို ပထမဆုံး ဝင်ပြိုင်မည့်ပါတီဖြစ်ပြီး ကယန်းအမျိုးသားပါတီအနေဖြင့် ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ၁၄ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တစ်နေရာမှ အနိုင်မရှိခဲ့ပေ။

ကယားပြည်နယ် မဲဆန္ဒနယ်အသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီ ၁၃ ပါတီ၊ လွှတ်တော်ကိုယ်စားလှယ် လောင်း ၂၇၂ ဦးရှိကြောင်း ပြည်နယ်ရွေးကောက်ကော်မရှင်၏ သြဂုတ် ၃၀ ရက် ထုတ်ပြန်ကြေညာချက်အရ သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...