ကိုဗစ်ကာလ မဲဆွယ်စည်းရုံးရေးအတွက် ရက်ပေါင်း ၆၀ သတ်မှတ်ပေးခြင်းက အခွင့်အရေးများစွာဆုံးရှုံးကြောင်း နိုင်ငံရေးပါတီတချို့က ဝေဖန်လိုက်သည်။
“ကိုဗစ်ကာလမှာ မဲဆွယ်စည်းရုံးရေးကို ရက်ပေါင်း ၆၀ ပဲလုပ်တယ်ဆိုရင် မဲဆွယ်စည်းရုံးရမှာ တော်တော်လေးကို အခက်ခဲဖြစ်မယ်။ အဲဒါကြောင့် ရက်ပေါင်း ၆၀ ဘဲမလုပ်ဘဲနဲ့ ရက်ပေါင်း ၉၀ လုပ်ပေးပါလို့ အကြိမ်ကြိမ်တောင်းဆိုခဲ့တယ်။ မဲဆွယ်စည်းရုံးရေးကာလ တိုတောင်းလေလေ မဲဆွယ်စည်းရုံးဖို့ ခက်ခဲလေလေ။ အတိုက်ခံပါတီတွေက နစ်နာလေလေဖြစ်တယ်။ အနိုင်ရပါတီအတွက် အခွင့်ရေးပိုရတယ်ပေါ့။ ဒါကတော့ သီအိုရီတစ်ခုပေါ့။ နိုင်ငံတိုင်းမှာလည်း ဒါကတော့ အမှန်တရားတစ်ခုပါဘဲ။ အခုအစိုးရကလည်း အဲလိုပုံစံဖက်ကို လိုလားနေတယ်။ မဲဆွယ်စည်းရုံးရေးကာလကိုလည်း ရက်မရွှေ့ချင်ဘူး။ အနိုင်ရပါတီအတွက်က ထက်ဝက်ကျော် အသာစီးရသွားတဲ့ပုံစံဖြစ်နေတယ်” ဟု ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (CNLD) ၏ အထွေထွေအတွင်းရေးမှုး ဆလိုင်းကျဲအိုဘိခ်ထောင်က ပြောသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာတို့နှင့် စပ်လျဉ်းသည့် ကိစ္စနှင့် မဲဆွယ်စည်းရုံးခွင့်ကာလကို ရက်ပေါင်း ၆၀ ခွင့်ပြုကြောင်း စက်တင်ဘာ ၆ ရက်က ထုတ်ပြန်ခဲ့သည်။
ကိုဗစ်ကာလ ရွေးကောက်ပွဲကို အတတ်နိုင်ဆုံး နောက်ကျကျင်းပ၍ မဲဆွယ်ကာလအား ပိုမိုပေးရန်တောင်းဆိုမှု မအောင်မြင်သော်လည်း ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်များကို လိုက်နာသွားမည်ဖြစ်ကြောင်း ဆလိုင်းကျဲအိုဘိခ်ထောင်က ပြောသည်။
“ရွေးကောက်ပွဲကို အတတ်နိုင်ဆုံး နောက်ကျပြီး ကျင်းပပေးဖို့ အမြဲတောင်းဆိုတယ်။ နို၀င်ဘာလကုန်၊ ဒီဇင်ဘာလမှာ ကျင်းပလို့ရတာပဲ။ ရွေးကောက်ပွဲကို ၂၀၂၀ မှာပဲ ကျင်းပရမယ်လို့လည်း ဥပဒေမှာမရှိပါဘူး။ ကိုဗစ်ရောဂါပိုးက ပိုအရေးကြီးနေတယ်။ ရွေးကောက်ပွဲကို အလောတကြီး နို၀င်ဘာလဆန်းပိုင်းမှာ ကျင်းပတာမဖြစ်သင့်ပါဘူး။ ကျန်းမာရေးနဲ့အားကစား၀န်ကြီးဌာနက ထုတ်ပြန်တဲ့ဟာတွေကိုတော့ ကျွန်တော်တို့ အတတ်နိုင်ဆုံး လိုက်နာသွားဖို့ရှိပါတယ်” ဟု၎င်းကပြောသည်။
ရွေးကောက်ပွဲကော်မရှင်၏ မဲဆွယ်စည်းရုံးရေးကာလက အဆင်မပြေသည့်အပြင် အစိုးရအဖွဲ့နှင့် ရွေးကောက်ပွဲကော်မရှင်တို့အနေဖြင့် ကိုဗစ်ကာလကို နိုင်ငံရေးအရ မကစားရန်အရေးကြီးကြောင်း ချင်းပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဒေါက်တာမှုထန်းက ပြောသည်။
“မဲဆွယ်စည်းရုံးရေးကို လူငါးဆယ်မကျော်ရလုပ်သလို တစ်ယောက်နဲ့တစ်ယောက် ခြောက်ပေအကွာ ထိုင်ရမယ်ဆိုပြီးလုပ်တော့ မလွယ်ဘူး။ မဲဆွယ်ကာလမှာ လာနားထောင်တဲ့သူတွေ များနိုင်တယ်လေ။ ကန့်သတ်ချက်ကြောင့် လာနားမထောင်နိုင်တဲ့သူတွေ ရှိမှာဆိုတော့ အဆင်မပြေဘူး။ ကျန်းမာရေးနဲ့အားကစား၀န်ကြီးဌာနက ထုတ်ပြန်တဲ့ဟာဆိုတာ သတိထားဖို့တော့လိုပါတယ်။ အရေးကြီးဆုံးက အစိုးရကဖြစ်ဖြစ်၊ ရွေးကောက်ပွဲကော်မရှင်ကဖြစ်ဖြစ် နိုင်ငံရေးမကစားဖို့က အရေးအကြီးဆုံးပါပဲ။ ဒီကပ်ကာလကို နိုင်ငံရေးအရ ကစားရင်တော့ မကောင်းဘူးပေါ့။ ကိုယ်ကလူစုလူဝေးလုပ်ပြီး အရေးမယူတာတွေရှိပြီး တရားဟောဆရာ ဒေဗစ်လားကိုကျတော့ ထောင်ချတယ်။ ဒါမျိုးကျတော့ မကောင်းဘူး” ဟု ၎င်းက ပြောသည်။
ကိုဗစ်ကာလ မဲဆွယ်စည်းရုံးရေးအတွက် အအခက်အခဲဖြစ်ပေါ်နေသည့် ပါတီများရှိသလို အခက်အခဲမဖြစ်သည့် ပါတီများလည်းရှိနေပြီး ညီညွတ်သော အမျိုးသားဒီမိုကရက်တစ်ပါတီအနေဖြင့် ကော်မရှင်ကထုတ်ပြန်သည့် မဲဆွယ်စည်းရုံးရေးထုတ်ပြန်ချက်နှင့် ပတ်သက်၍ အခက်အခဲမရှိဟု ဆိုသည်။
“ကျွန်တော်တို့ပါတီက သိပ်အခက်အခဲတော့မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ မဲဆွယ်စည်းရုံးတဲ့နေရာက များသောအားဖြင့် တောင်သူများတဲ့အတွက် အများကြီး စုဝေးလို့မရဘူး။ နောက်ပြီး ပါတီက တစ်ခုတည်း စည်းရုံးရေး၀င်လုပ်တာမဟုတ်တော့ လူစုလူဝေးသိပ်ပြီး ဖြစ်နိုင်စရာမရှိဘူး။ အဲဒါကြောင့် ရွေးကောက်ပွဲကော်မရှင်ကနေ ထုတ်ပြန်တဲ့ စည်းမျဉ်းစည်းကမ်းနဲ့ပတ်သက်ပြီး သိပ်ပြီး အခက်အခဲမရှိဘူး” ဟု ညီညွတ်သော အမျိုးသားဒီမိုကရက်တစ်ပါတီကိုယ်စားပြု၍ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် အမျိုးသားလွှတ်တော်နေရာအတွက် ၀င်ရောက်ယှဉ်ပြိုင်မည့် ဦးမနားရှင်းက ပြောသည်။
Published
Friday, September 11, 2020
ကိုဗစ်ကာလတွင် မဲဆွယ်စည်းရုံးရေး ရက်ပေါင်း ၆၀ သတ်မှတ်သည့်အပေါ် ပါတီတချို့ဝေဖန်