၂၀၂၀ ရွေးကောက်ပွဲအလွန် အပြန်အလှန်ထိန်းချုပ်နိုင်မည့် ညွန့်ပေါင်းအစိုးရ ဖြစ်ပေါ်လာရန် မွန် နိုင်ငံရေးလေ့လာသူများ မျှော်လင့်လျက်ရှိကြောင်း ပြောသည်။
“ညွန့်ပေါင်းဆိုရင် NLD ပါတီလည်း လက်လွတ်စပယ် မလုပ်နိုင်တော့ဘူး။ ပြည်ခိုင်ဖြိုးပါတီကိုရော၊ တိုင်းရင်းသား ပါတီတွေကိုပါ ရှိန်နေမယ်။ ဒီအတိုင်းပါပဲ ပြည်ခိုင်ဖြိုးပါတီကလည်း လက်လွတ်စပယ် မလုပ်ရဲတော့ဘူး။ NLD နဲ့ တိုင်းရင်းသားပါတီတွေကို သတိထားနေရမယ်။ တိုင်းရင်းသားပါတီတွေကလည်း လက်လွတ်စပယ်လုပ်ဖို့ မဖြစ်နိုင်ဘူး” ဟု မွန်နိုင်ငံရေးလေ့လာသုံးသပ်သူ နိုင်ဗညားဂဂျော့က ပြောသည်။
လက်ရှိ NLD အစိုးရ လက်ထက်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ရလာဒ်ကောင်းများ မထွက်ပေါ်သည့်အတွက် တိုင်းရင်းသားများကလည်း NLD အပေါ် ယုံကြည်မှု မရှိတော့ကြောင်း ၎င်းက ဆိုသည်။
၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပဲများတွင် အင်အားကြီး ပါတီ များကသာ အစိုးရ ဖွဲ့နိုင်ခဲ့သော်လည်း တိုင်းရင်းသားများအတွက် အခွင့်အရေးနှင့် ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ခဲ့ဟု မွန်စာရေးဆရာအသင်းဥက္ကဋ္ဌ နိုင်အောင်ဇနက ဆိုသည်။
“ငြိမ်းချမ်းတဲ့ပြည်ထောင်စုကို တည်ဆောက်မယ်လို့ ပြောနေပေမဲ့လည်း မရနိုင်ပါဘူး။ လက်ရှိအာဏာရပါတီကို ဗမာအချင်းချင်းတောင် လက်မခံနိုင်ဘူးဆိုရင် တိုင်းရင်းသားလူမျိုးတွေမှာ အချင်းချင်းပူးပေါင်းသွားဖို့လိုတယ်” ဟု နိုင်အောင်ဇနက ဆိုသည်။
လာမည့် ၂၀၂၀ ရွေးကောက်ပွဲမှာ ညွှန်ပေါင်းအစိုးရ အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က စဉ်းစား ထားခြင်း မရှိကြောင်း ပြောကြားထားသည်။
နိုင်အောင်ဇနက “တိုင်းရင်းသားလူမျိုးတွေအနေနဲ့ မိမိလူမျိုးကိုပဲ မဲပေးမယ်ဆိုရင် အဲဒီပြည်နယ်မှာ လွှတ်တော်အမတ် များများရမယ်ဆိုရင် အဲဒီအမတ်တွေ ပြည်နယ်အတွက် အကျိုးပြုလုပ်ငန်းတွေ လုပ်လို့ရတယ်။ ပြည်နယ်တိုးတက်မှု ရှိလာမယ်” ဟု သုံးသပ်သည်။
မွန်ပြည်နယ်တွင် မဲဆန္ဒနယ်မြေ ၄၅ နေရာရှိသည့်အနက် မွန်ညီညွှတ်ရေး ပါတီက ၃၅ နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ညီညွှတ်သော ဒီမိုကရေတစ်ပါတီတို့က နေရာအပြည့် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်းနှင့် ၎င်းပြည်နယ် မဲဆန္ဒနယ်မြေများတွင် ပါတီ ၁၇ ပါတီမှ ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလောင်း စုစုပေါင်း ၃၀၂ ဦး ဝင်ရောက်အရွေးခံမည်ဖြစ်ကြောင်း သိရသည်။